>Mar Mar Aye – 309

>ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် – အမှတ် ၃၀၉

မောင်းထောင်ဦးကျော်လှ နှင့် သံချို
မာမာအေး
ဖေဖော်ဝါရီ ၁၂၊ ၂ဝ၁ဝ
သောတရှင်များ ကျန်းမာတော်မူကြပါစ ရှင်၊ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ၊ ရှေ့တပတ်မှာ အမျိုးသားနေ့ ဆိုတာ ယူနီဗာစီတီ အက်ဥပဒေကို ဆန့်ကျင်တဲ့ အနေနဲ့ စတင်တဲ့ ကောလိပ်ကျောင်းသားကြီး ၁၁ ဦး သစ္စာပြု လက်မှတ်ထိုး သပိတ်မှောက်ခဲ့တဲ့ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ ဖြစ်တယ်။ GCBA ၀ံသာနု အဖွဲ့ချုပ်ကြီးက ပြဌာန်းခဲ့တဲ့ အကြောင်း ပြောခဲ့ပါတယ်။ ကိုယ့်နိုင်ငံက အမျိုးသားရေး နိုးကြားရေး လွတ်လပ်ရေး တော်လှန်ရေး ကိစ္စတွေ ပြောကြပြီ ဆိုရင်လည်း အသက်ပေးရ ပညာပေးရ ဘက်ပေါင်းစုံက ၀ိုင်းဝန်း ကျိုးပမ်းခဲ့ရတာ ဆိုတော့ ကိုယ့်သဘင်လောကထဲ ပုဂ္ဂိုလ်တွေ ဘယ်သူဖြင့် ဘယ်လို ပါဝင်ခဲ့တာပေါ့ လို့ ရင်ကော့ ခေါင်းမော့ ပြောနိုင်အောင် သူတို့ စွမ်းသမျှ ဆောင်ရွက်ခဲ့ကြတဲ့ ရှေးက ဘိုးဘွား သဘင် ဂီတသမားများကို ကြည်နူးစွာ ဦးချ ဖော်ထုတ်ရ ဂုဏ်ယူရပါတယ်ရှင်။ မာအေး ညွှန်းခဲ့တဲ့ သူတွေထဲမှာ မောင်းထောင် ဦးကျော်လှ ဆိုတာလည်း ပါတယ်ရှင့်။ သူက ‘သံချို’ ဆိုရင်း မြန်မာ့ရင်တွင်းကို စိတ်အားသွင်းပေးခဲ့တဲ့ ပညာရှင်မို့ ချစ်ဆွေတို့ သိသင့်တဲ့ အထဲ သူလည်း ပါတယ်မဟုတ်လားနော်။ တိမ်ကောနေတဲ့ ကဗျာ ‘သံချို’ ဆိုတာကိုလည်း သိရတာပေါ့ရှင်။

မြန်မာ့သဘင် လောကဟာ ကုန်းဘောင်ခေတ်မှာ အရှိန်အဟုန် ကြီးစွာနဲ့ ‘အနိမ့်သဘင်၊ အမြင့်သဘင်၊ အတီးသဘင်၊ အဆိုသဘင်’ ရယ်လို့ သန့်သန့် ကွဲပြား ထွန်းကားခဲ့ပါတယ်။ အမြင့်သဘင် ဆိုတာက ဒီကနေ့ ရုပ်သေးပွဲပေါ့ရှင်။ ရုပ်စုံသဘင် ရုပ်ကြီးစင် လို့လည်း ခေါ်ပါသေးတယ်။ မင်းသား မင်းသမီးကနေ စပ်ဖြီးဖြီး မျက်နှာနဲ့ ဆေးခြယ်ထားတဲ့ လူပြက်ရုပ်အဆုံး သူ့နေရာနဲ့သူ သုံးတဲ့ အခါမှာ လေးနက်တဲ့ အကြောင်းအရာမျိုး ကျတော့ လူပြက်ရုပ်နဲ့ မကိုက်တော့ဘူးလေ။ ထောင်တန်တဲ့စကား ရယ်လျှင် ပေါ့ ဆိုတာမျိုး ဖြစ်မှာ ဆိုတော့ ‘စာဆိုရုပ်’ ခေါ်တဲ့ အရုပ် တရုပ် ပညာရှင်တွေက တီထွင် သုံးခဲ့ကြရပါသတဲ့။ အဲဒီ ‘စာဆိုရုပ်’ ကို ကိုင်ရတဲ့သူကိုလည်း ‘စာဆိုကိုင်’ လို့ ခေါ်ရပါတယ်။ ကဗျာတွေ လင်္ကာတွေကို အဲဒီ ‘စာဆိုရုပ်’ က ရွတ်ရတာပေါ့။ အဲဒီလိုနဲ့ ‘သံချို’ လို့ ခေါ်တဲ့ ကဗျာမျိုး ရုပ်ကြီးစင်မှာ ခေတ်စားလာတဲ့အခါမှာ သံချိုဆိုတဲ့သူကို ‘သံချိုကိုင်’ လို့ ခေါ်ပြန်ပါတယ်ရှင်။ ဒီစာဆိုရုပ်ကို ကိုင်ပြီး သံချိုဆိုတဲ့သူ ရှိသလို အရုပ်မကိုင်ဘဲ သံချိုဆိုတဲ့သူလည်း ရှိပါတယ်။ မောင်းထောင်ဦးကျော်လှဟာ အရုပ်မကိုင်ဘဲ သံချိုဆိုတဲ့ ပညာရှင် ဖြစ်ပါတယ်ရှင်။

သံချို ဆိုတာ ကုန်းဘောင်ခေတ် ဒုတိယပိုင်းလောက်က ပေါ်ခဲ့ပါတယ်။ လေးချိုးကဗျာလို အချိုးလေးချိုး ရှိပါတယ်။ လေးချိုး မူရင်းနဲ့ ကွာတာကတော့ အချိုး တချိုးထဲမှာ ကြိုက်သလို ပုဒ်ရေ ထည့်စပ် ရေးသား ရွတ်ဆိုလို့ ရပါတယ်။

သံချိုရဲ့ ထူးခြားချက်ကတော့ ကြိုတင် စပ်ဆိုခဲ့တဲ့ ကဗျာ မဟုတ်ဘဲ ရွတ်ရမယ့် ပွဲတော်စင် ရောက်မှ ရုပ်သေးစင် လက်ရမ်းကို ကိုင်ပြီး လက်ငင်း ကြုံတွေ့နေရတဲ့ အဖြစ်အပျက် အကြောင်း အရာတွေကို အလွတ် ရွတ်ဆို စပ်သွားရတဲ့ ကဗျာမျိုးပါ။ သံချိုဟာ အချိုးလည်း မှန်ရမယ်။ ကာရံလည်း မိရမယ်။ အဓိပ္ပာယ်လည်း ကောင်းရမယ်။ ဟာသလည်း ပါရမယ် ကြိုပြီးတော့လည်း မစပ်ရဘူး ဆိုတော့ ဗဟုသုတနဲ့ မပြည့်စုံဘဲ ဘယ်ရေးနိုင်မှာလဲနော်။ အသံကို သာယာနာပျော်ဘွယ် ဖြစ်အောင် ပျော့ပြောင်း ချိုသာ စပ်ဆိုရလို့ သံချို လို့ ခေါ်တဲ့ အကြောင်းလည်း မှတ်ထားကြဦးပေါ့။ အလွတ် ရွတ်စပ်ဆိုရတာမို့ သံချိုဆရာကို ‘လက်တန်းစာဆို’ လို့လည်း ခေါ်ကြပါသတဲ့ရှင်။

မာအေး ပြောနေတဲ့ မောင်းထောင်ရွာသား ဦးကျော်လှကတော့ နယ်ချဲ့ ခေတ်မှာ သံချိုဆရာ မဖြစ်မီက မင်းတုန်းမင်းကြီးရဲ့ တပင်တိုင်သမီးတော် စလင်း ထိပ်ခေါင်တင် သီရိ မြတ်စွာ ရတနာ ဒေ၀ီရဲ့ စင်တော်မှာ သံချိုဆရာပေါ့။ သမီးတော်က မယ်သီလ ၀တ်သွားတော့ သီပေါမင်းထံမှာ ဆက် အမှုထမ်းခဲ့ပါတယ်။ ပါတော်မူပြီးချိန်မှာ ရွာကို ပြန်ခဲ့ပြီး အားငယ်နေတဲ့ ပြည်သူတွေအတွက် ခေတ်အခြေအနေ တင်ပြနိုင်တဲ့ သံချိုကိုင် ဆရာအလုပ် ဆက်လုပ်သွားတဲ့ နမူနာလေး ရွတ်ပေးလိုက်ပါတယ်ရှင်။


မန်းကနက်မှာဖြင့် နန်းဆက်နှစ်ကြိမ်မြင်လို့ အတင်းပင် ပယ်လှန်၍ မြန်နိုင်ငံ စိုးပိုင်သပေတဲ့ နံစနေ တီးပါပတို့မှာ ကြီးဒုက္ခ ရောက်တော့မယ် xxx ပမာမှီးရလျှင်ဖြင့် ပြည်ကြီးရယ် ပဉ္စာက၊ ၀ိဒေဟာ မဟောစမ်းသည့်နှယ်၊ ဉာဏ်စွမ်းရည် မတူတန်သည့် ပြည်ကြီးစံ ရွတ်ရှပ်မင်းတို့က သေနင်္ဂါဗျူဟာ ကျင်းပါလို့၊ ဘိလပ်ပိုင်နယ်ကို သွင်းသည့်ပြင် ပါလီမန် လွှတ်တော်နင်းမည်ဟု၊ သတင်းစာ သည်လို ထွက်ပြန်တော့ စိတ်လက်တော်နေမကြည်၍ ဧကရီ မာန်မချခဲ့လျှင်၊ သည်နိုင်ငံ ဣန္ဒြိယမှာတော့၊ ကိန်းပါပ ၀င်တော့မယ် xx မှန်တကယ်မလွဲ xx သိုက်အထွက်မှာတော့ နတ်စက်ရောင် ဆရာတော်နှင့် ပုဏ္ဏားကျော် ဇာဂရုတို့က ကိုးခုဝသန် ကုန်ခဲ့လျှင် ပြည်တဂုံ ဟံသာထီးမှာ လောဟိတံ ချောင်းရေစီးလိမ့်မတဲ့ ရပ်ကြီးစံ ကညာခင်တို့ ဆံကာတင် ချစ်လင်နဲ့ မလွဲရအောင် ရတနာ ပလ္လင် ဓမ္မရာဇ် အရှင်မှာ မြဲကြတော့ကွယ်၊ ပွဲတွေ့နှစ်ပဲ။ ။
(ပွဲတွေ့နှစ်ပဲ သံချို)


[ မူရင်း – BBC အသံလွှင့်ဌာန၊ မြန်မာပိုင်း အစီအစဉ် bbcburmese.com ]


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts