>Heat Waves in Rangoon cost lives

>

အပူဒဏ်ကြောင့် သေဆုံးသူများပြားနေ အစိုးရ၏ သတိပေးချက် မလုံလောက်
မိုးမခ အထောက်တော်၊ ရန်ကုန်
မေ ၁၆၊ ၂၀၁၀
ရက်သတ္တပတ် ၇ပတ်နီးပါး အပူရှိန် ဆက်တိုက်မြင့်တက်မှုကြောင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ရုတ်တရက် သေဆုံးမှု ပိုမိုမြင့်တက်လာနေပြီး အစိုးရအနေဖြင့် လုံလောက်သည့် သတိပေးမှု ပညာပေးမှု ၊ အပူဒဏ်သက်သာရန် ဆောင်ရွက်ပေးမှုများ မရှိဟု ရန်ကုန်မြို့ခံတချို့ကဝေဘန်ပြောဆိုလိုက်သည်။
ယခုရက်ပိုင်းအတွင်း အပူရှိန်ပြင်းထန်မှုကြောင့် ရုတ်တရက် ဦးနှောက်သွေးကြောပြတ်ခြင်း၊ မေ့မျောသွားခြင်း၊ အပူရှပ်ခြင်တို့ဖြင့် သေဆုံးကြရပြီး ထိုသို့ သေဆုံးသူများထဲတါင် အသက်ကြီးရင့်သူများသာမက လူလတ်ပိုင်းနှင့် လူငယ်ပိုင်းများအထိပင် ပါဝင်သည်ကို ကြားသိနေရသည်။
ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်တွင် နေထိုင်သူ တဦးက
“ကျွန်တော်တို့ မျက်နှာချင်းဆိုင် အခန်းမှာ နေတဲ့ အသက် ၄၅နှစ်အရွယ် အမျိုးသမီး တဦးအပြင်က ပြန်လာပြီး မူးတယ်ဆိုပြီး ရုတ်တရက်လဲသွားရာကနေ ခဏကြာတော့ ဆရာဝန်ခေါ်ပေမယ့် အသက်မမှီတော့ဘူး။ ဒီနေ့ တနေ့ထဲမှာပဲ စမ်းချောင်းက  ဦးတယောက်ရဲ့ မိန်းမက  မနေ့ညက အပူရှိန်မြင့်တက်ပြီး မေ့သွားရာကနေ ဆေးရုံတင်လိုက်ရာက ဒီမနက်ဆုံးသွားတယ်။ အခုမှ သေခြင်းဆိုတာ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတယ်ဆိုတာ ခံစားမိတယ်” ဟုပြောသည်။
ယခုကဲ့သို့ ရုတ်တရက် သေဆုံးခြင်း အပူဒဏ်ကြောင့် နဂိုရောဂါဝေဒနာ အခံရှိသူများ သေဆုံးရခြင်းများမှာ ရန်ကုန်မြို့သာမက မန္တလေးမြို့တွင်ပါ ကျယ်ပြန့်စွာဖြစ်ပွားလျက် ရှိသည်ဟု မန္တလေးမှ လာသောသတင်း တရပ်အရသိရသည်။ မန္တလေးမြို့မှ ဆေးရုံဆရာဝန်တဦးက ပြောဆိုရာတွင် မန္တလေးဆေးရုံကြီး နှလုံးရောဂါကု ဆောင်မှ လူနာများ အသေအပျောက်များလွန်းသဖြင့် ပရိတ်ရွတ်ပြီး အစွဲအလန်းကို ပြေပျောက်စေရန်လုပ်ဆောင် ရသည်ဟု ဆိုသည်။ အခြားသော သတင်းတရပ်အရ မန္တလေးမြို့တွင် အသုဘပို့ကားများပြားလွန်းသဖြင့်  တောင်မြင့်သုဿန်သို့သွားသည့် လမ်းတွင် အသုဘပို့ယာဉ်များဖြင့် ယာဉ်ကြောပိတ်ဆို့ရသည် အထိများပြားနေသည်ဟုလည်း သိရှိရသည်။
အစိုးရ အနေဖြင့် အပူဒဏ်ကြောင့် အသက်အန္တရာယ် မထိခိုက်စေရန် မည်သည့်အချက်များကို ဂရုစိုက်ရမည်တို့ကို လူထုအား အသေးစိတ် ပညာပေးခြင်း၊ သေဆုံးမှု ကိန်းဂဏန်းများထုတ်ပြန် အသိပေးခြင်းဖြင့် လူထုအနေဖြင့် ပိုမို အလေးထားလာစေရန် ပြုလုပ်သင့်ပြီး အခြားတဘက်တွင် လျှပ်စစ်ဓါတ်အား ပေးဝေနိုင်အောင် ဆောင်ရွက်ပေးခြင်းဖြင့် အပူဒဏ်သက်သာစေနိုင်ပြီး အထက်ပါ အချက်များအား လုပ်ဆောင်ပေးခြင်း မရှိသည့် အတွက် ရန်ကုန်မြို့ခံများက ဝေဘန်ပြောဆို လျက်ရှိသည်။
ယခုအချိန်ထိ အပူရှိန်မြင့်တက်ခြင်းကြောင့် သေဆုံးရမှု ကိန်းဂဏန်းများကို အစိုးရအနေဖြင့်  တရားဝင် ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ရေဝေး သုဿန်တွင် သဂြိုဟ်သည့် အရေအတွက် တစ်ရက်လျင် ပုံမှန် ၄၀ ၀န်းကျင်မှ ၇၀ နီးပါးထိ မြင့်တက်လာနေခြင်းကို ကြည့်ခြင်းအားဖြင့် တစ်ရက်လျင် အပူဒဏ်ကြောင့် သေဆုံးမှု ၂၅မှ ၃၀ ယောက်အကြားရှိသည်ကို တွေ့ရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts