>Rangoon Street Journalist – Feature about water and electricity without them

>

ရေနဲ့ မီး မလာလို့ ရေနဲ့ မီးအကြောင်းပဲ ပါတဲ့ ဒီနေ့ ရန်ကုန်ဒိုင်ယာရီ
လမ်းလျောက်ဂျာနယ်လစ်၊ ရန်ကုန်
မေတ်လ ၁၅၊ ၂၀၁၀
မီးစက် ကယ်ပါ …
ညသန်းကောင် ကတည်းက ပျက်သွားတဲ့လျှပ်စစ်မီး ပြန်မလာသေး၊ အိမ်မှာရှိတဲ့ရေကိုလည်း ချွေတာသုံးနေရတယ်။ မီးလာတိုင်းလည်း ရေစုပ်တင်၍ရမည် မရမည် မသေချာပါ။
လျှပ်စစ်မီး လာချိန်က တိုလွန်းသဖြင့် စီးပွားရေး လုပ်ငန်းမလုပ်တဲ့သူတွေတောင် ခါတိုင်းလို အင်ဗာတာနဲ့ မီးထွန်းပြီး အီးပီစီမီးလာမှ ရေစုပ်တင်၍ ရမည့် အခြေအနေမဟုတ်တော့။ ကိုယ်ပိုင်မီးစက်ရှိထားမှသာ လျှပ်စစ်မီး မလာတဲ့အချိန် ရေပိုက်ထဲရေလာနေလျင် စုပ်တင်နိုင်မည်တာကြောင့်ပင်။
ရန်ကုန်မြို့ရဲ့ အိမ်သုံး လုပ်ငန်းသုံး မီးစက်အသေးနဲ့ အလတ်တွေရောင်းတဲ့ ပုဇွန်တောင် ကြက်တန်းမှာတော့ ယခုရက်ပိုင်း မီးစက်ဝယ်သူတွေနဲ့ ပိုပြီးစည်ကားနေကြတာ တွေ့ရတယ်။ ကျပ် တစ်သိန်းကျော်တန် မီးစက်ဖြင့်တော့ ရေစုပ်တင်လို့ မရနိုင် ကျပ် ၃၊၄ သိန်းတန် တရုတ် မီးစက်တွေနဲ့မှပဲ ရေစုပ်တင်လို့ရမည့် အခြေအနေရှိသည်။
ကြံ့ဖွံ့ ကယ်ပါ …
အသက်ရှင်ရေး အတွက်ရေလိုသည်။ နေ့စဉ်ချက်ပြုတ်၊ လျှော်ဖွတ်ဖို့အတွက် ရေမရှိလို့မဖြစ်၊ လူထုရဲ့ မေတ္တာကို ခံယူချင်တာလား မဲလိုချင်တာလား မသိတဲ့ ကြံ့ဖွံ့က တူးထားတဲ့ စက်ရေတွင်းတွေလည်း ရန်ကုန်မြို့လည်မှာ ဟိုနားသည်နားမှာ တွေ့နေရတယ်။
မနက်တိုင်း မီးစက်ကိုနှိုးပြီး တွင်းထဲကရေတွေကို လမ်းမမှာ ဖေါက်ချနေတာကို တွေ့ရတယ်။ လူတွေဒုက္ခ မရောက်သေးလို့ ဒုက္ခရောက်ရင် ကယ်မယ်ဆိုတဲ့ သဘောနဲ့ ဟန်ရေးပြနေသလားတော့ မသိ။
ဒီနေ့တော့ အဲဒီ ကြံ့ဖွံ့စက်ရေတွင်းတွေနဲ့ တွဲထားတဲ့ ရွှေ့ပြောင်းနိုင်တဲ့ မီးစက်တွေကိုလိုက်သိမ်းနေပြီ။ စက်ရေတွင်းကို လျှပ်စစ်မီးလိုင်းနဲ့ ကြိုးသွယ်နေတာလည်း တွေ့ရတယ်။ ဘာလုပ်ဦးမယ်မသိ။ လူတွေ ကြံ့ဖွံ့ကယ်ဆယ်တဲ့ အဖြစ်မျိုးကို ပြသချင်တာနဲ့ လူတွေ ဒုက္ခရောက်အောင် မီးဖြတ်၊ ရေဖြတ်လုပ်နေတာလား လို့တောင်ယူဆရတယ်။
ပုံမှန်အတိုင်း မီးလာတချက် မလာတချက်လောက်ဆိုရင် ရေပိုက်ထဲမှာလည်း ရေတွန်းထားတယ်ဆိုရင် ရန်ကုန်သူ၊ ရန်ကုန်သားတွေ အသက်ရှင်နေနိုင်သေးတာမို့ ဒိထက်ဒုက္ခရောက်အောင် လုပ်ပြီးမှ ကြံ့ဖွံ့စက်ရေတွင်းတွေ အသုံးကျအောင် လုပ်မလားလို့ ရန်ကုန်သားတချို့က သံသယရှိကြတယ်။
သတင်းစာ နာရေးစာမျက်နှာချည်းပဲ ၃ မျက်နှာ – တနေ့ လူ ၇၀ ကျော်
အပူရှိန်ကလည်း တနေ့ထက်တနေ့ ပိုပူလာသလို ခံစားနေကြရတယ်။ မီးမလာ၊ ရေမလာနဲ့ အလုပ်လုပ်ဖို့ရာတောင် စိတ်မပါကြတော့။ ညလည်း သန်းကောင်မှ မနက် အရုဏ်ထိတယောက်တလှည့်  လျှပ်စစ်မီးကို စောင့်ပြီးရေတင်ဖို့ လုပ်ကြရတယ်။ အိပ်ရေးပျက်တာနဲ့ပဲ နောက်နေ့တွေမှာ အလုပ်ကောင်းကောင်း မလုပ်နိုင်ကြတော့။
အသက်ကြီးသူ ၊ ကျန်းမာရေး မကောင်းသူတွေ တဖြုတ်ဖြုတ်ကြွေနေကြတယ်။ ရန်ကုန် သုဝဏ္ဏမှာ နေသူ က သူတို့လမ်း တစ်လမ်းထဲ မနေ့က အသက်ကြီးတဲ့သူ ၃ယောက် ကွယ်လွန်တယ်တဲ့။ ပူပြင်းလွန်းတဲ့ ဒဏ်မခံနိုင်ကြတော့လို့ ကွယ်လွန်နေကြတာ။ ဘယ်လိုမှ မတတ်နိုင်၊ လျှပ်စစ်မီးလာရင်တော့ လေအေးစက် တပ်ဆင်တာ၊ ပန်ကာနဲ့ သက်သာအောင် လုပ်နိုင်သေးပေမယ့် အခုလို လျှပ်စစ်မီးကပါ ပိုအခြေအနေ ဆိုးနေလေတော့ အသက်ကြီးသူတွေရဲ့ အသက်ဘေးကို ဘယ်လိုမှ သက်သာအောင် မကြိုးစားနိုင်ကြတော့။
လွန်ခဲ့တဲ့ ၃ရက်က မြန်မာ့အလင်းသတင်းစာ နောက်ဆုံးစာမျက်နှာကို ကြည့်လိုက်တဲ့အခါ နာရေး နဲ့ ၀မ်းနည်းကြောင်း ကြော်ငြာတွေချည်း ၃ မျက်နှာပြည့်၊ လူအရေအတွက်ကို ရေကြည့်တဲ့အခါ ၇၀ ၀န်းကျင်ရှိတယ်။ အသက် ၇၀ တွေ၊ ၈၀ ကျော်တွေ နှစ်တွေက အများစုဖြစ်နေတာ တွေ့ရတယ်။
နာရေး ကူညီမှု အသင်းကလည်း မေလဆန်းခါစက တရက်ကို နာရေးကူညီပေးရသူ ၅၀ လောက်ထိ မြင့်တက်လာရာ ကနေ အခုမေလလယ်ထဲမှာ သေဆုံးသူ ၇၀ လောက်ထိ အမြင့်ဆုံးကူညီရတာ ရှိတယ်လို့ ဂျာနယ်တစ်စောင်ကို ဒေါ်သန်းမြင့်အောင်က ပြောတယ်တဲ့။
ရေဝေးသုဿန်ဘက် တစ်ခြမ်းထဲတင် တရက်ကိုမီးသဂြိုဟ်သူ ၇၀ နီးပါးအထိ မြင့်လာနေတယ်လို့လည်း အဆိုပါ ဂျာနယ်မှာ ဖေါ်ပြထားသေးတယ်။
ကြားရတဲ့ သတင်းတွေက အားလုံးနီးပါး စိတ်မချမ်းသာစရာတွေချည်းပါ။
ပြည်သူတွေ အချင်းချင်း ရိုင်းပင်းကြပါ …
စိတ်ချမ်းမြေ့စရာ ကျေနပ်စရာဆိုလို့ ရေအခက်အခဲ ဖြစ်တဲ့ မြို့ရွာတွေ ရပ်ကွက်တွေဆီ စေတနာရှင်တွေ စုပြီး ရေသွားလှူကြတဲ့ သတင်းပါ။ ဒီနေ့ စနေနေ့ဖြစ်လို့ စုပြီး ပဲခူးဘက် ရေသွားလှူကြသူတွေ ရှိတာသိရပါတယ်။ ရန်ကုန်နဲ့ အနီးဆုံး ဒလမှာလည်း ရေပြတ်လပ်နေလို့ နေ့စဉ်သွားလှူနေကြတာတွေ ကြားရတာက စိတ်ချမ်းမြေ့စရာပါ။
နာဂစ်တုန်းကလို လူသိန်းနဲ့ သန်းနဲ့ ဒုက္ခရောက်တာမျိုးမဟုတ်တောင်မှ အခုဖြစ်ပျက်နေတဲ့ ရေရှားပါးမှုဒဏ်ကို လူဦးရေ သောင်းနဲ့ သိန်းနဲ့ ခံစားနေကြရတာတော့ အမှန်ပါပဲ။
၂၀၁၀ ရွေးကောက်ပွဲ ၀င်မယ့် အမတ်လောင်းတွေ၊ ပါတီတွေ “ကယ်ပါ …”
လာမယ့်ရွေးကောက်ပွဲမှာ ၀င်မယ့် ပါတီတွေ၊ နိုင်ငံရေး သမားတွေ ယခုလို လူတွေ အပူဒဏ်ခံနေရတဲ့ ဒုက္ခ၊ လျှပ်စစ်မီး ပြတ်တောက်နေတဲ့ ဒုက္ခ၊ ရေရှားပါးလို့ အသက်ရှင်ရေး ခက်ခဲနေတဲ့ အခြေအနေတွေကို ဘယ်လို ၀ိုင်းဝန်းဖြေရှင်းပေးကြမှာလဲ။ အရွေးခံရမှ၊ လွှတ်တော်ထဲရောက်မှ ရေဒုက္ခ၊ မီးဒုက္ခကို ဖြေရှင်းပေးမှာလား။ အခုလို လူထုဆီက ဆန္ဒမဲတောင်းခံချိန်မှာ လူတွေရဲ့ ဒုက္ခကိုရော ကိုယ်ချင်းစာနာပြီး ဖြေရှင်းပေးဖို့ ရည်ရွယ်ချက်ရှိလား လို့မေးခွန်းမေးချင်စိတ်ပေါ်လာပါတယ်။
အခုလို စာရေးနေတုန်းပဲ လျှပ်စစ်မီး ရုတ်တရက် ကောက်လာလို့ အချက်ပေးခေါင်းလောင်း တပ်ထားတဲ့သူတွေလည်း ခေါင်းလောင်းထမြည်ပြီး မီးလာပြီတေ့၊ လုပ်စရာရှိတာ မြန်မြန်လုပ်ကြ၊ ဒီမီးက တနာရီခံရင်ကံကောင်းဆိုလို့ စာရေးတာ ခဏရပ်ပြီး ဘက်ထရီအားသွင်းဖို့၊
ရေတင်ဖို့ ကြိုးစားရပါတော့တယ်။
(ဓာတ်ပုံ – ဒေးလိုက်ဖ်ဒေါ့ကွန်၊ မေ ၁၃၊ ဒလကျေးရွာက ရေတန်းစီနေသူ မိန်းကလေးတဦး)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts