>

ငြိမ်းလူအမှတ်တရ
ကမာပုလဲ
မေ ၁၊ ၂၀၁၀
ဒီနေ့ …
ပူပြင်းလွန်းလှတဲ့ နံနက်ခင်းမှာ
ကျစိမ့် တခွက်၊ စီးကရက်တလိပ် သောက်တယ်
ကလေးတွေနေတဲ့ အဆောင်ကို …
ပြောင်းဖို့ ရွေ့ဖို့  လုပ်ရင်း
ရေခဲရေများများသောက်ဖြစ်တယ်
ဒီနေ့က
ကမ္ဘာကျော် မေဒေးနေ့မဟုတ်လား။ 
လူသေတာ
ကဗျာရေးစရာလားတဲ့ …
မျက်ထောက်နီနီနဲ့ မင်းရဲ့ သရော်စကား
ငါကြားနေတယ် မောင်ငြိမ်း …
အေးလေ
ငါ့မှာလည်း လူတယောက်ရဲ့ နောက်ဆုံးခရီးအတွက်
(ငါ ချစ်ခင်ရင်းစွဲ ရှိသူတွေကို ပြောတာနော်)
ရတနာဆိုလို့ ကဗျာပဲချမ်းသာတယ်လေကွာ…
ဒီ့အတွက် မင်း ငါ့ကိုခွင့်လွှတ်နိုင်မှာပါ
ကိုယ်ချင်းစာနိုင်မှာပါ …
နို့ မင်းလည်း
ကဗျာရေးသူ တယောက်ပဲ မလား။ 
နေစမ်းပါဦး
ခင်ဗျားက ကျုပ်ကို ဦးငြိမ်း … ဦးငြိမ်းနဲ့
ခင်ဗျားအသက်က ဘယ်လောက်လဲ တဲ့
ကြောင်အမ်းအမ်းငါက ငါ့အသက်ကိုပြောတော့
ကျုပ် ခင်ဗျားထက် ငါးနှစ် ငယ်တယ်တဲ့ …
အဲဒီက စလို့ပေါ့ …
ငါက မင်းကို
ဟေ့ မောင်ငြိမ်း လို့ ခေါ်လိုက်ရင်
မင်းက ကွမ်းကလေးမြုံ့ရင်း ပြုံးလို့ …။ 
ကလေးတွေရဲ့ ပစ္စည်းတွေကို
ပြောင်းရင်း ရွှေ့ရင်းက
သြော် … ဒီနေ့ နေ့လည် တနာရီမှာ
ငါ မင်းရဲ့ ဈာပန
လိုက်ပို့ ရမှာပါလား …
ငါ
မင်းရဲ့ နောက်ဆုံး ရုပ်ကလာပ် ရှိရာ
ရောက်လာခဲ့တယ် မောင်ငြိမ်း …။ 
ဟ … မောင်ငြိမ်းရ
မင်းရဲ့ ဈာပန အခမ်းအနားက
မင်းရဲ့ မကွယ်လွန်မီ ကိုယ်ပိုင်ဘ၀ထက်
ခမ်းနားလွန်းလှပါလား ….
လူတွေ လူတွေ လူတွေ …
အဖွဲ့ အစည်းအသီးသီးက လူတွေ
မင်းကချစ်တဲ့ လူတွေ
မင်းကို ချစ်တဲ့ လူတွေ
မင်းက ငေါ့တော့တော့ သရော်တော်တော် ပြောခဲ့တဲ့လူတွေ
မင်းက နားမလည်ပေမဲ့ မင်းကို နားလည်ခဲ့တဲ့ လူတွေ
မင်းရဲ့ အဝေးဆုံးမှာ ရှိပြီး မင်းရဲ့ အနီးဆုံးက လူတွေ
မင်းရဲ့ … …  ကွာ
ငါ မင်းကို မြင်စေ့ ချင်တယ် မောင်ငြိမ်းရာ …။ 
`လူ တယောက်ရဲ့ နောက်ဆုံးခရီး
ပြီးစလွယ် နိုင်လွန်းလှပါလား´
(သံဆူးကြိုးပေါ်က လရိပ်)
မင်း ရှေ့က သွားနှင့်တဲ့
မင်းအကို ကိုထက်မိုးကြီးရဲ့ ကဗျာတစ
ငါ လှိုက်ကနဲ သတိရမိတယ် မောင်ငြိမ်း
မင်းကတော့ သေပန်းပွင့်ပါပေတယ် မောင်ငြိမ်း
မင်း မသေခင် ဘ၀မှာ
ခုလို ပန်းတို့ လှိုင်လှိုင်ပွင့်ခဲ့ ပါလေသလား။ 
မင်း ဈာပနက အပြန်
ငါ ဒီကဗျာကို ရေးတယ်
အီရဲစ်ကက်ပတန် ဆိုတဲ့
ကောင်းကင်ပေါ်က မျက်ရည်ကို နားထောင်တယ်
ဂျီမေး ဖွင့်ကြည့်တော့
ကဗျာဆရာ သစ်ကောင်းအိမ်က
သူ့ ဂျီတော့ခ် မှာ
`သွားနှင့်ဦး ကိုငြိမ်း´ တဲ့
ဒါပါပဲကွာ …
ဒီနေ့က …
နှစ် ၁၂၀ မြောက် မေဒေးနေ့ကြီးလေ
ပြီးတော့ ဒီခေတ်မှာ
မင်းလည်း သူပုန်၊ ငါလည်းသူပုန်
သိပ် ကြီးကြီးကျယ်ကျယ်တွေ
ရေးဖွဲ့ မနေချင်တော့ပါဘူးကွာ
မင်း အသိဆုံး ဖြစ်မှာပါ၊
ဒီနေ့မှာပဲ
မင်းရုပ်ကလာပ်ကို မီးသင်္ဂြိုလ်တယ် မောင်ငြိမ်း
ပြောချင်တာတွေက များတော့
ငါ့ကဗျာဟာ
မကျစ်လျစ် ပွလျောင်း ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်
ဒါပေမယ့်
အတတ်နိုင်ဆုံး
ဒီကဗျာကို
မင်းအတွက် အမှတ်တရ
ရေးလိုက်ပါတယ် မောင်ငြိမ်း။        ။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts