>2 Years After, Metta Nanda Child Aid Foundation still going forward for Nargis Orphans

>

နာဂစ် နှစ်ပတ်လည် မေတ္တာနန္ဒ၏ မိဘမဲ့ကလေးစောင့်ရှောက်ရေး ခရီးဆက်နေဆဲ

မိုးမခအထောက်တော် ၀၀၂
မေ ၂၊ ၂၀၁၀
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်၊ ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့ရှိ မေတ္တာနန္ဒ၀ိဟာရကျောင်းတိုက်ရဲ့ ဆရာတော် ဦးဓမ္မပီယဦးဆောင်တဲ့ ချိုင်းလ်အိဒ်ဖောင်ဒေးရှင်း ဆိုတဲ့ နာဂစ်သင့် မိဘမဲ့ကလေးများ စောင့်ရှောက်ရေး စေတနာဝန်ထမ်းလုပ်ငန်းဟာ ခုဆိုရင် ၂ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
 နာဂစ်သင့်နယ်မြေများမှာ ကူညီရေး၊ စောင့်ရှောက်ရေး လူမှုရေးကုသိုလ်ပြုလုပ်ငန်းတွေ လုပ်ကိုင်ရင်းနဲ့ မိဘ ၂ ပါး စလုံးမဲ့နေသူ ကလေးသူငယ်လေးများကို စားဝတ်နေရေးနဲ့ ပညာရေးစာရိတ် ထောက်ပံ့တဲ့ စေတနာဝန်ထမ်းစောင့်ရှောက်မှုအလုပ်ကို ဆောင်ရွက်ခဲ့တာ ခုဆိုရင် နာဂစ် ရဲ့ ၂ နှစ် ပတ်လည်ရောက်ရှိခဲ့ပြီ။ ဆရာတော် ဦးဓမ္မပီယနဲ့ ဆရာ ဒကာများရဲ့ ဖောင်ဒေးရှင်းမှာ မိဘမဲ့ ကလေးသူငယ် ဦးရေ ၅၀၀ ခန့်ဟာ စောင့်ရှောက်မှုကို ရရှိခဲ့ကြပြီ ဖြစ်ပါတယ်။
မြန်မာပြည်တွင်းမှာ ရန်ကုန်ကို အခြေပြု၊ မြန်မာပြည်ပမှာဆိုရင်တော့ အာရှနဲ့ အမေရိကန်က မြန်မာများ ရောက်ရှိနေထိုင်တဲ့ မြို့ရွာတွေကို အခြေပြု၊ ဒါ့အပြင် နိုင်ငံတကာက စေတနာရှင်များ၊ အလှူရှင်များကို ရှင်းလင်းပြောဆို ဆွေးနွေးရင်းနဲ့ ကလေးတဦးကို အမေရိကန်ဒေါ်လာ ၁၀ နှုန်း (မြန်မာငွေ ၁ သောင်း) ဖြင့် ကလေးရဲ့ လစဉ် စားဝတ်နေရေးနဲ့ ပညာရေးစာရိတ်ကို ထောက်ပံ့ပေးတဲ့ လုပ်ငန်းကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၀၉ ခုနှစ် နာဂစ် ၁ နှစ်လည်ချိန်မှာ ရန်ကုန်မြို့၊ မင်္ဂလာဒုံ နွယ်ခွေရွာသစ်အနီးမှာ ဧက ၂၀ ကျော် ရှိတဲ့ ဥယျာဉ်ခြံမြေကို အခြေပြုပြီးတော့ ကုသိုလ်ဖြစ် မူလတန်းကျောင်း တကျောင်းကိုလည်း ချဲ့ထွင်ပြီး ရွာနီးချုပ်စပ်က ကလေးသူငယ်တွေကို ပညာဒါန ပြုခဲ့ပြန်ပါသေးတယ်။

အဲသည်တုန်းကတည်းက ဆရာတော်ရဲ့ ရည်မှန်းချက်ကတော့ ရေရှည်မှာ ဆွေးမျိုးနီးစပ်တွေမှာ ခိုလှုံနေထိုင် ပညာသင်နေရသူ နာဂစ်သင့် မိဘမဲ့ကလေးငယ်တွေထဲက ပညာရေး ရည်မှန်းချက်ကြီးသူ၊ ခိုကိုးရာ အခက်အခဲများ ဖြစ်လာသူတို့အတွက် ပညာရေးခရီး ဆုံးခမ်းတိုင်နိုင်ဖို့ ကျောင်းအိပ်ကျောင်းစား ပညာသင်ကျောင်းတခုကို ပြင်ဆင်ထားမှ တော်ကာကြမယ်လို့ ရှုမြင်သုံးသပ်ပြီး ပြင်ဆင်ခဲ့တာလည်း ဖြစ်ပါတယ်။

အဲသည်မတိုင်ခင် ကြိုတင်ပြင်ဆင်နေစဉ်မှာပဲ မန္တလေးမြို့ ၊ ဖောင်တော်ဦးကျောင်းတိုက် ဆရာတော် ဦးနယကနဲ့ တိုင်ပင်ပြီး ဆရာတော်ဦးနယကတို့ ဦးစီးတဲ့ ဖောင်တော်ဦးကျောင်းတိုက်ရဲ့ ဘုန်းတော်ကြီးသင် ပညာသင်ကြားရေးစနစ်၊ ကျောင်းအိပ်ကျောင်းစားစနစ်တို့ကို လေ့လာမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၀၉ ခုနှစ်အတွင်းမှာ နာဂစ်သင့်မိဘမဲ့ကလေးတွေထဲက ခိုကိုးရာမဲ့ကလေးသူငယ်တို့ကို မန္တလေးဖောင်တော်ဦးကျောင်းမှာ အပ်နှံပြီးတော့လည်း ပညာသင်စေခဲ့တယ်လို့ ဆိုပါတယ်။
ရေရှည်မှာ အလှူငွေ ထောက်ပံ့ငွေတွေ ပုံမှန်ရရှိနေဖို့က အခက်အခဲတခု ဖြစ်သလို၊ ဆွေမျိုးသားချင်းအိမ်တွေမှာ ခိုလှုံနေရသူ မိဘမဲ့ကလေးသူငယ်ကလေးတွေအတွက်ကလည်း အခြေခံပညာကို ကုန်လုံအောင် သင်ကြားပြီးစီးနိုင်ဖို့ အရွယ်အထိ ချောမွေ့တဲ့ လမ်းခရီးကို ဖြတ်ကျော်နိုင်ဖို့ကလည်း အခက်အခဲရှိပါတယ်။ ပညာကို ဆုံးခန်းအောင် မသင်နိုင်တော့ဘဲ စားဝတ်နေရေးအလုပ်ထဲ မြုပ်သွားမှာ၊ လေလွင့်ပျက်စီးသွားမှာတွေကို စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ သိန်းပေါင်း ၁၅၀၀ ကျော် အကုန်ခံပြီး မင်္ဂလာဒုံ နွယ်ခွေက မေတ္တာနန္ဒ ဘုန်းတော်ကြီးသင် ပညာသင်ကျောင်းနဲ့ ကျောင်းအိပ် ကျောင်းစားစနစ်ကို ချောချောမွေ့မွေ့ အကောင်အထည် ဖော်နိုင်ခဲ့မယ် ဆိုရင်တော့ ပညာရေးခရီးနဲ့ အရိပ်အာဝါသ ပေးဖို့က ချောမောလာမယ့် သဘောရှိတယ် လို့ သိရပါတယ်။

ဆရာတော် ဦးဓမ္မပီယရဲ့ အဆိုကတော့ – ယခုနှစ် ၂၀၁၀ ကုန်သည်အထိကို နာဂစ်နယ်မြေတွေက ထောက်ပံ့ကြေးလက်ခံနေတဲ့ မိဘမဲ့ကလေးသူငယ်တွေကို ရွာတွေ၊ အိမ်တွေ အရောက် ဆရာတော်တွေ၊ အလှူရှင်တွေက သွားရောက် လှူဒါန်း ထောက်ပံ့နေဦးမယ်။ ၎င်းတို့ရဲ့ လူမှုရေး၊ ပညာရေးနဲ့ ဘာသာရေး လိမ္မာယဉ်ကျေးမှု တိုးတက်မှုတွေကို လေ့လာကြည့်ရှု စောင့်ကြပ် ပေးနေဦးမယ်။ ဒါပေမယ့် ၂၀၁၁ ထဲ ရောက်လာရင်တော့ အစီအစဉ်ကို တမျိုး ပြုပြင်ပြီးတော့ မင်္ဂလာဒုံက မေတ္တာနန္ဒ ပညာဒါနကျောင်းမှာ အခြေပြုပြီးတော့ ကလေးအုပ်ထိန်းသူတွေ၊ ကလေးတွေက ထောက်ပံ့ကြေးကို လာရောက် ထုတ်ယူကြဖို့၊ လိုအပ်တဲ့ကလေးသူငယ်တွေကို မေတ္တာနန္ဒရဲ့ အခုတည်ဆောက်နေတဲ့ ပညာဒါန ကျောင်းဆောင်မှာ ခေါ်ယူ ပညာသင်ကြားပေးဖို့၊ စောင့်ရှောက်ဖို့ စီစဉ်နိုင်ရန် ကြိုးစားမယ်လို့ ဆိုပါတယ်။

အခု ဆရာတော်က ၎င်းရဲ့ ကျောင်းတိုက်တခုဖြစ်တဲ့ ဖရီးမောင့်မြို့ မေတ္တာနန္ဒ၀ိဟာရ ကျောင်းတိုက်ကို ပြန်လည်ရောက်ရှိ သီတင်းသုံးနေပါတယ်။ ၂ နှစ်ပြည့်ပြီဖြစ်တဲ့ နာဂစ်သင့်မိဘမဲ့ကလေးသူငယ်များ ထောက်ပံ့ရေး အစီအစဉ် – ချိုင်းအိဒ် ဖောင်ဒေးရှင်းမှာ ကလေးတဦးချင်းစီကို လစဉ်၊ နှစ်စဉ် တာဝန်ယူ လှူဒါန်း ထောက်ပံ့နေကြတဲ့ ပြည်ပရောက် မြန်မာမိသားစုတွေထံကို ကလေးတွေရဲ့ စာရင်းတွေ၊ ဓာတ်ပုံတွေ၊ ရုပ်သံရိုက်ကူးထားသမျှတွေကို ပေးပို့ပြီးတော့ ၎င်းတို့ ရွေးချယ်မွေုးမြူစောင့်ရှောက်နေတဲ့ အဝေးက ခိုကိုးရာမဲ့ ကလေးသူငယ်များကို ဆက်လက်ပြီး လှူဒါန်းကြဖို့၊ နိဗ္ဗာန်ဆော်လုပ်ပြီး အကြောင်းကြားရန် စီစဉ်နေတယ်လို့ သိရပါတယ်။
ဆရာတော်ရဲ့ နောက်ပညာဒါန၊ သာသနာပြုလုပ်ငန်းတခုဖြစ်တဲ့ သင်ကန်းကျွန်း – နိဂြောဒသာမဏေစီမံကိန်းကျောင်းတိုက်မှာ ပညာသင်ကြားနေကြတဲ့ ကိုရင်ငယ်များကလည်း အခုဆိုရင် လက်ရှိတည်ဆောက်နေတဲ့ မေတ္တာနန္ဒ ဘုန်းတော်ကြီးသင် ပညာဒါနကျောင်းဆောင်များ ဆောက်လုပ်သည့်ဆီမှာ သွားရောက်ပြီးတော့ လုပ်အားဒါန၊ ပညာဒါနတွေ ပြုနေကြတယ်လို့ ဆိုပါတယ်။ အနယ်နယ် အရပ်ရပ်က လာကြတဲ့ အလှူရှင်တွေ၊ စေတနာရှင်တွေကလည်း မေတ္တာနန္ဒ ပညာသင်ကျောင်းများ ပြီးစီးနိုင်အောက် ၀ိုင်းဝန်းကုသိုလ်ယူနေကြတယ်လို့ ဆိုပါတယ်။

နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့တာ ၂ နှစ်ပြည့်ခဲ့ပြီး ဖြစ်ပေမယ့် နာဂစ်သင့်ခဲ့တဲ့ ဧရာဝတီတိုင်းက မြို့ရွာများနဲ့ ပြည်သူလူထုတွေအတွက်ကတော့ အခက်အခဲတွေ၊ ဒုက္ခတွေ မပြီးဆုံးသေးဘူး လို့ သိရပါတယ်။ လူမှုဘ၀၊ စားဝတ်နေမှုဘ၀ တွေ ပြန်လည် ထူထောင်ဖို့ စေတနာဝန်ထမ်း လူမှုလုပ်ငန်းတွေ လိုအပ်နေသေးတယ်။ ရင်းနှီးမြုပ်နှံမှုတွေ၊ လက်တွဲပျိုးထောင်မှုတွေ အများကြီး လိုအပ်နေသေးတယ်လို့ သိရပါတယ်။ နိုင်ငံတကာက အကူအညီတွေကတော့ တဖြေးဖြေး ရုပ်သိမ်းနေပြီ ဖြစ်တဲ့အတွက် ပြည်တွင်းက ကိုယ်ထူ ကိုယ်ထ ကိုယ့်အား ကိုယ်ကိုးနဲ့ပဲ နာဂစ်ဒေသတွေ ပုံမှန်အတိုင်း စိတ်ကော၊ လူကော၊ နေရာဒေသတွေပါ ပြန်လည် စိမ်းလန်းစိုပြေဖို့ ခရီးဆက်ကြရဦးမယ် လို့ မြန်မာပြည်သူတွေအားလုံးက အားမာန်တွေ တင်းပြီး ဆုတောင်းနေကြရပါတယ်။

          မေတ္တာနန္ဒကျောင်းတိုက်ရဲ့ ဆရာတော် ဦးဓမ္မပီယကတော့ သူနဲ့ သူ့ကို ၀ိုင်းဝန်းကြတဲ့  စေတနာရှင်တွေ၊ လုပ်အားရှင်တွေ၊ ပညာရှင်တွေ၊ ဆရာ၊ ဒကာတွေနဲ့ လက်တွဲပြီးတော့ သူနိုင်နင်းသလောက်နဲ့ နာဂစ်သင့် မိဘမဲ့ကလေးသူယ် ၅၀၀ ကျော်အတွက် အရိပ်အာဝါသအဖြစ် ဆက်လက် ရပ်တည် လျောက်လှမ်းဖို့ အားအင်တွေ အပြည့်နဲ့ပါပဲ။ အလှူရှင်တွေ လျော့ပါးလာရင်တောင်မှ ဧက ၂၀ ကျော်ရှိတဲ့ မင်္ဂလာဒုံ၊ နွယ်ခွေက မေတ္တာနန္ဒ ပညာဒါနကျောင်းဝင်းထဲက ဥယျာဉ်ခြံမြေတွေထဲမှာ အသီးအနှံပန်းပင်တွေ စည်ကားစိမ်းလန်းအောင် ကလေးသူငယ်ကလေးတွေနဲ့အတူ စိုက်ပျိုးကြမယ်လို့ ဆိုပါတယ်။ အဲသည်ကနေပြီးတော့ ကိုယ့်အားကိုယ်ကိုးပြီးတော့ မိဘမဲ့ နာဂစ်ကလေးသူငယ်တွေကို လမ်းမှန် လမ်းဖြောင့်ပေါ် တက်လျှောက်နိုင်တဲ့ နေ့အထိ တွဲခေါ်သွားဦးမယ်လို့ ဆုံးဖြတ်ချက် ခိုင်မာလျက်ပါပဲ။
          မိုးမခမီဒီယာကတော့ ဆရာတော်တို့ ပညာဒါန၊ ဇီဝိတဒါန အလုပ်အတွက် လစဉ် အထွေထွေအလှူအဖြစ် ဟိုခရီးအစကတည်းက လှူဒါန်းနိုင်ခဲ့ပါတယ်။ အဲသည်အတွက်လည်း ပုံမှန် သတင်းကြားသမျှကို သတင်းပို့ပေးခဲ့ပါတယ်။ ချိုင်းအိဒ်ဖောင်ဒေးရှင်း မှတ်တမ်းလေးတွေ သိရှိနေကြစေဖို့ ဘလော့ဂ်တခုအဖြစ် http://childaid08.blogspot.com/ ကိုလည်း တတ်သလောက် မှတ်သလောက် တည်ဆောက်ပေးခဲ့ပါတယ်။ သတင်းကြားသိသမျှ ဝေနေယျတို့ကိုလည်း မေတ္တာနန္ဒရဲ့ နာဂစ် အလှူ စေတနာဝန်ထမ်း၊ လူမှုလုပ်ငန်းမှာ တယောက်တလက် ၀ိုင်းဝန်း အားပေးကြပါလို့ သည် သတင်းဆောင်းပါးနဲ့ တိုက်တွန်းလိုက်ပါတယ်။ ဆရာတော်ရဲ့ စေတနာဝန်ထမ်း နာဂစ်သင့် မိဘမဲ့ကလေးတွေရဲ့ မှတ်တမ်းကိုလည်း ဝေမျှ တင်ဆက်နိုင်အောင် ကြိုးစားပါဦးမယ်။

(Photos – Child Aid Foundation Activities – Rangoon and Irrawaddy)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts