ဟံသာဝတီ ဦးဝင်းတင်

MoeMaKa Question for U Win Tin – NLD and its Allies

>

အတိုက်အခံခေါင်းဆောင်ဦးဝင်းတင်နဲ့ မေးခွန်းများ

မိုးမခ
မေ ၁၊ ၂၀၁၀
မဟာမိတ်များ၊ မိတ်ဆွေများနဲ့ အစဉ်အလာကောင်းနဲ့ ဆက်လက်ရပ်တည်သွားမည့် ပါတီ – အင်န်အယ်ဒီ
            ဆရာဦးဝင်းတင်ကို မေးခဲ့တဲ့ မေးခွန်းတွေထဲမှာ ပါတီရဲ့ ရပ်တည်မှုရဲ့ ဒေါက် ၄ ဒေါက်၊ ဂွင် ၄ ဂွင် ဆိုတဲ့ဆီမှာ ပြည်သူ့လူထုနဲ့ ဆက်ဆံရေး၊ ပါတီတွင်း ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြောခဲ့ပြီး မေးခဲ့ပြီးပါပြီ။ မေးစရာတွေလည်း ရှိနေဦးမှာပါပဲ။ သို့သော်လည်း နောက်ထပ် ဒေါက် ၁ ဒေါက် ဖြစ်တဲ့ မဟာမိတ်များ၊ မိတ်ဆွေများနဲ့ အင်န်အယ်ဒီပါတီ မည်ကဲ့သို့ လက်တွဲ ရပ်တည်ခဲ့တယ်။ ဆက်လက်ပြီး ဘယ်လို လက်တွဲ ရပ်တည် သွားမှာလဲ ဆိုတဲ့ မေးခွန်းကို ဆက်လက်ကူးပြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။
ဆရာဦးဝင်းတင်က ပြန်လည် ရှင်းပြတဲ့ အချက်တွေထဲက ပြန်လည် ကောက်နုတ်ဖော်ပြရမယ် ဆိုရင် –
“ဒီနေရာမှာ အင်န်အယ်ဒီရဲ့ မဟာမိတ်တွေထဲမှာ အဓိကကတော့ – ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီဆိုတဲ့ CRPP ကိုယ်စားလှယ်အဖွဲ့ရဲ့ အခန်းကဏ္ဍနဲ့ ဆက်ဆံရေးကို ပြောချင်ပါတယ်။ စီအာရ်ပီပီ ဆိုတာက ၁၉၉၀ ရွေးကောက်ပွဲက ပေါ်ထွန်းလာတဲ့ နိုင်ငံရေးပါတီတွေနဲ့ အနိုင်ရရှိခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ကိုယ်စားပြုဖို့ ထွက်ပေါ်လာခဲ့တာ ဖြစ်တယ်။ ၁၉၉၈ စက်တင်ဘာမှာ ဖွဲ့စည်းခဲ့တယ်။ ပြည်သူ့လွှတ်တော် မခေါ်ယူနိုင်သေးခင်မှာ ၉၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်စား တာဝန်ရှိတဲ့ တိုင်းပြည်အရေးကိစ္စတွေကို ဆွေးနွေး ဆောင်ရွက် ထုတ်ဖော်နေဖို့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။”
လို့ ဆရာက စတင်ပြောကြားပါတယ်။
အဲသည်နေရာမှာ ဖြစ်ပျက်ခဲ့တဲ့ အချက်အလက်တွေကို ပြန်လည် ရည်ညွှန်းရမယ် ဆိုရင် စစ်အစိုးရက ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီဆိုတာကို လုံးဝလက်မခံဘဲ ဖျက်သိမ်းပစ်ဖို့ အရေးယူဆောင်ရွက်ခဲ့ပါတယ်။ အင်န်အယ်ဒီရဲ့ အမတ်ပေါင်း ၁၁၀ ဖမ်းဆီးခြင်း ခံခဲ့ရပြီး အင်န်အယ်ဒီ ရုံးခန်းပေါင်း ၄၀ ကျော် ပိတ်ဆို့ခြင်း ခံခဲ့ရပါတယ်။ စီအာရ်ပီပီ ကော်မီတီဟာ ဖိအားပေါင်း မျိုးစုံအောက်မှာ ဆက်လက်ပြီး ရပ်တည်ခဲ့ရာမှာ အောက်တိုဘာ ၂၀၀၂ မှာ တိုင်းရင်းသားအဖွဲ့တွေနဲ့ပါ တိုးချဲ့ပြီး ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
အဲသည်မှာ အတိုက်အခံခေါင်းဆောင်တွေထဲက ထင်ရှားသူတွေ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့အပြင် တိုင်းရင်းသားခေါင်းဆောင်တွေ အဖြစ် – ဥိးအေးသာအောင်၊ ဦးခွန်ထွန်းဦး၊ ဦးနိုင်ထွန်းသိန်း၊ ဦးပုကျင်းရှင်းထန်၊ ဦးထောင်ကိုသောင်း၊ ဦးစိုးဝင်း၊ ဦးကျော်မင်း၊ ဦးသိန်းဖေနဲ့ ဦးရန်ကျဲမော်တို့ စတဲ့ တိုင်းရင်းသားပါတီခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနဲ့ တသီးပုဂ္ဂလများနဲ့ ထူထောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
၎င်းကော်မီတီဟာ ပထမအကြိမ် ပြည်သူ့လွှတ်တော်တရပ် အောင်မြင်စွာ ခေါ်ဆိုနိုင်သည့် အချိန်မှာ သက်တမ်းကုန်မယ် လို့ ဆိုပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲက အများပြည်သူလူထုရဲ့ လွတ်လပ်သန့်ရှင်းတဲ့ ဆန္ဒမဲနဲ့ ပေါ်ထွန်းလာတဲ့ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီကို စစ်အစိုးရက တရားဝင် အသိအမှတ်ပြုခြင်း မရှိဘဲ ထားရှိပါတယ်။
ဆရာဦးဝင်းတင်က ဆက်လက် ပြောဆိုရာမှာ –
“ကျနော် ထောင်က ထွက်လာတော့ ၂၀၀၈ စက်တင်ဘာ ၂၃ မှာ ထွက်လာကတည်းက စီအာရ်ပီပီနဲ့ ဆက်သွယ်ပါတယ်။ လက်တွဲ လုပ်ကိုင်ကြဖို့ကိုလည်း ကျနော်တို့အားလုံးက ဆောင်ရွက်ကြတယ်။ စီအာရ်ပီပီ ကို တရားဝင်မဟုတ်ဘူးလို့ ဆိုပြီး ပြောထား ဆိုထားကြတော့ သူတို့မှာ ရပ်တည်ဖို့၊ လှုပ်ရှားဖို့၊ ထုတ်ပြန်ဖို့ အခက်အခဲတွေ ရှိတယ်။ အဲသည်ကြားထဲက အဲသည်တုန်းကတော့ အင်န်အယ်ဒီက သူတို့ထက်စာရင် တရားဝင်ပါတီပေါ့ဗျာ။ ဟုတ်လား။ နောင်ဆိုရင်တော့ သူတို့လိုပဲ ကျနော်တို့လည်း ဖြစ်လာမယ် ထင်တယ်။ အဲသည်တုန်းကတည်းက အင်န်အယ်ဒီပါတီက စီအာရ်ပီပီနဲ့ သူတို့ရဲ့ အဖွဲ့ဝင် တိုင်းရင်းသားပါတီတွေနဲ့ လက်တွဲပြီး မဟာမိတ်ပြုပြီး ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။
ကျနော်တို့နဲ့ မဟာမိတ်တွေ၊ မိတ်ဆွေတွေ ဆက်ဆံရေးမှာ အစဉ်အလာကို ပြန်ကြည့်မယ် ဆိုရင် တဖက်သတ် ဆက်ဆံတာ မရှိဘူး။ တရားဝင်တွေ မ၀င်တာတွေကို အထူးပြောမနေဘူး။ တူညီတဲ့ အခြေခံရပ်တည်ချက်ပေါ်မှာ အတူတူ လက်တွဲပြီး ရပ်တည်ကြပြီးတော့ အလုပ်တွေ လုပ်ခဲ့ကြတယ်။ သူတို့ကိုယ်စား တိုင်းရင်းသားတွေ ကိုယ်စား သဘောထားတွေ၊ ပြောဆိုပြန်ကြားရတာတွေ ထုတ်ပြန်ပေးခဲ့ပါတယ်။”
အဲသည်မှာ မိုးမခက မေးတာကတော့ – ဦးဝင်းတင်က အင်န်အယ်ဒီရဲ့ ဗဟိုအလုပ်အမှုဆောင် တဦးအဖြစ် (CEC) အဖြစ် ရပ်တည်ခဲ့သလို၊ စီအာရ်ပီပီမှာကော ၀င်ရောက် တာဝန်ထမ်းဆောင်ခဲ့တာ ရှိသလား။ ပြီးတော့ အင်န်အယ်ဒီနဲ့ စီအာရ်ပီပီတို့ရဲ့ တူညီတဲ့ အခြေခံရပ်တည်ချက် ဆိုတာက ဘာလဲ ဆိုတာ ဖြစ်ပါတယ်။
“ကျနော့်ကို ၂၀၀၈ နိုဝင်ဘာ ၆ လောက်မှာ အားလုံး အစည်းအဝေးနဲ့ စီအာရ်ပီပီ အဖွဲ့ဝင်အဖြစ် တာဝန်ပေးပါတယ်။ နောက်ပြီးတော့ စီအာရ်ပီပီရဲ့ အခန်းကဏ္ဍကို ကြည့်ရင် လွှတ်တော်ခေါ်ယူနိုင်ရေး၊ ဥပဒေပြုရေးကိစ္စတွေ၊ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ကိစ္စတွေမှာ ပြည်သူ့လွှတ်တော်တရပ်လို သဘောထားပြီး ဆွေးနွေးကြ၊ ထုတ်ပြန်ကြတာတွေ ဖြစ်ပါတယ်။ အားလုံးအခြေခံမှာ သဘောတူကြတဲ့ အချက်ကတော့ – ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲပြီး ပြည်သူ့လွှတ်တော်တရပ် ခေါ်ဆိုနိုင်ရေးဟာ အရေးကြီးတယ် ဆိုတဲ့ အချက်ဖြစ်ပါတယ်။
ဘာကြောင့်ပြောရသလဲဆိုတော့ – ၂၀၀၉ မှာ စီအာရ်ပီပီရဲ့ ၁၁ နှစ်မြောက် အခမ်းအနားကို အင်န်အယ်ဒီမှာ ကျင်းပကြတယ်။ မူအရ လွှတ်တော်တရပ် ခေါ်ဆိုနိုင်ဖို့ မလုပ်နိုင်တာတွေ အပထားပါ၊ ၉၀ ရလဒ်ကို မစွန့်ဘူး ဆိုတဲ့ ရပ်တည်ချက်ကတော့ ရှိရလိမ့်မယ်။ ပြည်သူတွေတရပ်လုံးက ပေးအပ်ခဲ့တဲ့ ရွေးကောက်ပွဲကြီးတခုရဲ့ ရလဒ်ကို ကျနော်တို့တတွေက လွယ်လွယ်နဲ့ သစ်ကိုင်းခြောက်လို စွန့်လွှတ်တာမျိုး မလုပ်နိုင်ဘူး။ ဒါဟာ လက်နက်တခုလို၊ ဒါးတခုလိုမျိုးပဲ။ တဖက်က ဒါးသွားကို ချွတ်ယူသွားဦးတော့ ဒါးရိုးကြီး ကျန်သည့်တိုင် ဒါဟာ လက်နက်ဖြစ်တယ်။ လက်နက်ရှိခဲ့ဖူးတဲ့ ရလဒ် တခု၊ မော်ကွန်းမှတ်တိုင်တခုပဲ ဖြစ်တယ်။ ဒါကို စွန့်လွှတ်ကြဖို့ မလိုဘူး လို့ ပြောခဲ့ပါတယ်။ ထိုနည်းတူ စီအာရ်ပီပီ ဆိုတာကလည်း လွှတ်တော်ကိုယ်စားလှယ်တွေကို ဖိနှိပ် ဖမ်းဆီးထားလို့၊ တိုင်းရင်းသားပါတီတွေကို ဖျက်ဆီးခြင်း ခံထားရလို့ စစ်အစိုးရဖက်က တရားဝင်အဖွဲ့အစည်းလို့ ပြောမနေသော်လည်းဘဲ ၉၀ ရွေးကောက်ပွဲ ရလဒ်၊ ၉၀ ရွေးကောက်ပွဲရဲ့ လွှတ်တော်ကိုယ်စားပြုသူတွေအဖြစ် တည်ရှိနေတယ်။ ကျန်ရစ်နေတယ် လို့ ပြောခဲ့တယ်။ ဒါဟာ စီအာရ်ပီပီနဲ့ အင်န်အယ်ဒီတို့ရဲ့ တူညီတဲ့ အခြေခံရပ်တည်ချက်၊ သဘောတရားဖြစ်တယ်။”
လို့ ဆရာက ဖြေကြားပါတယ်။
အဲသည်မှာ မေးဖြစ်ပြန်တာက – ၂၀၀၉ ဧပြီလမှာကတည်းက ရွှေဂုံတိုင် ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ အဲသည်လိုမျိုး ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို မစွန့်လွှတ်ဘူး ဆိုတာကို အကျယ်တ၀င့် ပြောခဲ့ပြီး ဖြစ်ပါတယ်။ အဲသည်ကတည်းက အင်န်အယ်ဒီနဲ့ မဟာမိတ်တွေဖြစ်တဲ့ စီအာရ်ပီပီတို့ဟာ လမ်းမခွဲခဲ့ကြဘူး ဆိုတဲ့ အချက်ကို အဲသည်ကတည်းက ပြသခဲ့ပြီး ဖြစ်တယ် မဟုတ်လား၊ အဲသည်တုန်းကကော ကန့်ကွက်မှုတွေ ရင်ဆိုင်ခဲ့ကြရသေးသလား – ဆိုတာ ဖြစ်ပါတယ်။
“ရွှေဂုံတိုင်ညီလာခံမှာ ၉၀ ရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲကြဖို့နဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေ အများကြီး ခံခဲ့ကြရတယ်။ ၉၀ ရွေးကောက်ပွဲရလဒ်ကို အင်န်အယ်ဒီက မလွှတ်တာကြောင့် ရှေ့တိုး နောက်ဆုတ် လုပ်လို့ မရဘူးလို့ ထောက်ပြခြင်း ခံခဲ့ရတယ်။ ကျနော်တို့က ခိုင်ခိုင်မာမာ ဖြေရှင်းပြခဲ့ရတယ်။ ၉၀ ရလဒ်ကို စွန့်တယ် ဆိုတာဟာ အင်န်အယ်ဒီပါတီတရပ်အနေနဲ့ နိုင်ငံရေးဝိဉာဉ်ကို စွန့်လိုက်တာနဲ့တူတယ်။ အတူတူ ဖြတ်သန်းလာကြတဲ့ မဟာမိတ်တွေ၊ မိတ်ဆွေတွေကို ကျောခိုင်းလိုက်တာနဲ့ တူတယ်။
ကျနော်တို့ တောင်းဆိုနေတာကလည်း အရမ်းကြီး ပြောနေတာမျိုး မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ပြောခဲ့ပြီးပြီ။ ပျော့ပြောင်းတဲ့ သဘောထားကို ပြခဲ့ပြီးပြီ။ ရွှေဂုံတိုင်ကြေညာစာတမ်းမှာ ၉၀ ရွေးကောက်ပွဲကို တနည်းနည်းနဲ့ အသိအမှတ်ပြုနိုင်ရန် ဆောင်ရွက်ရေးကို ပြောခဲ့တာ ဖြစ်တယ်။ အခုဆိုရင်ကိုပဲ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို စွန့်ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မည့်သူတွေ ပေါ်လာကြတယ်။
အခုပြည်တွင်းမှာ အမတ် ၁၀၀ ကျော် ကျန်ပါသေးတယ်။ အင်န်အယ်ဒီပြီးရင် တိုင်းရင်းသားပါတီတွေထဲမှာ ရှမ်းတိုင်းရင်းသားတွေရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရှိနေပါသေးတယ်။ ၁၉၉၀ ရွေးကောက်ပွဲဆိုတာ ရှိခဲ့တယ်။ အဲသည်က လွှတ်တော်ဆိုတာ မဖြစ်ပေါ်ခဲ့သော်လည်း လွှတ်တော်ကိုယ်စားပြုအဖွဲ့ဆိုတာ ရှိခဲ့တယ်။ ပြည်သူ့ရင်ထဲက မဲဆန္ဒတွေနဲ့ မွေးဖွားလာတဲ့ ပြည်သူ့လွှတ်တော်ကြီး ဖြစ်ပေါ်လာဖို့ကို ခုချိန်မှာ ဥပက္ခာပြုခြင်း ခံနေရပြီ။ အဲဒါ ဖြစ်သင့်ပါသလား။
နောင်ဖြစ်ပေါ်လာမယ့် အစိုးရတရပ်ဟာ သူ့ထက်အရင်က ရွေးကောက်ပွဲတရပ်က မွေးဖွားခဲ့ပြီးဖြစ်တဲ့ လွှတ်တော်တရပ်ပေါ်ထွန်းလာဖို့ကို မဆောင်ရွက်ဘဲနဲ့၊ အသိအမှတ်မပြုဘဲနဲ့ နေလို့ရပါလား။ အဲသည် မေးခွန်းကို ဖြေကြရတော့မှာ ဖြစ်တယ်။ အဲသည် အမည်းစက်ကြီး ဖြေရှင်းရတော့မှာ ဖြစ်တယ်။ ဒါကို အခုချိန်မှာ ပြေလည်အောင် ညှိနှိုင်းကြဖို့ လုပ်ကြဖို့ ကျနော်တို့က ခိုင်ခိုင်မာမာ ပြောဆိုနေတာ ဖြစ်ပါတယ်။
ဒါကြောင့်လဲ – အခုအချိန်မှာ အင်န်အယ်ဒီဟာ မဟာမိတ်တွေကို မစွန့်လွှတ်ဘူး။ ပါတီရဲ့ နိုင်ငံရေးဝိဉာဉ်ကို မစွန့်လွှတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားနဲ့အညီ အခု ၉၀ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပြီးတော့ အကောင်အထည် ဘာမှ မဖော်နိုင်တဲ့ စစ်အစိုးရကို တရားစွဲတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက တရားစွဲတယ်။ လက်ရှိ အမတ် ၂၆ ဦးအနေနဲ့ တရားဥပဒေထဲကနေ တောင်းဆိုတာ ဖြစ်ပါတယ်။”
အဲသည်မှာ မေးဖြစ်တဲ့ မေးခွန်းကတော့ – ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို စွန့်၊ ရွေးကောက်ပွဲမှာ အတူတူ ၀င်ရောက်ခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် ရပ်တည်ခဲ့ကြတဲ့ ပါတီတွင်းသာမက ပါတီပြင်ပက မဟာမိတ်တွေ၊ မိတ်ဆွေတွေနဲ့ လက်တွဲခဲ့တာတွေကို စွန့်၊ ဒါ့အပြင် ၁၉၉၀ ရွေးကောက်ပွဲနဲ့ ရလဒ်တွေ၊ ရပ်တည်ချက်တွေအားလုံးကို ချေဖျက်ထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို လုံးဝလက်သင့်ခံလိုက်ပြီးတော့ ပါတီထောင်ပြီးတော့ ဖြစ်စေ၊ တသီးပုဂ္ဂလဖြစ်စေ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ကြမည့် အချို့သော လူပုဂ္ဂိုလ်တို့ရဲ့အပေါ် သဘောထား ဖြစ်ပါတယ်။
“အဲသည်လို လူမျိုးတွေထဲမှာ ၉၀ ရွေးကောက်ပွဲကို ဖြတ်သန်းလာခဲ့သူတွေက သမိုင်းမှာ သူတို့ ဘယ်လိုတွေ လုပ်ခဲ့ပါတယ် ဆိုပြီးတော့ ထောက်ပြပြီးတော့ ဘယ်လိုမျိုး ရွေးကောက်ပွဲ ၀င်ကြမယ် ဆိုတာ ကျနော်တော့ မပြောတတ်ဘူး။ သို့သော် ဘာပဲပြောပြော စိတ်ဓာတ်ပိုင်းဆိုင်ရာအရ Morally မှာ ၂၀၀၈ အခြေခံဥပဒေကို လက်ခံတဲ့ သဘောဖြစ်လို့ ကျနော်တို့က လက်မခံဘူးလို့ ပြောခဲ့ပြီးပြီ။ အခြားသူတွေ ၀င်ကြမယ်ဆိုတာက ၂၀၀၈ အခြေခံဥပဒေကို လက်ခံတဲ့ အမှားတခုပဲ ပါတယ်။ ၉၀ ရွေးကောက်ပွဲတုန်းဝင်ခဲ့ပြီးတော့ အခုလည်း ၀င်ဦးမယ်ဆိုရင် ၂ ခါ အမှားခံဦးမယ် ဆိုတဲ့ သဘောဖြစ်သွားပြီ။ စစ်အာဏာရှင်စနစ် သက်ဇိုးရှည်မှာကို လက်ခံလို့ မဖြစ်ဘူး။
လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သူတွေက ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ၀င်ကြဦးမယ် ဆိုတော့  ပထမရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရပ်တည်ထမ်းဆောင်နေရတဲ့ တာဝန်တွေကို ပစ်ချလိုက်တာ ဖြစ်လို့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ မျက်နှာကို မကြည့်တော့ဘူးလား။ ဒီမိုကရေစီအရေးတော်ပုံတပ်သား အဖြစ် ခံယူထိုက်သေးရဲ့လား လို့  ကျနော်ကတော့ သူတို့ကို ပြန်မေးချင်ပါတယ်”
လို့ ဆရာက ပြောကြားပါတယ်။
ဆက်လက်ပြီး ဆရာကပြောကြားရာမှာ –
“တချို့တွေက ၂၀၀၈ အခြေခံဥပဒေကို လက်ခံလိုက်တာက တော်သေးတယ်။ ဒီ့ထက်ဆိုးတာက ၉၀ ရွေးကောက်ပွဲ ရလဒ်ကို ပစ်ပယ်ပြီးတော့ ၂၀၀၈ အခြေခံဥပဒေကို လက်ခံလိုက်တာကတော့ ပြည်သူတွေကို ပစ်ပယ်ပြီး ၀င်ကြတာ ဖြစ်လို့ မဲဆန္ဒရှင်တွေကို သစ္စာဖောက်ခြင်းပဲလို့ မြင်တယ်။ အင်န်အယ်ဒီပါတီကို စွန့်ပြီတော့၊ ဒီမိုကရေစီအရေးတော်ပုံကို စွန့်လွှတ်ပြီးတော့၊ ကိုယ်နဲ့ အတူလက်တွဲ ရပ်တည်ပေးတဲ့ မဟာမိတ်တွေ၊ မိတ်ဆွေတွေကို စွန့်ပြီးတော့ ရွေးကောက်ပွဲဝင်ကြတယ် ဆိုတာက ၂၀၀၈ အခြေခံဥပဒေကို လက်ခံလိုက်တဲ့ အချက်တခုနဲ့သာ ငြိပါတယ်။ ၉၀ ရွေးကောက်ပွဲမှာ အမတ်ဖြစ်ခဲ့ပြီးမှ ရွေးကောက်ပွဲဝင်တယ် ဆိုတာကတော့ ၂ ထပ်ကွမ်း အမှား ဖြစ်တယ်လို့ ပြောချင်ပါတယ်။
နောက်ပြီးတော့ ပူးသတ်ကြမယ် ဆိုတဲ့ ဆင်ခြေကို ပေးကြတယ်။ လွန်ခဲ့တဲ့ နှစ် ၆၀၊ ၇၀ က ဗြိတိသျှ ကိုလိုနီခေတ်မှာ ကိုလိုနီလွှတ်တော်ကြီးထဲ ၀င်ပြီး ပူးသတ်တာက တော်သေးတယ်။ အခုလိုမျိုး အခြေခံဥပဒေမရှိသေးဘူး။ ကတိစကားဖျက်ခံထားရခြင်း မရှိသေးဘူး။ အခုဟာက စစ်အာဏာရှင်တွေရဲ့ ရင်ခွင်ထဲကို ၀င်၊ ဒူးထောက်ပြီးတော့ သူတို့ ခြေထောက်ကို ဖက်၊ လက်နက်ပါချရတဲ့ အဖြစ်ပါပဲ။ အခြား အင်န်အယ်ဒီတွေ၊ မဟာမိတ်တွေ၊ ပြည်သူတွေကိုပါ သစ္စာဖောက်လိုက်တယ်လို့ ပြောချင်ပါတယ်။
ကျနော်တို့ရဲ့ ရပ်တည်ချက်ဟာ ကျနော်တို့ မဟာမိတ်ဖြစ်တဲ့ စီအာရ်ပီပီ မိတ်ဆွေတွေနဲ့ အတူတူ ၉၀ ရလဒ်ကို မစွန့်လွှတ်ကြတဲ့ အခြေခံမူဆိုတာ ဖြစ်တယ်။ အရေးကြီးတဲ့ အချက်ဆိုတာ ထင်ရှားစေတဲ့ သဘောပါပဲ”
လို့ ဦးဝင်းတင်က ပြောကြားပါတယ်။
အဲသည်မှာ ဆရာကို မေးမြန်းတာက အခုလို အခြေခံအချက်တွေကိုပဲ ဆက်လက်ကိုင်စွဲပြီးတော့ ပါတီက မဟာမိတ်တွေ၊ မိတ်ဆွေတွေနဲ့ ဆက်လက် လက်တွဲသွားမှာလား။ ဆက်လက် ချီတက်သွားမှာလား ဆိုတာ ဖြစ်ပါတယ်။
“ဟုတ်ပါတယ်။ ကျနော်တို့ အင်န်အယ်ဒီက ပါတီတွင်းမှာလည်း ပြတ်သား ရှင်းလင်းတဲ့ ရပ်တည်ချက် ရှိတယ်။ အဲသည်ပေါ်မှာ ပါတီဝင်တွေ အတူတူ ရပ်ကြတယ်။ အဲသည်သဘောထားရှင်းလို့လည်း သည်လို အရေးကြီးတဲ့ ကာလမှာ မဟာမိတ်တွေ၊ မိတ်ဆွေတွေကို မပစ်ပယ်ဘူး။ စစ်အစိုးရကို အခုလို တရားစွဲဆိုပြီး ဥပဒေအရ အရေးယူဖို့ ကြိုးစားတာက သက်သေပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်စုကြည်နဲ့ အင်န်အယ်ဒီဟာ တိုင်းရင်းသားတွေကို မပစ်ပယ်ဘူး။ တသီးပုဂ္ဂလတွေကို မပစ်ပယ်ဘူး ဆိုတာက သက်သေပြလိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် ကျနော်တို့ဆီမှာ ကျနော်တို့နဲ့အတူ လက်တွဲရပ်တည်ပေးကြသူတွေမှာ – ၀ါရင့်နိုင်ငံရေးသမားကြီးဆိုတဲ့ အစုအဖွဲ့တွေ ရှိပါတယ်။ အသက် ၉၀၊ ၈၀ ကျော် ပုဂ္ဂိုလ်ကြီးတွေ၊ သခင်သိန်းဖေ၊ သခင်သိန်းမောင်၊ ဦးအုန်းမြင့်၊ ဦးထွေးမြင့်၊ ဦးအုန်းမောင် စသည်ဖြင့် အများကြီးပဲ။ သူတို့တတွေက ၀ါရင့်နိုင်ငံရေးသမားတွေက အမျိုးသားနိုင်ငံရေးအတွက် သီးခြားရပ်တည်နေကြတယ်။ အဓိကအားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်သန်းရွှေတို့ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့၊ တပ်မတော်ဂုဏ်သိက္ခာတွေကို ထိန်းသိမ်းဖို့၊ ပြည်သူ့ဖက်က ရပ်တည်ဖို့၊ သမိုင်းအစဉ်အလာကောင်းတွေကို ထိန်းသိမ်းဖို့ ရပ်တည်နေသူ တွေ ဖြစ်ပါတယ်။ အသင်းဝင်တွေ အဖွဲ့ဝင်တွေလည်း ရှိတာ မဟုတ်ပါဘူး။ ကျနော်တို့ အင်န်အယ်ဒီက သူတို့နဲ့ အမြဲ ထိတွေ့ ဆွေးနွေးနေတာတွေ ရှိတယ်။ သဘောထားတွေ ပြောဆို ဆွေးနွေး ညှိနှိုင်းနေကြတာတွေ ရှိတယ်။ သည်လိုမျိုး ကျနော်တို့တတွေက ကိုယ်ချည်း သီးခြားချည်း ထီးထီး ရပ်တည်ခဲ့တဲ့ ပါတီတရပ် မဟုတ်ဘူး ဆိုတာ ကို ပြောချင်ပါတယ်”
လို့ ဆရာက ပြောပါတယ်။
အဲသည်မှာ ဆရာဦးဝင်းတင်ကို မေးဖြစ်တာက ပါတီက ကိုယ့်ခေတ်ပြိုင် မဟာမိတ်တွေ၊ တိုင်းရင်းသားတွေအပြင်၊ ၀ါရင့်နိုင်ငံရေးသမားကြီးတွေနဲ့သာ မိတ်ဆွေဖွဲ့ထားတာလား။ လူငယ်တွေ မျိုးဆက်သစ်တွေနဲ့ကော အင်န်အယ်ဒီက ဘယ်လိုမျိုး ဆက်ဆံရေး တည်ဆောက်ခဲ့သလဲ၊ ထူထောင်ခဲ့သလဲ၊ ဘယ်လို ဆက်သွားမည်လဲ ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။
“ပြန်ပြောရရင်တော့ အရင် ပါတီထူထောင်ခါက ၁၉၈၈၊ ၁၉၈၉ ကာလများမှာ အမှတ် ၄၄၊ တက္ကသိုလ်ရိပ်သာလမ်းမှာ ရုံးခန်းဖွင့်ထားစဉ်ကတည်း ကျောင်းသား လူငယ်တွေ အစုအဖွဲ့တွေနဲ့ အမြဲ ထိတွေ့ ဆွေးနွေးနေတာတွေ ရှိခဲ့တယ် ဆိုတာ ပြန်ပြောချင်တယ်။ ဒေါ်အောင်ဆန်းစုကြည် အဲသည်တုန်းကတည်းက သံတမန်တွေနဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ အချိန်တွေနဲ့ အတူတူ အဲသည်တုန်းက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ အမြဲ တွေ့ဆုံဆွေးနွေးနေခဲ့ပါတယ်။
အခုချိန်မှာ အဲသည်တုန်းက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ထောင်ထဲရောက်နေတော့လည်း ကျန်ရှိနေသေးတဲ့ ကျောင်းသား လူငယ် အစုအဖွဲ့ကလေးတွေနဲ့ တွေ့ဆုံ ဆွေးနွေးနေဆဲ ပါပဲ။ အရေးတော်ပုံရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတိုင်းရဲ့ ရှေ့တန်းက အမြဲရပ်တည်ကြတဲ့ မွေးဖွားပေးတဲ့ လက်သည်တွေလို့ ပြောနိုင်တဲ့ လူငယ်တွေ မျိုးဆက်သစ်တွေကို အင်န်အယ်ဒီပါတီက ပိတ်ဆို့ ကန့်သတ်ပြီး သီးခြားဆီနေတဲ့ ဖြစ်ရပ်တွေမျိုး သမိုင်းမှာလည်း မရှိဘူး။ အစဉ်အလာလည်း မရှိဘူး လို့ ပြောချင်ပါတယ်။ ပြီးတော့ ကျနော်တို့ရဲ့ မဟာမိတ်တွေ မိတ်ဆွေတွေ ဆိုတာ က စစ်အစိုးရသတ်မှတ်ပေးမှ ဖြစ်တဲ့ တရားဝင်ဖြစ်မှ ဆိုတဲ့ သဘောကို ကျနော်တို့မှာ မရှိပါဘူး။ စီအာရ်ပီပီလိုပဲ ၈၈ မျိုးဆက် ကျောင်းသားများဆိုတာ စစ်အစိုးရဆီမှာ မှတ်ပုံတင်ထားတဲ့ အဖွဲ့မှ မဟုတ်ပဲ။ ကျနော်တို့နဲ့ နွေးထွေးတဲ့ ဆက်ဆံရေးတွေ ရှိခဲ့တာပါပဲ။
ပြောရရင် ၁၉၃၈ မှာ ဒို့ဗမာအစည်းအရုံးကြီးမှာ သခင်ကိုယ်တော်မှိုင်းလို ပုဂ္ဂိုလ်ကြီးတွေနဲ့အတူ လူငယ်ခေါင်းဆောင်တွေ ဖြစ်တဲ့ သခင်အောင်ဆန်းတို့လို မျိုးဆက်သစ်တွေ ခြေစုံပစ်ပြီး ၀င်လာခဲ့ကြတယ်။ အဲသည်ကနေပြီးတော့ လွတ်လပ်ရေးရအောင် ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။  အဲသည်လိုမျိုး အင်န်အယ်ဒီဆိုတာ မဟာမိတ်တွေ၊ မျိုးဆက်သစ် မိတ်ဆွေတွေ တိုးအောင် လုပ်နိုင်ပါတယ်။
နောက်ဥပမာတခုကတော့ အခု အကျဉ်းထောင်ကျနေတဲ့ ကိုဇာဂနာဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကော၊ ကျနော်ကိုယ်တိုင်ကော အမြဲတန်း ကြိုဆိုတယ်။ တွေ့ဆုံဆွေးနွေးတယ်။ သည်လိုမျိုး နားလည်မှုတွေနဲ့ မိတ်ဆွေတွေ အမြဲရှိနေတာ ဖြစ်ပါတယ်။ သည်လိုမျိုး ပြောချင်ပါတယ်။
          ကျနော်တို့မှာက တိုင်းပြည်ရဲ့ အရေးကိစ္စတွေမှာ အမြဲ မှန်တဲ့ဖက်က ရပ်တည်တဲ့၊ ပြည်သူတွေအားကိုးတဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ သာသနာပြုတွေ၊ ဘုန်းတော်ကြီးတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့လည်း ဆရာ၊ ဒကာဆက်ဆံရေးတွေ အမြဲတန်း ရှိခဲ့တယ်။ ဘာသာရေးအဆုံးအမတွေကို လက်ခံတယ်။ ဘုန်းတော်ကြီးများနဲ့ ကျောင်းတွေမှာ ကျနော်တို့တတွေက အရိပ်ခိုခွင့်၊ ဆွမ်းကပ်ခွင့်၊ ကုသိုလ်ကောင်းမှု လုပ်ခွင့်တွေ အမြဲရှိတယ်။ အမြဲလည်း ဆောင်ရွက်နေကြတာ တွေ့နိုင်တယ်။
 ဒါ့အပြင် ကျနော်တို့နဲ့ လမ်းမပေါက်တဲ့ အလှမ်းဝေးတဲ့ တိုင်းရင်းသားအဖွဲ့တွေ၊ အသိုင်းအ၀ိုင်းတွေရဲ့ အရေးကိစ္စတွေကိုလည်း အမြဲတမ်း နားစွင့်နေပြီးတော့ ပြောဆိုဆွေးနွေး ထုတ်ဖော် ပြန်ကြားတာတွေ လုပ်ပါတယ်။ ဆက်လုပ်သွားမှာပါ။”
ဟု ဆရာဦးဝင်းတင်က ရှင်းလင်းပြောပြပါတယ်။
အဲဒါတွေကတော့ အင်န်အယ်ဒီပါတီရဲ့ ရပ်တည်ချက်တွေထဲက ဒေါက်တဒေါက်ဖြစ်တဲ့ မဟာမိတ်များ၊ မိတ်ဆွေများနဲ့ ဆက်ဆံရေး အစဉ်အလာတွေနဲ့ အလားအလာတွေအတွက် ဆွေးနွေးဖြစ်တဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts