>MoeMaKa Win – The Heat Attack in Rangoon

>

၂၀၁၀ ၏ အပူသည်ဋီကာ

မိုးမခ ၀င်း
မေ ၅၊ ၂၀၁၀
မနက်မိုးလင်းသည့်အချိန်ကစလို့တစစပူပြင်းလာလိုက်တာနေ့လည်၂နာရီလောက်မှာအပူပြင်းဆုံးကာလကို ရောက်လာတယ်။ အဲဒီလိုအပူပြင်းဆုံးကာလဟာ ညနေ ၄ နာရီ ခွဲလောက်အထိ ရှည်ကြာပါတယ်။ အဲဒီအတောအတွင်းမှာ စာလည်းဖတ်လို့မရ၊ စာလည်းရေးလို့မရ၊ အိပ်လို့လည်းမရ၊ လမ်းလျောက်လို့လည်းမရ၊ အပြင်လည်းထွက်လို့မရ … ဘာလုပ်လုပ် အပူဒဏ်ကြောင့် မောပန်းခြင်း၊ စိတ်မပါခြင်း၊ ကိုယ်စိတ်လေးလံထိုင်းမှိုင်းခြင်း ဒဏ်တွေကို အလူးအလဲ ခံစားကြရတယ်။ ညနေ၅နာရီနောက်ပိုင်းလောက်ကစလို့ အရိပ်လေးတွေ ရလာတဲ့အခိုက်မှာ အေးမြပါတယ် ဆိုတဲ့ ကာလလေးကို ခံစားဖို့ ခြံထဲကိုထွက်ရင်း ညှိုးနွမ်းနေတဲ့ သစ်ပင်ပန်းမန်တွေကိုကြည့်ပြီး စိတ်မကောင်း ဖြစ်ရပြန်ရော။ ရေလည်း အားပါးတရ မလောင်းနိုင်၊ အရေးကြီးတဲ့အပင်တွေလောက်သာ မျက်နှာလိုက်ပြီး လောင်းနေရတာကို ဘယ်လိုလုပ်ပြီး စိတ်ချမ်းသာနိုင်ပါ့မလဲ။ မသေရုံတမယ် ရေလောင်းပေးနေတာကို သူတို့လည်း သိမှာပဲ။
မိုးရွာတော့မယ်… ဟော… သင်္ကြန်မိုးဆိုတာတို့ … ကဆုန်ညောင်ရေသွန်းပွဲနေ့မှာ မိုးရွာတတ်တယ် တို့ …  အစရှိသဖြင့် မျှော်လင့်ချက်တွေ ပေးပြီး ဒီလိုနဲ့ အချိန်တွေ ကုန်လာတာ၊ မိုးကလည်း မရွာ။ ပိုပြီး ပူသထက် ပူလာတာပဲလေ။ ညဘက်ကျတော့လည်း အပူဒဏ်ကြောင့် “ယပ်တောင်”ကိုပဲ အားကိုးပြီး “အဲယားကွန်း” လုပ်နေရတာသာ ကြည့်တော့။ သို့ပေမယ့် ချွေးတွေထွက်လာပြီး ယပ်တောင်လေး ခတ်လိုက်ရင် အေးမြသွားလိုက်တာပါပဲ။
ဟော… နေကြိုက်ပါတယ် ဆိုတဲ့ အိန္ဒိယတို့၊ အာဖရိကားတို့ က ပန်းပင်တွေဟာလည်း ဒီရန်ကုန်ရဲ့ ပူပြင်းတဲ့နေရောင်အောက်မှာ သူတို့ရဲ့ လှပနီရဲတဲ့ ပန်းပွင့်အရောင်တွေပျောက်ပြီး ဖြူလွလွတွေ ဖြစ်ကုန်ပါရောလား။
စိုက်ပျိုးရေးပန်းခြံထဲက ဒန်းဆင်းဒေါလ်တွေ အပင် ၂၀၀၊ ၃၀၀ လောက်ဟာ ရေလည်း မနိုင်တော့တာကြောင့် အပင်၂၀လောက်ပဲ ကျန်တော့တယ်လို့ ဥယျာဉ်မှူးကြီးရဲ့ ညီးတွားသံကိုလည်း ကြားလိုက်ရပါတယ်။
ဘာပဲဖြစ်ဖြစ်ပေါ့လေ… နွေရဲ့အပူရှိန်ကို ခံစားလာလိုက်တာ ၂ လ လောက်တောင် ရှိတော့မှာပဲ။ ဘာလိုလိုနဲ့ မုန်တိုင်းရာသီထဲတောင် ၀င်လာပြီဆိုပဲ။ အကြောက်ကြီး ကြောက်ခဲ့တဲ့ မုန်တိုင်းကိုတောင် အခုတော့ မျှော်နေမိတယ်။ မုန်တိုင်း ၀င်လာမှပဲ အေးမြတော့မှာလား လို့ မဟုတ်က ဟုတ်က အတွေးတွေ ၀င်လာမိတာ ခွင့်လွှတ်ပေးကြပါ။ တကယ်ကို ပူပြင်းလှတဲ့နွေကို ခံစားရတာ နာကျင်လာလို့ အခုလို အတွေးတွေ ၀င်လာရတာပဲ။
ဆိုးရွားတာတွေထဲမှာ ရှိရှိသမျှပစ္စည်းတွေဟာလည်း အကုန်ုလိုက်ပြီး ပူပြင်းနေတော့တာပဲ ဖြစ်ပါတယ်။ ကြမ်းပြင်ကလည်း ပူ၊ အကျီအ၀တ်အစားတွေကိုင်လည်း ပူ၊ ထိုင်လိုက်ရင်လည်း ထိုင်ခုံက ပူ၊ လမ်းလျောက်ရင်လည်း ကြမ်းပြင်က ပူနဲ့ ကိုယ့်ကိုယ်ကိုတာ့ ငရဲမင်းကြီးရဲ့  ဒယ်အိုးထဲရောက်နေပြီလားတောင် ထင်မိပါရဲ့။ ဘီဒိုထဲက အ၀တ်အစား၊ အသုံးအဆောင်တွေကအစ သောက်ရေအိုးထဲက ရေတောင် ရေနွေးဖြစ်နေပြီ။ ရေချိုးဖို့ ရေဘုံဘိုင် ဖွင့်လိုက်ရင် ရေပူတွေ ကျလာပါတယ်။ အဲဒါနဲ့ ကော်ဖီတောင် ဖျော်လို့ရမယ် ထင်ပါရဲ့။ အ၀တ်အစားဆိုလည်း ချည်ထည်မှ ၀တ်နိုင်ပါတော့တယ်။ တီရှပ်တောင်မှ စတစ်ကာပါတဲ့ တီရှပ်ကို မ၀တ်နိုင်တော့ဘူး။ ရင်ဘတ်က အဲဒီအပူကိုတောင် မခံနိုင်တော့ဘူး။ စုတ်ပေ့ဆိုတဲ့ ရေလဲတွေကိုတောင် ကောက်ယူ ၀တ်ဆင်နေရတယ်။ ဂျင်းဘောင်းဘီဆိုတာ ဝေလာဝေး။ ကိုယ်ကျပ်ဆိုတာ ဝေးပါရော။ ကိုယ်ခန္တာဟာ အပူဒဏ်ကြောင့် ချောင်ချိအေးမြတာတွေကိုပဲ လက်ခံတော့တယ်။
တနေ့တနေ့ရေလိုကျလာတဲ့ချွေးတွေကြောင့် ဓါတ်ဆားရည် သောက်ခိုင်းကြတယ်။ အပူဒဏ်ခံနိုင်ရည်ရှိစေဖို့အတွက် ရေများများ သောက်ခိုင်းကြတယ်။ ရေခဲရေ မသောက်နဲ့ တဲ့၊  သေတတ်တယ် တဲ့။ ဒါပေမယ့်လည်း မတတ်နိုင်ဘူး။ ရေပူတွေသောက်ရမှာထက် ရေအေးအေးလေးတော့ သောက်ချင်တဲ့ အာသာကို ပြေချင်ကြတာ ဘယ်တတ်နိုင်ကြပါ့မလဲ လေ။
ဘစ်ကားပေါ်မှာဆိုရင်လည်း ပေါင်းအိုးကြီးထဲ ရောက်နေသလို တကိုယ်လုံး ပွက်ပွက်ဆူနေလိုက်တာ တဲ့။ နေ့စဉ်နဲ့အမျှ ရုံးတက်နေရတဲ့ ညီမတစ်ယောက်ဆီက အသံပါပဲ။ ဒီလို အပူဒဏ်တွေအောက်မှာ သွားလာ  လှုပ်ရှားနေရတဲ့သူတွေကို စာနာမိပါတယ်။

အပူချိန်ဟာ နေ့လည် နေ့ခင်း ၂ နာရီလောက်ဆိုရင် ၄၅.၅ ဒီဂရီ စင်တီဂရိတ်လောက်ကို ရှိနေတယ် ဆိုတဲ့ အမြင့်ဆုံးအပူချိန်ကို ပြည်တွင်းဂျာနယ်တွေဆီကတဆင့် သိလိုက်ရပါတယ်။ ဒါဟာ ဖာရင်ဟိုက်အားဖြင့် ၁၁၄ လောက်ကို ရှိပါလိမ့်မယ်။ ၁၉၉၈ခုနှစ်က အပူချိန်ကို မမီပါဘူးလို့တော့ မိုးလေ၀သမှာ ပြောပေမယ့် အဲဒီတုန်းကတော့ နာဂစ်ကြောင့် သစ်ပင်တွေ မဆုံးရူံးသေးလို့ ခံနိုင်ရည်ရှိခဲ့ကြတယ် ထင်ပါရဲ့လေ။
အင်း … အခုတော့လည်း အိုက်ရင် မီးလှုံ စောင်ကိုခြုံ ဆိုတဲ့ ရှေးဆိုရိုးစကားအတိုင်းပေါ့။ ဘာလို့လဲ ဆိုတော့ “အိုက်ရင် ရေချိုး … အဲယားကွန်း တိုး” တဲ့သူတွေ အတွင်းအပြင် အပူအအေး မညီမမျှ ဖြစ်ကုန်ကြပြီး သွေးကြောတွေ ဗြောင်းဆန်ကုန်လို့  ဒုက္ခတွေ တွေ့ကြရတဲ့သတင်းတွေ … အဲဒီလို သတင်းတွေဟာလည်း နေ့စဉ်နဲ့အမျှ ကြားနေကြရပါတယ်။ တော်တော်ကြမ်းတမ်းတဲ့ အပူပါပဲ။
ဘယ်လောက်တောင် ဆက်ပူဦးမလဲ လို့ ခံနိုင်ရည်ရှိစွာ နေနေကြရင်းက သန်းခေါင်ထက် ညဥ့်မနက်နိုင်ပါဘူး။ ဘာလိုလိုနဲ့ မိုး ကာလကို ရောက်တော့မယ်။ အလွန်ဆုံး ဆက်ပူ ၁၀ရက်ပဲ ကျန်တော့လိမ့်မယ်။ အဲသည်လို အားပေးရင်းက သည်နှစ်နွေအပူကို စာဖွဲ့လိုက်မိပါတော့တယ်။ သည်အပူကိုဖြင့် ရန်ကုန်သူ ရန်ကုန်သားအပေါင်းတို့ ကျော်ဖြတ်သန်းသွားနိုင်ကြပါစေသတည်း။      ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts