>Writer Maung Lin Yon Shan Pyi hospitalised – suffering minor stroke

>

ကဗျာဆရာ စာရေးဆရာ မောင်လင်းယုန် (ရှမ်းပြည်) ဆေးရုံတက်
မိုးယံမခ
ဧပြီ ၁၂၊ ၂၀၁၀

အသက် ၇၈ နှစ် ရှိပြီဖြစ်တဲ့ ကဗျာဆရာ၊ စာရေးဆရာ မောင်လင်းယုန် (ရှမ်းပြည်) လေဖြတ်သွားတဲ့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ပြီး ဆေးကုသမှု ခံယူနေရပါတယ်။ လွန်ခဲ့တဲ့ တနလာင်္နေ့ နံနက် အိပ်ယာထချိန်မှာ စကားသံ မပီသတော့ဘဲ မထနိုင်ဖြစ်ရာက လေဖြတ်တဲ့ ဝေဒနာကို စတင်ခံစားနေရတာကို မိသားစုဝင်များ သတိပြုမိပြီး ဆေးရုံတင်ခဲ့ရတာ ဖြစ်ကြောင်း သိရပါတယ်။
ဆေးရုံတင်ခါစက ဆရာမောင်လင်းယုန်စာ သတိလစ်မေ့မြောနေပြီး အချိန်မီ ဆေးကုသမှု ခံယူလိုက်နိုင်တဲ့အတွက် ယခုအခါ လမ်းမလျှောက်နိုင်သေးပေမယ့် စကားပီပီသသ ပြောနိုင်လာပြီ ဖြစ်ပါတယ်။
စာရေးဆရာ မောင်လင်းယုန် (ရှမ်းပြည်)ဟာ စာပေလောကမှာ ထင်ရှားတဲ့ စာရေးဆရာကြီးတဦး ဖြစ်ပါတယ်။ ဆရာဘာသာပြန်တဲ့ ငုယင်ဗန်ထရိုင်းစာအုပ်ဟာ  မတရားမှုကို အာခံခဲ့ကြတဲ့ မျိုးဆက်သစ်လူငယ်တွေအတွက် ခွန်အားဖြစ်စေခဲ့ပါတယ်။
ဆရာဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဓနုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နယကအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ဆရာ့ကို ၁၉၉၀ ခုနှစ် အောက်တိုဘာကမှာ မတရားအသင်း အက်ဥပဒေနဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပြီး ထောင်ဒဏ် ၅ နှစ် ချမှတ်ခြင်း ခံခဲ့ရပါတယ်။ ဆရာမောင်လင်းယုန်ဟာ နိုင်ငံရေးအကျဉ်းသားဘ၀နဲ့ အင်းစိန်နဲ့ တောင်ငူထောင်တွေမှာ နေခဲ့ရပြီး ၁၉၉၄ ခုနှစ်မှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
အစိုးရရဲ့ အကျဉ်းထောင်က လွတ်လာပြီး နောက်ပိုင်းမှာ ဆရာဟာ ကျန်းမာရေး ချို့တဲ့ခဲ့ပြီး အင်္ဂလိပ်စာ သင်ပြခြင်း၊ ကဗျာရေးခြင်းတွေကိုသာ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ ဆရာ့ကို လေးစားချစ်ခင်ကြသူများနဲ့ တပည့်များက လူနာမေးသွားရောက်ကြရင်း အားပေးစကား ပြောခဲ့တယ်လို့ သတင်းရရှိပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts