>2010 Burmese April News Year Wish for Imprisoned Political Prisoners and Families

>

၂၀၁၀ ဧပြီလ မြန်မာအတာသင်္ကြန်နှင့် နှစ်သစ်ကူးကို အမျိုးသားရေးအသိဖြင့် ဆင်နွှဲကြရန် နှိုးဆော်
မိုးမခအထောက်တော် ၀၀၃
ဧပြီ ၁၃၊ ၂၀၁၀
အထွေထွေ ချွတ်ခြုံကျပြီး၊ နိုင်ငံရေး အကြပ်အတည်း၊ စီးပွားရေး၊ လူမှုရေး နှင့် ပညာရေးအကြပ်အတည်းမျိုးစုံနှင့် ဆင်းရဲတွင်းနက်နေသည့် စစ်အာဏာရှင်လက်အောက်က မြန်မာပြည်သူတို့၏ အတာသင်္ကြန်နှင့် နှစ်သစ်ကူးကို အမျိုးသားရေးအသိ၊ စိတ်ဓာတ်များနှင့် ဖြတ်ကျော်ကြရန် နိုင်ငံရေးနှင့် လူမှုရေး လှုပ်ရှားတက်ကြွသူ လူငယ်များ၊ မိသားစုများက အချင်းချင်း နှိုးဆော်လျက်ရှိသည်။
ယခုအချိန်တွင် အရေးပါသော အကြောင်းအရာမှာ အကျဉ်းထောင်များ၊ ရဲဘက်စခန်းများနှင့် နေအိမ်အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ၊ ရဟန်းသံဃာတော်များနှင့် မိသားစုဘ၀နှင့် ကင်းဝေးနေရသူ ၎င်းတို့ မိခင်၊ ဘခင်၊ သားသမီး၊ ညီအကိုမောင်နှမများအတွက် ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်း၊ အမှတ်တရ တွေ့ဆုံအားပေးစကား ပြောဆိုကြရန် တိုက်တွန်းပါကြောင်း ပြည်တွင်းရှိ မြန်မာလူငယ်များနှင့် နိုင်ငံရေးနှင့် စာပေအသိုင်းအ၀ိုင်းနှင့် နီးစပ်သူများ၏ သတင်းရပ်ကွက်က တဆင့် ကြားသိရသည်။
စစ်အာဏာရှင်များနှင့် အသိုင်းအ၀ိုင်းတို့က တိုင်းပြည်၏ အကြပ်အတည်းများကို လစ်လျူရှုပြီး ၂၀၁၀ ခုနှစ်အတွင်း နိုင်ငံရေးနှင့် စစ်ရေး ဖိနှိပ်မှုများ တိုးတက်ပြုလုပ်လာချိန်တွင်၊ ယခုကဲ့သို့ အရေးကြီးသည့်ကာလတွင်၊ မြန်မာ့အမျိုးသားရေးအတွက် အသက်စွန့်သွားသူများ၊ အကျဉ်းကျပြီး ညှင်းပန်းနှိပ်စက်ခံနေရသူများကို အထူးတလည် အမှတ်တရ ထုတ်ဖော်ပြောဆို ကောင်းမှုကုသိုလ်များ ပြုလုပ်ကြရန် တိုက်တွန်းကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် မိသားစုများ တိုက်တွန်းထားသည်ကို တွေ့ရှိရသည်။ စတုဒိသာများ ကျွေးခြင်း၊ ဘုရားကျောင်းကန်များသွား သွားရောက်၍ ဆုတောင်းခြင်း၊ ထုတ်ဖော်ပြောဆို၍ ကောင်းမှုများ ပြုလုပ်ကြမည်ဟု ဆိုသည်။
မြန်မာပြည်ပြင်ပနေ မြန်မာမိသားစုများကလည်း ၎င်းတို့ လွတ်လပ်ပွင့်လင်းစွာ ဆင်နွှဲနေကြသော ရိုးရာသင်္ကြန်ပွဲတော်များတွင် မြန်မာပြည်ကြီး၏ အစစ်အမှန် မင်္ဂလာအပေါင်းနှင့် ပြည့်စုံစေသော နှစ်သစ်ကူးဖြစ်ပေါ်စေရန် ထုတ်ဖော် ဆုတောင်းပေးကြရန်၊ ကောင်းမှုများ ပြုပေးကြရန် တိုက်တွန်းလိုသည်ဟု မြန်မာပြည်၏ ၀ါရင့်စာနယ်ဇင်းသမားတဦးက မှတ်ချက်ပေးသည်။
“ဒီသင်္ကြန်ပြီးသွားတဲ့နောက်မှာ မြန်မာနှစ်ဆန်းက စပြီးတော့ မြန်မာပြည်ကြီးဟာ မင်္ဂလာရှိတဲ့ အမျိုးသားရေး ပြန်လည်သင့်မြတ်နိုင်တဲ့၊ ဖြစ်ရပ်တွေ၊ ကောင်းမွန်တဲ့ အပြောင်းအလဲတွေကို မြန်မာပြည်သူတွေက ပြည်တွင်းပြည်ပမှာ အမှန်တကယ် မျှော်လင့်နေတယ်။ ထုတ်ဖော် ပြောဆို ဆုတောင်းကြတယ်။ ဆန္ဒပြုကြတယ် ဆိုတာမျိုးကို ထုတ်ဖော်ပြသကြဖို့ လိုတယ်လို့ ထင်မြင်မိပါတယ်” လို့ ၎င်းက ပြောဆိုလိုက်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts