>Burma Ministers Resign From Military Positions

>

ဝန်ကြီး ၂၀ ၀န်းကျင် စစ်ယူနီဖောင်းချွတ်မည်ဟုဆို
မိုးမခအထောက်တော် အမှတ် ၀၀၂
ဧပြီ ၂၇၊ ၂၀၁၀
စစ်အစိုးရ ဆန့်ကျင်သော မြန်မာပြည်သားများ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ယနေ့ ဆန္ဒပြနေကြပုံ (ဓာတ်ပုံ-Reuters)


ဝန်ကြီး အယောက် ၂၀ ၀န်းကျင်သည် စစ်ယူနီဖောင်းချွတ်ပြီး အရပ်ဝတ်ဖြင့် ဆက်လက် တာဝန် ထမ်းဆောင်မည်ဟု ရန်ကုန်မှလာသော အေဂျင်စီသတင်းများက ဆိုသည်။

အရပ်ဝတ်လဲသူများထဲတွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်လည်း ပါဝင်သည်ဟု အမည်မဖော်လိုသူ အရာရှိများကို ကိုးကားပြီး သတင်းများတွင် ရေးထားသည်။

သို့သော်လည်း ယနေ့ထုတ် သတင်းစာများတွင် ဗိုလ်ချုပ်ကြီးသိန်းစိန်ကို စစ်ဝတ်စုံဖြင့် တွေ့ရသည်။

အစုလိုက်အပြုံလိုက် အသွင်ပြောင်းသည် ဆိုသော သတင်းနှင့် ပတ်သက်ပြီး မြန်မာစစ်အစိုးရ သတင်းဌာနများက ထုတ်ပြန်ခြင်း မရှိသေးပေ။

ထိုသတင်းကို ၀ါရင်တန် အခြေစိုက် VOA မြန်မာပိုင်း အသံလွှင့်ဌာန ၀က်ဆိုက်တွင် စစ်ဗိုလ်ချုပ်တွေ အရပ်ဝတ်လဲပြီ ဟူသည့် ခေါင်းစဉ်ဖြင့် တွေ့ရသည်။ “လာမယ့် ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ကြမယ့် ခြေလှမ်း ဖြစ်တယ်လို့ စစ်တပ် သတင်းရပ်ကွက်က ပြောပါတယ်” ဟု ဆိုသည်။

ရွေးကောက်ပွဲ မတိုင်မီ အရပ်သား အစိုးရအဖြစ် အသွင် ပြောင်းရေးအတွက် ယူနီဖောင်းလဲခြင်း ဖြစ်သည်ဟု ရန်ကုန်မှ လာသည့် AFP သတင်းက ဆိုသည်။

ရွေးကောက်ပွဲအပြီး ပေါ်လာမည့် လွှတ်တော်တွင် ကိုယ်စားလှယ် အရေအတွက် ၂၅ ရာခိုင်နှုန်းသည် မြန်မာ့တပ်မတော်မှ ဖြစ်စေရန် စစ်အစိုးရက နှစ်အတန်ကြာကပင် စနစ်တကျ စီစဉ်ထားပြီး ဖြစ်သည်။

ထို့ကြောင့် လွှတ်တော်တက်ရမည့် စစ်ခေါင်းဆောင် အရေအတွက်သည် ရာနှင့်ချီ ရှိမည် ဖြစ်သည်။

မကြာသေးမီက နိုင်ငံရေးပါတီများ ဖွဲ့စည်းရေး ဆိုင်ရာ ဥပဒေများကို စစ်အစိုးရ ထုတ်ပြန်ပြီးနောက် ယခု ၀န်ကြီးများ အရပ်ဝတ် လဲသည့် သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုဝန်ကြီးများ ရွေးကောက်ပွဲ ၀င်ရေး အတွက် ပြင်ဆင်ဖွယ် ရှိသည်ဟုလည်း တချို့က ယူဆနေကြသည်။

စစ်အစိုးရ၏ လူမှုရေး အသင်းကြီးဖြစ်သော ကြံ့ခိုင်ရေးအသင်းကြီး သည်လည်း နိုင်ငံရေးပါတီ အဖြစ် ပြောင်းလဲဖွယ် ရှိသည်ဟု အများက ယုံကြည်ထားကြသည်။ တချို့ကလည်း ထိုအသင်းကြီးက အနည်းဆုံး ပါတီ ၂ခု တည်ထောင်ဖွယ် ရှိသည်ဟုပင် ခန့်မှန်းနေကြသည်။

ယနေ့ စစ်အစိုးရ သတင်းစာများတွင် ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီ ၂ ခု မှတ်ပုံတင်ရန် လျှောက်ထားကြောင်း ဖော်ပြထားသည်။ ပါတီတခုသည် ကယန်း တိုင်းရင်းသား ပါတီဖြစ်ပြီး နောက်တခုမှာ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရက်တစ် ပါတီ အမည်ရှိ ပါတီဖြစ်သည်။ ထို ဒုတိယပါတီသည် ကြံ့ခိုင်ရေးအသင်းကြီးနှင့် သက်ဆိုင်ခြင်း ရှိမရှိ မသိရသေးပေ။

စစ်အစိုးရက ယခုနှစ်အတွင်း ပြုလုပ်မည်ဟု အကြိမ်ကြိမ် ကြေညာထားသည့် ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ရန် နိုင်ငံရေးသမား အများအပြားက အသင့် ဖြစ်နေကြသော်လည်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ထင်ရှားသည့် နိုင်ငံရေးသမားများက ထိုရွေးကောက်ပွဲကို ကန့်ကွက်နေကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts