>Burmese Mobile Phone turns into Black Market Rate

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

တခါသုံးဖုန်းကတ်များ မှောင်ခိုဈေးဖြစ်ပြီ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဧပြီ ၂၇၊ ၂၀၁၀
ထူး ထရိတ်ဒင်း၏ ကုမ္ပဏီခွဲ တခုဖြစ်သည့် စင်ထရယ် မားကက်တင်း ကုမ္ပဏီက ရောင်းချသည့် တခါသုံး ၂၀ တန်ကတ် ဂျီအက်စ်အမ် ဖုန်းကတ်များနှင့် ၅၀ တန်ဖုန်း စီဒီအမ်အေ တခါသုံးကတ်များ ကိုယ်စားလှယ် ပေးထားသည့် ဆိုင်များတွင် ၀ယ်မရတော့ဘဲ ပြင်ပတွင်သာ ၀ယ်ယူရရှိနိုင်ပြီး မူရင်းဈေးထက် ၄၊ ၅ထောင် ပိုပေးကာ ၀ယ်ယူနေရသည်ဟု သုံးစွဲသူများက ပြောဆိုသည်။

လွန်ခဲ့သည့် မတ်လဆန်းတွင် တခါသုံး ဖုန်းကတ်များအား မိုဘိုင်းဖုန်း ပစ္စည်း အရောင်းဆိုင် တချို့နှင့် စီးတီးမတ် တချို့တွင် သတ်မှတ်ဈေးနှုန်း ၂၁၀၀၀ ကျပ် သို့မဟုတ် အက်(ဖ)အီးစီ ၂၀ နှင့် ၅၀၀ကျပ်ဖြင့် ၀ယ်ယူနိုင်ပြီဟု စင်ထရယ် မားကက်တင်းကုမ္ပဏီက အသိပေးကြေညာပြီး ၁လကျော်အကြာတွင် ယခုကဲ့သို့ ပစ္စည်းပြတ်သွားပြီး မှောင်ခိုဈေးဖြင့် ရောင်းချသည့်အနေအထား သို့ရောက်ရှိသွားခြင်းဖြစ်သည်။
မြောက်ဒဂုံတွင် နေထိုင်သူ တခါသုံးကတ် သုံးစွဲသူ တဦးက ပြောဆိုရာတွင်` အရင်လက တကြိမ်ပဲ စီးတီးမတ်မှာ ၂၁၀၀၀ နဲ့ ၀ယ်ဖူးသေးတယ်။ အဲဒီမတိုင်ခင် တောက်လျှောက် ကျပ် ၂၄၀၀၀ ၊ တခါတခါ ၂၈၀၀၀ အထိ ပေးဝယ်ပြီး သုံးခဲ့ရတာ။ လွန်ခဲ့တဲ့လကတော့ သတ်မှတ်ထားတဲ့ ဆိုင်တွေမှာ ၂၁၀၀၀ နဲ့ဝယ်နိုင်ပြီဆိုတော့ တော်သေးတယ်လို့ မှတ်တာ အခုတော့ နကိုအတိုင်းပဲ ပြန်ဖြစ်သွားတယ်´ ဟု ဆိုသည်။
လွန်ခဲ့သည့် လပိုင်းများက တခါသုံး ၂၀ တန်ကတ်များကို မြန်မာရှော့ပင်းမောလ်တွင် အလွယ် တကူ ၀ယ်ယူ၍ မရခြင်းနှင့် ပြင်ပဆိုင်များတွင် ၄ထောင်မှ ၆ထောင်ကျော် အထိ ဈေးတင်ပြီး ပြန်လည် ရောင်းချနေခြင်းများကို မီဒီယာများတွင် မကြာခဏ ရေးသား ဖေါ်ပြခဲ့ပြီး ကိုယ်စားလှယ် ဆိုင်များ သတ်မှတ်ကာ ပုံသေဈေးနှုန်းဖြင့် ရောင်းချမည်ဟု စင်ထရယ်မားကက်တင်းက ကြေညာခဲ့သည်။
၂၀၀၈ ခုနှစ်ဒီဇင်ဘာလ တွင် စတင်ရောင်းချခဲ့သည့် တခါသုံး ဂျီအက်စ်အမ် ဖုန်းကတ်များမှာ ပြောဆိုခ ဈေးနှုန်း ကြီးမြင့်သော်လည်း လစဉ်ပေးစနစ် ဂျီအက်စ်အမ် ဖုန်းကတ်များ မတန်တဆ ဈေးနှုန်း ကြီးမြင့်ခြင်းကြောင့် အရေးတကြီးကိစ္စ ရှိသူများ၊ အဆက်အသွယ် မပြတ်စေရေးအတွက် ဖုန်းနံပါတ်တခု ကိုင်လိုသူများက တလခံဖုန်းကတ်ကို ခေါ်ဖို့ထက် လက်ခံပြောဆိုရန် သုံးစွဲလျက်ရှိကြသည်။
မြန်မာနိုင်ငံတွင် ဂျီအက်စ်အမ် ဖုန်းကတ် တကတ်ကို တရားဝင် ကျပ်၁၅ သိန်း နှင့် ပြင်ပဈေးနှုန်း ၁၆ သိန်း ပေးဝယ်ကြရပြီး တခါသုံးဖုန်းကတ်မှာမူ တမိနစ်ကို ခေါ်ဆိုခ ကျပ်၃၀၀ ၀န်းကျင် ကျသင့်သည့် အတွက် အရှေ့တောင်အာရှ နိုင်ငံများထက်ရော အခြားသော ဖွံ့ဖြိုးဆဲ နိုင်ငံများထက်ပါ ဈေးနှုန်း ကြီးမြင့်သည်ကို တွေ့ရှိရသည်။
၂၀၀၉ ခုနှစ်ကုန်တွင် ထုတ်ပြန်သော တရားဝင် ကိန်းဂဏန်းအရ တနိုင်ငံလုံးတွင် မိုဘိုင်းဖုန်းလိုင်း ၄သိန်း ၈သောင်းကျော်ရှိပြီး ၂ပတ်ခံ၊ တလခံ တခါသုံးဖုန်းကတ်များ တစ်နှစ်ကျော် အတွင်း ကတ် ၁သိန်းကျော် ရောင်းချပြီး ဖြစ်သည်ဟု သိရှိရသည်။
ပြည်သူ လူထုအတွက် စီးပွားရေး၊ လူမှုရေး ဘ၀တွင် အရေးကြီးသည့် တယ်လီဖုန်းနှင့် မိုဘိုင်း ဆက်သွယ်ရေး လုပ်ငန်းများကို ၂၀၀၈ ခုနှစ်အထိ အစိုးရကသာ လက်ဝါးကြီးအုပ် လုပ်ကိုင်ခဲ့ပြီး ၂၀၀၈ အကုန်ပိုင်းမှ စတင်ကာ နအဖ အစိုးရနှင့် အနီးစပ်ဆုံး ထူးကုမ္ပဏီအုပ်စု၏ ကုမ္ပဏီခွဲဖြစ်သည့် စင်ထရယ် မားကက်တင်း၊ Elite Technology ကုမ္ပဏီတို့က လုပ်ကိုင်ခွင့် ရရှိခဲ့သည်။ ထိုသို့ပုဂ္ဂလိက တပိုင်း လုပ်ကိုင်ခွင့်ပြုသော်လည်း ပြောဆိုခ နှုန်းထားမှာ ပိုမိုမြင့်တက်လာပြီး လိုင်းတလိုင်းချင်း ဈေးနှုန်းများမှာလည်း အိမ်နီးချင်း နိုင်ငံများထက် အဆ ရာနှင့်ချီ မြင့်မားနေဆဲ ဖြစ်သည်ကို တွေ့ရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts