နိုင်ငံတကာရေးရာ

Int’l TheGeek – စိတ်ဝင်စားမိတဲ့ နိုင်ငံတကာသတင်းခေါင်းစဉ်များ – မတ် ၂၀

စိတ်ဝင်စားမိတဲ့ နိုင်ငံတကာသတင်းခေါင်းစဉ်များ – မတ် ၂၀

နိုင်ငံတကာသာဂိ၊ မတ် ၂၀၊ ၂၀၁၂

 ရစ်ပတ်ဘလစ်ကန်ပါတီအတွက် အမေရိကန်သမ္မတလောင်း ပြိုင်ပွဲ

            ၂၀၁၂ နိုဝင်ဘာမှာ အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပမယ်။ ၂၀၁၂ နှစ်မဆန်းခင်ကတည်းက အတိုက်အခံပါတီ ရစ်ပတ်ဘလစ်ကန်က သူတို့ပါတီကိုယ်စားပြုမယ့် သမ္မတလောင်း ရွေးပွဲကို ပြည်နယ်အနှံ့မှာ ကျင်းပနေတယ်။ အာဏာရဒီမိုကရက်ပါတီရဲ့ လက်ရှိသမ္မတ အိုဘားမားကို ယှဉ်ဖို့ အတိုက်အခံရစ်ပတ်ဘလစ်ကန်တွေ အကြိတ်အနယ်ကို မင်းလောင်းရှာနေကြလေရဲ့။ လက်ရှိ မင်းလောင်းရွေးပွဲမှာ ပြိုင်ဖက် ၃ ဦးက မစ်တ်ရော်နီ၊ ဆန်တိုရမ်နဲ့ နယုဂင်းဂရစ် ဖြစ်တယ်။ အကြမ်းအားဖြင့် သူတို့အားသာချက်တွေကို ပြောရရင် မစ်တ်ရော်နီက လုပ်ငန်းရှင်များအကြိုက် အရင်းရှင်မင်းလောင်း၊ ဆန်တိုရမ်က ဘာသာရေးသမားတွေအကြိုက် ရှေးရိုးစွဲမင်းလောင်း၊ နယုဂင်းဂရစ်ကတော့ ခေတ်ပေါ်နိုင်ငံရေးသမားတွေအကြိုက် အပြောကတော့ ရွှေမန်း မင်းလောင်းလို့ ပြောချင်တယ်။

            အရင်းရှင်မင်းလောင်းက ဘာပြောသလဲဆိုတော့ အရင်းရှင်တွေကို အစိုးရက အခွန်အတုပ် စည်းမျဉ်း စည်းကမ်းတွေချမှတ်တာကို မရှိစေရလို့ ပြောပြီး မဲဆွယ်တယ်။ ဘာသာရေးသမား မင်းလောင်းကတော့ သာသနာပြုရေးက အဓိက၊ ဘာသာရေးလွတ်လပ်ခွင့်က အားလုံးအထက်ကလို့ ပြောပြီး အယုံသွင်းတယ်။ ခေတ်ပေါ်အကြိုက်ပြောမင်းလောင်းကတော့ လပေါ်အထိ နယ်ချဲ့မယ်၊ အမေရိကန်ကြီးစိုးရေးသာ အရေးအကြီးဆုံး ဘာညာလျောက်ပြောတယ်။ လက်ရှိမှာ သူတို့တတွေ အကြိတ်အနယ်ပဲ။ တဦးနဲ့ တဦး ပုတ်ခတ် တိုက်ခိုက် အပုတ်ချနေလိုက်တာလဲ တဖက်က ဒီမိုကရက်ပါတီကတောင် ရင်သတ်ရှုမောဖြစ်ရတယ်။ တကယ် သမ္မတလောင်းအဖြစ် ဘယ်သူတက်မလဲဆိုတာ ၂၀၁၂ သြဂုတ် ရစ်ပတ်ဘလစ်ကန်ပါတီညီလာခံမှာ ဆုံးဖြတ်ပါလိမ့်မယ်။

            စီးပွားပျက်ကပ်ဆိုက်နေတဲ့ အမေရိကန်ဟာ ပါတီသမ္မတလောင်း ပြိုင်ပွဲမှာတောင် မဲဆွယ်ဖို့ ၀ါဒဖြန့်ချိရေးအတွက် သုံးစွဲတဲ့ ဒေါ်လာ သန်း ၁၀၀ တောင် ပေါင်းလိုက်ရင် ပြည့်တော့မယ် ဆိုပဲ။ တကယ့် သမ္မတလောင်း ပြိုင်ပွဲမှာ သုံးစွဲမယ့် ပါတီ ၂ ဖက် ထိပ်တိုက် မဲဆွယ်မယ့် အသုံးစာရိတ်ဟာ ကြောက်ဖွယ်လိလိ ကြီးမားလိမ့်မယ်။ အဓိကကတော့ အရင်းရှင်တွေ၊ ဘာသာရေးသမားတွေ၊ အစွန်းထွက် အယူဝါဒသမားတွေနဲ့ စပယ်ရှယ်အင်ထရက်စ်လို့ ခေါ်တဲ့ (special interest) သီးခြားအရေး တက်ကြွနိုးကြားလှုပ်ရှားသူ အစုအဖွဲ့တွေရဲ့ သန်ရာ တူရာ ပါတီသမ္မတလောင်းအတွက် မဲဆွယ်အသုံးစရိတ်တွေ သုံးကြ၊ ရမ်းကြပုံတွေ သတင်းဆက်ရေးပါဦးမယ်။

ဆီးရီးယား လူထုတော်လှန်ရေး ၁ နှစ်ပြည့်ပြီ

            လွန်ခဲ့တဲ့ မတ်လက စတင်ခဲ့တဲ့ လူထုရဲ့ အစိုးရဆန့်ကျင်တဲ့ တော်လှန်ရေးတိုက်ပွဲ အခု ၁ နှစ်ပြည့်ပြီ။ အာဆဒ်အစိုးရက အကြမ်းဖက် နှိမ်နှင်းသတ်ဖြတ်လို့ အပြစ်မဲ့ လူ ၇ ထောင် သေခဲ့ပြီ။ အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်တွေကလည်း ပြန်လှန်တိုက်ခိုက်နေကြတဲ့အတွက် ပြည်တွင်းစစ်ဖြစ်လုနီးပါး သွေးချောင်းစီးနေခဲ့ပြီ ဖြစ်ပါတယ်။ အာရပ်နိုင်ငံပေါင်းချုပ် အဖွဲ့က ၀င်ရောက်ဖြန်ဖြေသော်လည်း ကုလလုံခြုံရေးကောင်စီမှာ လက်နက်ကုန်သည် ရုရှားနဲ့ ပြည်ပဈေးကွက်ကုန်သည် တရုတ်တို့က ကာဆီးထားလို့ အီဂျစ်နဲ့ လစ်ဗျားတို့လို နိုင်ငံတကာနဲ့ အိမ်နီးချင်းတို့က လက်နက်မဲ့ပြည်သူတွေကို ကာကွယ်ပေးဖို့ အခွင့်မသာသေးဘူး။

            သမ္မတကြီးအာဆဒ်နဲ့ ငယ်စဉ်ကတည်းကသိကျွမ်းတဲ့ လက်စွမ်းသိပ်ပြတဲ့ ကာတွန်းဆရာတဦးကို လုံခြုံရေးတပ်က ဖမ်းဆီးပြီး နောက်ကာတွန်းမဆွဲနိုင်အောင် လက်တွေ၊ လက်ချောင်းတွေကို ရိုက်နှက်နင်းခြေ ဆုံးမခဲ့သတဲ့။ အဲသည်ကာတွန်းဆရာကတော့ ပြည်သူတွေအတွက် ဆက်ရေးနေဦးမှာပဲလို့ အင်တာဗျုးတခုမှာ ပြောသွားတယ်။ အရင်တုန်းကတော့ အာဏာရှင်တွေက ပ စားပေးထားလို့ တောင်ခြစ် မြောက်ခြစ် ရေးရဲ ပြောရဲ စွာရဲတဲ့ ကာတွန်းဆရာသာဆိုရင်တော့ အဲသည်လို ပညာပေးခံရရင် ဘယ်ဆက်ရေးရဲတော့မလဲလေ။

သတင်းနဲ့ အပုပ်ချခံရတဲ့ တရုတ်ပြည်မှာ လုပ်တဲ့ ပန်းသီး

            ပန်းသီးဟာ အမေရိကန်မှာ အလွန်ခေတ်စားတယ်။ ပန်းသီးဆိုတာ စားစရာမဟုတ်၊ ကွန်ပျူတာ တယ်လီဖုံး ရုပ်သံစက်ကိရိယာ တခုဖြစ်တယ်ဆိုတာ သိကြမှာပါ။ ပန်းသီးကို တရုတ်ပြည်က စက်ရုံတွေမှာ ထုတ်တယ်။ တရုတ်ပြည်ဆိုတာကလည်း အဓမ္မလုပ်သားတွေသုံး၊ အလုပ်သမားဥပဒေ ချိုတဲ့တဲ့ တိုင်းပြည်ဆိုတော့ ပန်းသီးထုတ်ကုန်တွေဟာ ခေါင်းပုံဖြတ် ဂုတ်သွေးစုတ်ပြီး ထုတ်ထားတဲ့ ကိရိယာတွေလို့ Rights အုပ်စုတွေက အခွင့်ရသလို ပွက်ကျလေ့ရှိတယ်။

            ယခင်လကတော့ အမေရိကန်၊ လူထုရေဒီယို လေလိုင်း၊ အမေရိကန်ဘ၀ကဏ္ဍကနေ မိုက်ခ်ဒေစီဆိုတဲ့ သတင်းသမားက ကိုယ်တွေ့ တရုတ်ပန်းသီးစက်ရုံက အလုပ်သမား ဘ၀ဆိုပြီးတော့ တရုတ်အလုပ်သမားတွေဟာ မတရား ညှင်းပန်းအလုပ်ခိုင်းစေခံထားရကြောင်း တင်ပြ ဆွေးနွေးသွားတယ်။ တကယ်တန်း NPR – American Life စီစဉ်သူတွေ လိုက်စုံစမ်းတော့ အဲသည် ဒေစီဆိုတဲ့ လူက လုပ်ကြံလိမ်ညာပြီး ပန်းသီးကို အပုတ်ချတိုက်ခိုက်တဲ့အကြောင်း ပေါ်ထွက်လာပါတော့တယ်။

            သူ့ကို အမေရိကန်၊ လူထုရေဒီယို လေလှိုင်း၊ အမေရိကန်ဘ၀ကဏ္ဍမှ စီစဉ်သူက ပြန်လှန်မေးခွန်းတွေနဲ့ ပြန်ဖြေရှင်းချက်တောင်းတယ်။ သူက ပြန်ပြောတယ်။ သူတင်ဆက်တာက သတင်းထုတ်ပြန်ချက်မဟုတ်ဘူးတဲ့။ သူတင်ဆက်တာက ဇာတ်နာအောင် တင်ဆက်လိုက်တဲ့ ဇာတ်လမ်းတခုသာ ဖြစ်တယ်တဲ့။ လူတွေက အမှန်ထင်သွားတာတော့ သူတို့ ဒုက္ခနဲ့ သူတို့ တဲ့ ဗျား။

            လက်ရှိမှာတော့ တရုတ်ပြည်လုပ်တဲ့ ပန်းသီးဟာ အရောင်းစွံလွန်းလို့ အဲသည်ကုမ္မဏီဟာ အနည်းဆုံး မြန်မာပြည်ထက်တော့ ချမ်းသာတယ် ဆိုပဲ။ (သတင်းထဲမှာ ဟော်လန်ထက် ချမ်းသာတယ်လို့ ရေးထားတာ၊ ဇာတ်နာအောင် ပြင်ရေးလိုက်တယ်)။

သားဆက်ခြားဖို့၊ ကိုယ်ဝန်တားဖို့ မိန်းမကော၊ ယောကျာ်းပါ တာဝန်ရှိတယ်

            အမေရိကန်အစိုးရက နေရာတကာပါတယ်။ လက်ရှိ ဒီမိုကရက်တွေက လွတ်လပ်ခွင့်တွေ၊ အခွင့်အရေးတွေ ရှေ့တန်းတင်တော့ ကျန်းမာရေးအာမခံ (Health Insurance) လူတိုင်းရှိရမယ်လို့ ဥပဒေပြဋ္ဌာန်းတယ်။ ကွန်ဆာဗေးတစ်တွေက ကျန်းမာရေးဆိုတာ တကိုယ်ရေ တကာရကိစ္စ၊ အစိုးရ မပါနဲ့။ ကိုယ့်ကျန်းမာရေး အာမခံချက်တွေ၊ ဆေးကုသခွင့်အရေးတွေ တသီးပုဂ္ဂလသဘော၊ ဥပဒေသတ်မှတ်ပြီး အတင်း ၀ယ်ခိုင်းစရာမလိုဘူးလို့ ကန့်ကွက်ကြတယ်။

            အခုလည်း တဖန်၊ အမျိုးသမီးတွေ ကိုယ်ဝန်တားဆေး၊ သားဆက်ခြားဆေးတွေ ကုသခွင့်တွေကို ကျန်းမာရေးအာမခံကုမ္မဏီတွေအားလုံးက ၀န်ဆောင်မှုပေးရမယ်လို့ အမေရိကန်အစိုးရက ထုတ်ပြန်တယ်။ ခရစ်ယာန်ကျောင်းတွေက ဘာသာရေးအကြောင်းပြချက်နဲ့အမျိုးသမီးဝန်ထမ်းတွေအတွက် သားဆက်ခြားတာ၊ ကိုယ်ဝန်တားတာကို ကျန်းမာရေးအာမခံမပေးမှာစိုးလို့ အစိုးရက ၀င်စွက်တာပေါ့လေ။ ဘာသာရေးအဖွဲ့တွေက တိုက်ရိုက်အာမခံပေးစရာမလိုပါဘူး။ သူတို့တွေရဲ့ ကျန်းမာရေးအာမခံပေးတဲ့ ၀န်ဆောင်မှုကုမ္မဏီတွေကို တဆင့် ဆောင်ရွက်ပေးဖို့ ခိုင်းတာပါ။ ဒါကို ဘာသာရေးအယူသီးသူများက အစိုးရက ဘာသာရေးကို ၀င်စွက်တယ်လို့ အော်ဟစ် ဆန္ဒပြနေကြလေရဲ့။

            လောကီလူ့ဘုံမှာ ဖိုမ ဆက်ဆံရေးဆိုတာ မရှိဘဲ နေကြတာလည်း မဟုတ်တော့၊ ကိုယ်ဝန်တားတာ၊ သားဆက်ခြားတာကို ကျန်းမာရေးနဲ့ သိပ္ဗံနည်းကျ ချည်းကပ်ဆောင်ရွက်နေကြတာ ရှက်စရာမဟုတ်တဲ့ အမေရိကန်မှာ ကျန်းမာရေးအာမခံဝန်ဆောင်မှုပေးသူလုပ်ငန်းတွေကလည်း သူတို့အတိုင်းအတာနဲ့ လုပ်ပေးမယ်လို့ စီစဉ်နေကြပါပြီ။

သို့သော်လည်း ဘာသာရေး အယူသီးသူ၊ ရှေးရိုးစွဲ အစွန်းရောက်သူတွေက ဘယ်လို ပြောလာသလဲ ဆိုတော့ –  မိန်းမတွေ သားဆက်ခြားတာ၊ ကိုယ်ဝန်တားတာကို အစိုးရက ၀င်ဆောင်ရွက်ပေးရမယ်သာဆိုရင် မိန်းမတွေ လိင်ဆက်ဆံတိုင်း အစိုးရနဲ့ အခွန်ထမ်းပြည်သူတွေပါ သက်ဆိုင်တယ်။ သူတို့တွေ အိပ်ယာဝင်တာကို စောင့်ကြည့်ခွင့်ရှိကြရမယ်၊ အဲသလို တားဆေးတောင်းတဲ့ မိန်းမတွေဟာ ဖာသည်မတွေပဲ ဆိုတဲ့ အထိ ရှုတ်ချပြောဆိုကြသေးသဗျား။

အဲသည်လို တရားလက်လွတ်ပြောတဲ့ ရေဒီယိုကွက်စိတ်ဆရာ (Rush Limbaughx) တယောက်က အားလုံးဝိုင်းကန့်ကွက်ကြလို့ တောင်းပန်လိုက်ရတယ်။ သူ့ဆီက ကြော်ငြာရှင်တွေ အများအပြား ရုတ်သိမ်းကုန်ကြတယ်။

အဲသည်မှာ အမေရိကန်လွှတ်တော်က အမတ်တချို့နဲ့ အမျိုးသမီးအခွင့်အရေး နိုးကြားလှုပ်ရှားသူတွေက ဖိုမဆက်ဆံရေးမှာ မိန်းမတွေတင် တာဝန်ရှိတာမဟုတ်ဘူး။ တဖက်က ကျားသတ္တ၀ါတွေမှာလည်း တာဝန်ရှိတယ်။ ကျားတွေအတွက်လည်း သားကြောဖြတ်တာတွေကို အားပေး ၀န်ဆောင်မှု ပေးကြရမယ်။ လိင်ထကြွဆေး ဆရာဝန်ဆီ လာတောင်းသူတွေကိုလည်း စိတ်ကုဆရာဝန်နဲ့ ပြသဖို့ လိုတယ်ဆိုပြီး ပြန်လည် မြားဦးလှည့် အရေးဆိုလာကြလေရဲ့။

 မြန်မာပြည်မှာဆိုရင်တော့ လွှတ်တော်အမတ်တွေက လူ့အခွင့်အရေးတို့၊ ယောကျာ်း၊ မိန်းမ၊ အခွင့်အရေးတို့ တောင်းဆိုဖို့ မပြောနဲ့ဦး၊ လွှတ်တော်အမတ်များ အခွင့်အရေးတောင် မတောင်းရဲသေးလို့ ဧပြီင်္လ ၁ရက် ရွေးကောက်ပွဲကျော်မှ မရဲတရဲ တောင်းကြည့်ကြဦးမယ် ဆိုလား အတင်းစကား ကြားမိပါရဲ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts