>Saung Yun Law – Julia Poem

>

ဂျူလီယာမဖတ်ခဲ့ရသေးတဲ့ ကဗျာ
ဆောင်းယွန်းလ
ဧပြီ ၂၇၊ ၂၀၁၀
ငါ့ဝါကျနဲ့ ငါ
နင်မမြင်သာတဲ့ ဒဏ်ရာတွေရခဲ့ဖူးပါရဲ့….
ရင်ခုန်တတ်ရုံ ရှင်သန်နေတဲ့
နင့်ရဲ့ နှလုံးသားတစုံနဲ့
ငါ့သတ်ပုံတွေကို ဖွင့်မဖတ်ကြည့်ပါနဲ့ ဂျူလီယာ..

ဆည်းလည်းမပွင့်တဲ့ မနက်ခင်းတွေကို
ကာရန်ကြိုးတွေနဲ့ ဖွဲ့သီလို့မရနိုင်ခဲ့တာ

နင်သိခဲ့ပါရဲ့လား ဂျူလီယာ!…


ခေါင်းလောင်းမထိုးတဲ့ ညနေမျိုးကို
သံစဉ်တွေနဲ့ ဆေးဆိုးလို့မရနိုင်ခဲ့တာ
နင်သိခဲ့ပါရဲ့လား ဂျူလီယာ!….

နင်မရောက်နိုင်ခဲ့တဲ့ တောနက်တနေရာက
ငြိမ်းချမ်းရေးဆာလောင်နေတဲ့
စမ်းချောင်းလေးထဲမှာ
နင်မဖတ်ခဲ့ရတဲ့ ကဗျာတပုဒ်ရှိခဲ့ဖူးပါတယ် ဂျူလီယာ…

နင်ကိုယ်တိုင် ဘာသာမပြန်နိုင်ခဲ့တဲ့
ဖြစ်ရပ်မှန် ဇာတ်လမ်းတပုဒ်ထဲက
ပွတ်ရှကင်ရဲ့ ဒုတိယလူဟာ
ကျည်မပါတဲ့သေနတ်ကို ကိုင်ထားခဲ့တာပါ ဂျူလီယာ…

ဂျူလီယာရေ..
ကောင်မလေးရဲ့..
နင့်မြို့ပြညနေ ရှုခင်းအသေတွေကို ရေချိုးပေးဖို့
ငါ့ကောင်းကင်မှာ ငွေ့ရည်ဖွဲ့နေရတုန်းပဲကွဲ့….

သေချာတယ် ဂျူလီယာ
ဒါဟာ.နင်မဖတ်ခဲ့ရသေးတဲ့ ကဗျာတပုဒ်ပဲဖြစ်တယ်…။ ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts