>Min Han – Jack London – last part

>

 
မြင်းစီးနေရသော လှေထိုးသား (သို့မဟုတ်) ဝံပုလွေကြီး၏ ဘဝနှင့်စာပေ  – ဇာတ်သိမ်း
မင်းဟန်
မတ် ၅၊ ၂၀၁၀
ချာတိတ် ဆိုရှစ်လစ်
ပြည်တွင်းစစ်အပြီး တည်ငြိမ်မှုရှိခဲ့သော အမေရိကန်သည် ဆယ်နှစ်တကြိမ် ဆိုက်ကပ်လေသော စီးပွားရေးကပ်ကြောင့် စက်ရုံ၊ အလုပ်ရုံပေါင်းများစွာအား ပိတ်လိုက်ရ၏။ ဘဏ်တိုက်ကြီးများ ဒေဝါလီခံကြရ၏။ အလုပ်လက်မဲ့တို့က တနေ့တခြားလမ်းပေါ်တွင် များလာ၏။ သန်းနှင့်ချီသည်။ အိမ်ဖြူတော်နှင့် ကွန်ကရက်သည် ထိုပြဿနာအား မည်သို့ကိုင်ရမည်မသိ…..။ စမ်းတဝါးဝါးဖြစ်နေသည်။
ဤတွင် … အိုဟိုင်အိုးပြည်နယ်မှ မစ္စတာ ‘ကိုစီ’ ဆိုသူက အလုပ်လက်မဲ့တပ်မတော်ကြီး ဖွဲ့စည်းပြီး ဝါရှင်တန်သို့ ချီမည်။ ဝါရှင်တန်တွင် အိမ်ဖြူတော်နှင့် တွေ့မည်။ လွှတ်တော်အာဏာပိုင်တို့နှင့် တွေ့မည်။ တွေ့ပြီး … အလုပ်လက်မဲ့ပြဿနာကို ဖြေရှင်းပေးဖို့ တောင်းဆိုမည်။ အလုပ်လက်မဲ့တပ်မတော်၏ ဗိုလ်ချုပ်ကြီးကို စီးဦးဆောင်သည့် တပ်မကြီးသည် ဤသို့နှင့် အိုဟိုင်အိုးမှ ဝါရှင်တန်သို့ ခရီးရှည်ချီတတ်ကြတော့၏။
ဤသို့နှင့်… ကိုစီလမ်းစဉ်အတိုင်း ဥက္ကလန်မြို့တွင်လည်း အလုပ်လက်မဲ့တပ်ဗိုလ်… ဗိုလ်ချုပ်ကြီး ကယ်လီဦးဆောင်သည့် အလုပ်လက်မဲ့တပ်မတော်ကြီးသည်လည်း ဝါရှင်တန်သို့ ချီပြန်လေ၏။
ဗိုလ်ချုပ်ကြီးကယ်လီ၏ အလုပ်လက်မဲ့တပ်မတော်တွင် ဂျက်သည် တပ်သားတယောက်အဖြစ် ဝင်၏။ ဝါရှင်တန်သို့ချီရာတွင် လိုက်ပါခဲ့၏။ ဤသို့နှင့်… ဂျက်သည် အလုပ်သမားလှုပ်ရှားမှုနှင့်စပြီး နိုင်ငံရေးအား စတင်လှုပ်ရှားခဲ့သည်ဟု ဆိုရမည်။
အလုပ်သမားလှုပ်ရှားမှုများအတွင်း ခြေချပါဝင်ခဲ့သော ဂျက်သည် တိကျမှန်ကန်သည့် နိုင်ငံရေးဝါဒနှင့် သဘောတရားများကို ရှာဖွေလေ့လာခဲ့၏။
စိန့်ဆိုင်မွန်၊ ဘေးရီးယား၊ ပရိုဒွန်တို့၏သဘောတရားများကို အကြိမ်ကြိမ်ဖတ်၏။ မှတ်၏ တွေးတော၏။ ‘ပဲရစ်ကွန်ဗြွန်း’ အရေးတော်ပုံကြီးနှင့်ပတ်သတ်၍ ယျထာဘူတ ပညာရှင်များ၏ ကျမ်းများကိုလည်း ရှာဖတ်၏။ နိုင်ငံရေးအာဏာသိမ်းပိုက်ပြီးပါမှ အရေးနိမ့်သွားရသော တော်လှန်ရေးကြီးကို မကျေမချမ်းဖြစ်ရ၏။ မချိတင်ကဲဖြစ်ရ၏။ သင်္ခန်းစာလည်း ထုတ်မိ၏။
ရုရှားမှ ‘ဘာကူနင်’ ၏ အနာကစ်ဝါဒသဘောတရားနှင့် ဗြိတိန်ရှိ ‘ဖေဘီယန်း’ ဆိုရှယ်လစ်ဝါဒတို့ကိုမူ ဂျက်က သဘောမတူ …။
ကားလ်မက် နှင့် ပရဲဒရစ်အိန်ဂျယ်တို့ ပြုစုသည့် ‘ကွန်မြူနစ်ကြေညာစာတမ်း’ ကိုမူ ဂျက်သည် နှစ်နှစ်ကာကာ သဘောကျ၏။ စွဲစွဲနှစ်နှစ် ယုံကြည်၏။
“ဆိုရှယ်လစ်ဝါဒီများအတွက် ၎င်းတို့၏ ရည်မှန်းချက်နှင့်သဘောထားများကို ဖုံးကွယ်ထားရန် ဘာအကြောင်းမှ မရှိချေ။ တည်ရှိဆဲဖြစ်သော လူမှုရေးစနစ်အဆောက်အအုံကြီး တရပ်လုံးကို အကြမ်းဖက်သော နည်းဖြင့်သာ မှောက်လှန်ပယ်ရှားနိုင်သော ပြောင်ပြောင်တင်းတင်း ထုတ်ဖော်ကြေညာဝံ့ရမည်ဖြစ်၏။ ယင်း ကြေညာချက်ဖြင့် အုပ်စိုးသူလူတန်းစားတရပ်လုံး သွေးပျက်ချောက်ချားသွားပါစေ၊ နှောင်တည်းထားသော အနှောင်အဖွဲ့များမှလွဲ၍ အရင်းမဲ့များတွင် ဆုံးရှုံးစရာ အခြားဘာမျှမရှိ၊ ကမ္ဘာမြေတခုလုံးကို အောင်နိုင်စရာသာရှိ၏။ ထို့ကြောင့် နိုင်ငံတကာမှ အလုပ်သမားများများ စည်းလုံးညီညွတ်ခြင်း ရှိကြလော့ … …”
ဤအပိုဒ်အား ဖတ်တိုင်း ဂျက်သည် ကြက်သီးဖျန်းဖျန်းထသည်ဟု ဆိုသည်။ သဘောတရားရေးအရ လေ့လာသကဲ့သို့ လက်တွေ့တွင်လည်း ဂျက်သည် လုပ်ဆောင်သည်။
ပထမ ဥက္ကလန် အလုပ်သမားအသင်းအဖွဲ့များတွင် ပါဝင်၏။ ဆွေးနွေးပွဲများ၊ တရားပွဲများတွင် တတ်တတ်ကြွကြွ…။ ထိုမှတဆင့်… ဂျက်သည် ဥက္ကလန် ဆိုရှယ်လစ်အလုပ်သမားပါတီနှင့် နီးစပ်ယဉ်ပါးခဲ့၏။
အမေရိကန်နိုင်ငံလုံးဆိုင်ရာ အလုပ်သမားပါတ်ီရပ် ပီပီပြင်ပြင်… ခိုင်ခိုင်ခံ့ခံ့တည်ဆောက်နိုင်ရန် ဂျက်သည် လှုံ့ဆော် စည်းရုံး၏။ ပါတီအစည်းအဝေးများတွင် အလုပ်သမားလူတန်းစားပါတီတရပ်တွင် အယူဝါဒ သန့်ရှင်းစင်ကြယ်စေဖို့ … ခိုင်ခန့်ဖို့ အရေးကြီးကြောင်း ရပ်ခံတင်ပြ၏။ ပစ္စည်းမဲ့တော်လှန်ရေးကြီးတရပ်၏ သွားရာလမ်းသည် မဲပုံးထောင်သော လမ်းမဟုတ်… ဟု ဂျက်က ခိုင်ခိုင်မာမာ ယုံကြည်၏။
ယုံကြည်သည့်အတိုင်းလည်း လှုံ့ဆော်သည်။ လူထုတရားပွဲများ၌ လူထုအား အရင်းအတိုင်း ပွင့်ပွင့်လင်းလင်း ချပြ၏။ ဟောပြော၏။ ရှင်းလင်းပြ၏။ ဟောပြောပွဲများ၌ ဂျက်သည် … …
          “… … ကြိုးကိုင်ချယ်လှယ်နေကြသူများကို အမြန်ဆုံးရှင်းလင်းဖယ်ရှားရမည်။ ပြီးတော့… အမေရိကန် လူ့အဖွဲ့အစည်းကို အသစ်တဖန်ဖွဲ့စည်းရမယ်… …” ဟူ၍ အမြဲ နိဂုံးချုပ်ပြောတတ်၏။ သူ၏ ရဲရဲတောက် ဟောပြောချက်များကြောင့် ဥက္ကလန်ရှိ ပုဂ္ဂိုလ်များက ပြည်ထောင်စုငြိမ်ဝပ်ပိပြားရေးကို ပျက်စီးရာပျက်စီးကြောင်း လှုံ့ဆော်မှုနှင့် ဖမ်း၏။ ရုံးတင် တရားစွဲ၏။
သတင်းစာများက ဂျက်နှင့်ပတ်သတ်၍ စာလုံးမည်းကြီးများနှင့် သတင်းဖော်ပြကြသည်။ ခေါင်းစီးထိုးကြ၏။
“အမေရိကန်ပြည်ထောင်စုကို မှောက်လှန်ရန် ဟောပြောသည့် ချာတိတ်ဆိုရှယ်လစ်တဦး”
ဂျက်လန်ဒန်
ထိုစဉ်က … ဂျက်သည် ဆန်ဖရန်စစ္စကို ကမ်းလွန်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်ပြင်များတွင် သဘောရှိ စီးချင်းထိုးပြီး၍ ဥက္ကလန်အိမ်သို့ ပြန်ရောက်နေသည့်အချိန် ဖြစ်သည်။
ပါးစပ်လှုပ်ဖို့အတွက် ဂျက်သည် ဥက္ကလန်ရှိ ဂုန်လျော်စက်ရုံတရုံတွင် အလုပ်ကြမ်းသမားတဦးအဖြစ် လုပ်အားကို တနေ့ ဆယ်နာရီမျှထုတ်၍ ရောင်းချနေရ၏။ တနေ့ … ဆန်ဖရန်စစ္စကိုမြို့မှလစဉ်ထုတ်ဝေသည့် ‘ခေါ်သံ’ အမည်ရှိ မဂ္ဂဇင်းဝတ္ထုတို ဖိတ်ခေါ်ပြိုင်ပွဲတခု ပြုလုပ်၏။ ထူးခြားသော ကိုယ်တွေ့အဖြစ်အပျက်တခုအား ရေးသားရန်ဟူ၍ မှတ်ချက်နှင့်ဖြစ်သည်။ စာမူခအတွက် ဆုချီးမြှင့်မည်က ၂၅ ဒေါ်လာ …။ ဂျက် ထိုမဂ္ဂဇင်းသို့ စာမူတပုဒ် ရေး၍ပို့သည်။
“တရုတ်ကမ်းလွန်ပင်လယ်ပြင်မှ လေပြင်းမုန်တိုင်း” ဟူသည့် ဝတ္ထုတိုဖြစ်သည်။ ‘ဆူသာလင်’ သဘောင်္တွင် သဘောင်္သားဘဝ သူ့၏အတွေ့အကြုံအချို့ …။ လူသားနှင့် သဘာဝအရိုင်း၏ စီးချင်းထိုးပွဲ…။ ဂျက်၏ဝတ္ထုတိုအား ‘ခေါ်သံ’မဂ္ဂဇင်းက ရွေးချယ်၍ ဖော်ပြခဲ့သည်။ ထိုစာမူက ဂျက်၏ပထမဆုံး ပုံနှိပ်ဖော်ပြခံရသော စာမူ …။ ပုံနှိပ်စာလုံးနှင့် သူ၏စာမူအား တွေ့မြင်ရပြီးနောက် ဂျက်သည် ဝတ္ထုတိုများအား တပုဒ်ပြီးတပုဒ် ရေးတော့၏။ တဖက်က တနေ့ ဆယ်နာရီ အလုပ်လုပ်ရင်း … ရသမျှအချိန်အတွင်း လုံ့လထုတ်၍ ရေးသားခဲ့ရခြင်းဖြစ်၏။ တပုဒ်ပြီး … တပုဒ်မဂ္ဂဇင်းတိုက်သို့ ပို့၏။ တပုဒ်ပြီး တပုဒ် မဂ္ဂဇင်းတိုက်မှလည်း ပယ်၏။ ၅ ပုဒ်ခန့် ဆက်တိုက် ပယ်ခံရပြီးသောအခါ ဂျက်သည် ဆက်မပို့တော့…။ စာရေးခြင်းကိုမူ မဖျက်……။ ဆက်၍ ရေးသည်သာ …။
အမေရိကန်ပြည်ထောင်စု အရှေ့ဖက်ကမ်းခြေအနှံ့ ခြေသလုံးအိမ်တိုင်ကူးခဲ့ပြီးနောက် … ဂျက်သည် ဥက္ကလန်သို့ ပြန်လာပြန်၏။
၁၈၉၅ ခုနှစ် …။
ဥက္ကလန်အထက်တန်းကျောင်းတွင် ကျောင်းကူလုပ်ရင်း အထက်တန်းပညာအား သင်၏။ ထိုစဉ်က … ဂျက် အသက်သည် ၁၉ နှစ်ခန့် ရှိပြီ။ ဥက္ကလန်အထက်တန်းကျောင်းမှ ‘ခေတ်’အမည်နှင့် စာပေမဂ္ဂဇင်းတစောင်အား လစဉ်ထုတ်၏။
ဂျက်သည် ခေတ် မဂ္ဂဇင်းတွင် ဆောင်းပါးနှင့် ဝတ္ထုတိုများရေး၏။  ခေတ် မှလည်း ဖော်ပြသည်။ ခေတ်တွင် ဖော်ပြပါရှိသည့် ဝတ္ထုတိုများက … ခြေသလုံးအိမ်တိုင် ကလေကချေတို့၏ ဘဝများ …။ အမောများ …။ အားမာန်များ … …။ ရင်ခုန်သံများ …။
ဆောင်းပါးတပုဒ်၌ ဂျက်သည် ဆိုရှယ်လစ်ဝါဒသဘောတရား အကြောင်းဖော်ပြ၏။ ပညာရေးအား ဝေဖန်၏။ ဒီမိုကရေစီပညာရေးစနစ် လိုအပ်ကြောင်း ထောက်ပြ၏။ ထိုဆောင်းပါးကြောင့် ဥက္ကလန်ရှိ ပညာရေး အာဏာပိုင်တို့က မျက်လုံးပြူးကုန်ကြရ၏။ တုန်လှုပ်ချောက်ခြားကြရ၏။ ပြီးလျှင် … … မခံမရပ်နိုင်ဖြစ်ကြ၏။
ရလဒ်ကား … ဂျက်၏စာမူများအား ခေတ် တွင် ဖော်ပြပါရှိခြင်း မရှိတော့ …။ မကြာ … ဂျက်ကိုလည်း အကြောင်းရှာ၍ ဥက္ကလန်အထက်တန်းကျောင်းမှ ထုတ်ပစ်လိုက်တော့၏။
ခေတ် မဂ္ဂဇင်းက ဂျက်၏စာမူများကို မဖော်ပြတော့သော်လည်း သူသည် စာရေးမပျက် … ။ ရေး၏။ သူ့တွင် ရေးပြီးသား ဝတ္ထုတို ပုဒ်ရေ ၅၀ခန့် နှင့် ဆောင်းပါးပုဒ်ရေ ၃၀ ခန့်ရှိသည်။ ထိုသို့သော စာမူများအား ဂျက်သည် တံဆိပ်ခေါင်းဖိုးရှာပြီး အမေရိကန်ပြည်ထောင်စုရှိ လစဉ်ထုတ် ဂျာနယ်၊ မဂ္ဂဇင်းများသို့ ပို့၏။ ပို့သော်လည်း … ဖော်ပြခံရခြင်းကား မရှိ …။ သူ၏ ထိုထိုသော စာမူများက … အမေရိကန် အလုပ်သမား လူတန်းစားနှင့် အဖိနှိပ်ခံပြည်သူများ၏ဘဝအားဖွဲ့သည့် ဘဝသရုပ်ဖော်ဝတ္ထုတိုများနှင့် ဆိုရှယ်လစ် သဘောတရား၊ အလုပ်သမားလှုပ်ရှားမှု အကြောင်းအရာတို့ကို ရေးသားသည့် ဆောင်းပါးများသာ ဖြစ်၏။
အခြေအနေကား … ထုတ်ဝေသူ၊ အယ်ဒီတာတို့က ဂျက်၏ စာမူပါအကြောင်းအရာနောက် လိုက်၍မမှီ …။ ကွာဟနေသကဲ့သို့ …။ မဂ္ဂဇင်းများတွင် သူ၏စာမူများအား ဖော်ပြခြင်းမရှိသည့်အရေးအပေါ် … ဤသို့ ဂျက် ဆင်ခြင်မိ၏။ ဤတွင် … လူတန်းစားအဖွဲ့အစည်းအတွင်း လူတန်းစားတိုက်ပွဲအကြောင်းအရာမှ … လူသားနှင့် သဘာဝအရိုင်း တိုက်ပွဲများဆီသို့ ဦးလှည့်၍ ‘ချ’ ရေးရတော့၏။
‘ခရီးလမ်းကြမ်း’ ဝတ္ထုတိုအား ရေး၏။ ခရီးလမ်းကြမ်းက ရေခဲပြင်၊ ဆီးနှင်း၊ မုန်တိုင်း၊ အမှောင်ထု၊ စွပ်ဖားဆွဲသည့်ခွေးများနှင့် ရွှေတူးသမား၏ တိုက်ပွဲ …။ သက်ရှိနှင့် သက်မဲ့၏ ပဋိပက္ခ … …။ ခရီးလမ်းကြမ်း အား အမေရိကန်နိုင်ငံထုတ် မဂ္ဂဇင်းတစောင်က ရွေးချယ်ဖော်ပြ၏။ စာမူခအဖြစ် ၅ ဒေါ်လာ ချီးမြှင့်မည့်အကြောင်း သူထံသို့ အကြောင်းကြား၏။
မဂ္ဂဇင်းတွင် ခရီးလမ်းကြမ်းအား ဖော်ပြပါရှိခဲ့ပြီး ၂ လကြာသည့်တိုင် စာမူခ ၅ ဒေါ်လာက ဂျက်ထံသို့ ရောက်မလာ …။ သည်းညည်းမခံနိုင်တော့ …။ မီးရထားခိုးစီးပြီး မဂ္ဂဇင်းတိုက်ရှိရာမြို့သို့ သွားသည်။ ပြီးလျှင် … အယ်ဒီတာများအား ရိုက်ပုတ်ပြီး သူ၏စာမူခ ၅ ဒေါ်လာအား ထုတ်ယူခဲ့သည်ဟု ဆို၏။ ဂျက်လန်ဒန်က အမေရိကန်စာရေးဆရာများအနက် အယ်ဒီတာများအား ရိုက်ပုတ်၍ စာမူခတောင်းသူဟူ၍ ဆိုစမတ်ပြုရ၏။ သို့သော်လည်း … ရိုက်ပုတ်ခံရသည့် အယ်ဒီတာများနှင့် ရိုက်ပုတ်ခဲ့သည့် စာရေးဆရာတို့က နားလည်သင့်မြတ်ပြီး ‘နှင်းကမ္ဘာ’၊ ‘မိုင်လေးဆယ်ခရီး’၊ ‘ဝံပုလွေ့သားတော်’ စသည့်တို့ တပုဒ်ပြီးတပုဒ် ဖော်ပြခဲ့၏။
အမေရိကန်မဂ္ဂဇင်း သုံးလေးစောင်မှလည်း ဂျက်၏စာမူများအား ထည့်သွင်းဖော်ပြလာကြရာ … ဂျက်၏ စာပေအရေးအသားအပေါ် အမေရိကန် စာပေအသိုင်းအဝိုင်းသည် တစတစနှင့် ဂရုစိုက်လာကြတော့သည်။ ‘ချာတိတ်ဆိုရှယ်လစ်’ ဟု ကင်ပွန်းတပ်ခဲ့သည့် ဥက္ကလန်သတင်းစာများမှလည်း … ‘အလာအလားရှိသော လူငယ်စာရေးဆရာ ဂျက်လန်ဒန်’ ဟူ၍ ပြောင်းလဲညွှန်းလာကြ၏။
‘Black Cat’ မဂ္ဂဇင်းက အမေရိကန်တနိုင်ငံလုံးသို့ ထုတ်ဝေဖြန့်ချိသည့် မဂ္ဂဇင်းဖြစ်သည်။ အောင်မြင်ထင်ရှားသည့် မဂ္ဂဇင်းတခုဟု ဆိုရမည်။ အမေရိကန်ပညာရပ်ဝန်းမှ စောင့်ဖတ်ရသည့် မဂ္ဂဇင်း …။ ဤမဂ္ဂဇင်းကြီးမှ ဂျက်လန်ဒန်၏ ‘သေမင်းတထောင်’ ဝတ္ထုတိုအား ပထမဦးစွာ ထည့်သွင်းဖော်ပြ၏။ စာမူခအား ဒေါ်လာ ၄၀ ပေး၏။
ယခင်ကမူ စာမူတပုဒ်အား ၅ ဒေါ်လာသာ ရ၏။ စာရေးခြင်းဖြင့် ဝမ်းမီးအားငြိမ်းစေနိုင်ရာ၏ဟု ဂျက်သည် တွေးထင်မိလာ၏။ မကြာ …။ ‘မြောက်အရပ်ရှာပုံတော်ခရီး’ ဝတ္ထုတိုအား ‘အတ္တလန်တိတ်’ အမည်ရှိ မဂ္ဂဇင်း၌ ဖော်ပြပါရှိပြန်သည်။ အတ္တလန်တိတ် မဂ္ဂဇင်းက အမေရိကန်ပြည်ထောင်စုတွင်သာမက ဥရောပသို့တိုင် လက်တန်ရှည်၏။ မြောက်အရပ်ရှာပုံတော်ခရီး ဝတ္ထုတိုအတွက် ဂျက်သည် စာမူခ ဒေါ်လာ ၁၂၀ ရ၏။
ထိုစဉ်က… ဂျက်၏အသက်သည် နှစ်ဆယ်သုံး၊ နှစ်ဆယ်လေးနှစ်ခန့် ရှိပြီ။ သတင်းစာများက … ‘စာရေးဆရာကြီး မစ္စတာဂျက်လန်ဒန်’ ဟူ၍ ဖော်ပြညွှန်းလာကြ၏။
ဂျက်သည် … တနေ့လျှင် စာလုံးရေ နှစ်ထောင်ပြီးအောင် ရေး၏။ တပတ်လျှင် … တရက်သာ အနားယူပြီး ၆ ရက်တိတိ စာရေး၏။
‘Black Cat’ အတ္တလန်တိတ် မဂ္ဂဇင်းများကဲ့သို့ပင် အမေရိကန်၌ သြဇာကြီးကြသည့် ‘မက်ကလူး’၊ ‘ကော့စမိုပိုလီကန်’၊ ‘မီရာဆင်’၊ ‘ဟာပါး’ မဂ္ဂဇင်းတို့ကလည်း ဂျက်၏စာမူများအား အလုအယက် ဝယ်ယူ ဖော်ပြလာကြ၏။ ဂျက်၏ စာရေး၍ရသည့် ဝင်ငွေက တလလျှင် ဒေါ်လာ ၃၀၀ ထက် မနည်းတော့ … …။ ဂျက်၏ စာဖတ်ပရိသတ်သည်လည်း အမေရိကန်ပြည်ထောင်စုကိုကျော်လွန်ကာ ဥရောပအထိ ကျယ်ပြန့်၍နေလေပြီ။
ထုတ်ဝေသူများက ဂျက်၏ဝတ္ထုတိုများအား စု၍ စာအုပ်ထုတ်၏။ ဂျက်အား တနင့်တပိုးသော စာမူခအား ပေး၏။
‘မိဘရိုးရာ နှင့် နှင်းမုန်တိုင်း၏သားမြေးများ’ ဟူ၍ ဝတ္ထုတိုစုအား ထုတ်၏။ ရောင်း၍မလောက်…။ ထုတ်၍ မလောက် …။
ဂျက်၏ပထမဆုံး လုံးချင်းဝတ္ထုရှည်က … …‘နှင်းကမ္ဘာ၏ သမီးပျို’ ဖြစ်သည်။ နှင်းကမ္ဘာ၏သမီးပျို က လူဖြူ၊ လူမဲခွဲခြားရေးဝါဒများပါသော စာအုပ်ဖြစ်သည်။ ထုတ်ဝေသူတို့ မှန်းဆသလောက် … ရောင်းမလောက် မဖြစ်ခဲ့…။
တောင်အာဖရိကတွင် ‘ဘိုးဝါး’ စစ်ကြီးဖြစ်သည်။ A.P သတင်းဌာနက ဘိုးဝါး စစ်ပွဲသတင်း လိုချင်၏။ ဂျက်အား စစ်မြေပြင်သတင်းထောက်လှမ်းရယူပေးရန် ဂျက်အား ကမ်းလှမ်း၏။ ကုန်ကျစရိတ်အားလုံးအား ကျခံပြီး အသားတင် ရက်သတ္တပတ်လျှင် ဒေါ်လာ ၃၀၀ ပေးမည်ဟူ၍ ဖြစ်သည်။
မိခင်နှင့်ဇနီးကြား မပြေလည်သည့်အကြားမှ အဝေးသို့ပြေးချင်နေသော ဂျက်သည် AP ၏ ကမ်းလှမ်းချက်ကို လက်ခံလိုက်၏။
ဂျက်အင်္ဂလန်သို့ ရောက်သည်။ အင်္ဂလန်မှတဆင့် တောင်အာဖရိကသို့ …။ ခရီးစဉ်က … လန်ဒန်သို့ ရောက်သည်တွင် ဘာကြောင့်ရယ်မသိ … APမှ ကမ်းလှမ်းခဲ့သည့် စစ်သတင်းထောက် အလုပ်အား ဖျက်လိုက်သည်။
ဂျက်လန်ဒန် … လန်ဒန်တွင် ရောက်နေခိုက် … လန်ဒန်အရှေ့ပိုင်းရပ်ကွက်သို့ သွားသည်။ လန်ဒန် အရှေ့ပိုင်းရပ်ကွက်က … သူခိုးဂျပိုး … အောက်တန်းစား ကလေကချေများနေသော ရပ်ကွက် … ကျူးကျော်ကွက်သစ်။ ထိုရပ်ကွက်တွင် အခန်းငယ်လေးငှားပြီး ဂျက်သည် ၂ လခန့် နေ၏။ ကြီးမြတ်သော ဗြိတိန်နိုင်ငံသား လူ့အောက်တန်းစားများနှင့် ရောရောထွေးထွေး …။ ထိပ်ပုတ် ခေါင်းပုတ် ပေါင်းသင်း၏။ သူတို့၏ဘဝများအတွင်းသို့ ဂျက်သည် နက်နက်ရှိုင်းရှိုင်း စီးမျှောပျော်ဝင်ခွင့်ရခဲ့၏။ ပြီးလျှင် … အမေရိကန်သို့ ပြန်လာပြီး စာအုပ်တအုပ် ရေး၏။
‘အရှင်လတ်လတ် ငရဲကျနေသူများ’ …။ အရှင်လတ်လတ်ငရဲကျနေသူများ က နေမဝင်အင်ပါယာ၏ အာဏာပိုင်များ ၊ လူချမ်းသာများအဖို့ အနာပေါ်တုတ်ကျဖြစ်စေခဲ့၏။ ဗြိတိသျှနိုင်ငံခြားရေး ဌာနက အမေရိကန်အစိုးရထံသို့ စာတို စာရှည်များရေး၍ အကြိမ်ကြိမ် ကန့်ကွက်၏။ အင်္ဂလိပ်စာပေနှင့် ဝေဖန်ရေးသမားများကမူ ဂျက်၏စာအုပ်အား လက်ခံကြိုဆိုကြ၏။
အရှင်လတ်လတ်ငရဲကျနေသူများ ပြီးနောက် ‘အရိုင်း၏ခေါ်သံ’ …။ ‘ပင်လယ်ဝံပုလွေ’…။ ၁၉၀၃ ခုနှစ် … ၁၉၀၄ ဆက်တိုက် ထွက်လာ၏။ အကြိမ်ကြိမ် ထုတ်ရ၏။ အထပ်ထပ် ပိုက်ဆံရ၏။ ပင်လယ်ဝံပုလွေနှင့် ဂျက်သည် ဒေါ်လာ တသိန်းခွဲအထိရရှိခဲ့သည်ဟု ဆို၏။
၁၉၀၅ ခုနှစ်တွင် ရုရှား-ဂျပန် စစ်ဖြစ်ပွားရာ စစ်မြေပြင်သို့ စွန့်စွန့်စားစားသွားပြန်သည်။ စစ်မြေပြင်မှ အမေရိကန်သို့ပြန်ရောက်ပြီး ဂျက်သည် … ‘သံဖနောင့်’ ဝတ္တုရှည်ကြီးအား ရေး၏။
သံဖနောင့်တွင် … …“အထွေထွေ အရင်းရှင်စနစ်ကြီး၏ အနာဂတ်အလာအလားနှင့် ရက်စက် ကြမ်းကြုတ်မှုများကို ဟောကိန်းထုတ် ဝေဖန်ခြင်းမျှမက အမေရိကန် အပါအဝင် နိုင်ငံတကာ အလုပ်သမား လူတန်းစား လှုပ်ရှားမှုကြီးအတွင်း ရန်သူလူတန်းစားအပေါ် လျော့လျော့ပေါ့ပေါ့ တွက်ချက်တတ်သော ရွှေပြည်အေးဝါဒနှင့် အချောင်သမားဝါဒ၏ အန္တရယ်ကိုပါ တပ်လှန့်လိုက်သော နိုင်ငံရေးကြေညာချက်ကြီး” ဟု ဆိုကြသည်။
‘မက်မီလန်’ စာအုပ်ထုတ်ဝေရေးက သံဖနောင့်အား ၁၉၀၇ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ပြီးလျှင် … အကြိမ်ကြိမ် ထပ်၍ … ထပ်၍ ထုတ်ဝေရပြန်သည်။ ‘သံဖနောင့်’ နောက်ပိုင်းထွက်လာသော ဂျက်လန်ဒန်၏ စာများက သံဖနောင့်အရင် ဂျက်လန်ဒန်၏စာများကို စိန်ခေါ်၍မနိုင်တော့ …။ ဂျက်လန်ဒန်၏စာပေဝိဉာဉ်သည် စာရေးသူနှင့် ကွေကွင်းခဲ့လေပြီလား…။
ဂျက်၌စာရေးရန် အကြောင်းအရာက ခမ်းခြောက်၍နေလေပြီ။ အတတ်ပညာ၌ မည်မျှ လိမ္မာတတ်ကျွမ်းသော်လည်း အကြောင်းအရာချိုတဲ့သော စာသည် မည်သို့သော ဂျက်လန်ဒန်၏စာမျိုး ဖြစ်လေမည်နည်း …။
‘ဂျွန်ဘာလီကွန်း’ က ဂျက်၏ နောက်ဆုံးကျည်ဆံဟု ဆိုရမည်။ ဂျွန်ဘာလီကွန်း က သူ၏ ဖျက်ခနဲ တွေ့ရသော ဂျက်လန်ဒန် အတ္ထုပ္ပတ္တိဟု ဆိုရမည်။ ဂျွန်ဘာလီကွန်းတွင် သူပြုတ်ကျခဲ့ရသည့် အရက်သမားဘဝ တွင်းနက်ကြီးအတွင်း အတွေ့အကြုံများအား ပွင့်ပွင့်လင်းလင်းဖွင့်ချပြရန် ကြိုးစား၏။ သို့သော် … အချို့ အချို့သော သူ၏မှားယွင်းမှုများက ကလောင်ဖျားသို့ ထွက်ကျမလာရဲခဲ့ … ဟု ဂျက်က ဂျွန်ဘာလီကွန်းတွင် ဝန်ခံခဲ့၏။ ထိုစဉ်က သူ့အသက်သည် ၃၆ နှစ်သာ ရှိသေး၏။ ၃၆ နှစ် အလွန်နှစ်များက ဂျက်လန်ဒန်၏ နောက်ဆုံးနေ့ နေဝင်ရက်များဟု ဆိုရမည် …။
“စာရေးဆရာဘဝနှင့် စာရေးသားခြင်းအလုပ်အကိုင်များကို ငွေကြေးရရှိရေးတခုတည်းအတွက် ကျွန်ုပ်သည် တွဲကပ်လုပ်ကိုင်နေရခြင်းမျှသာ ဖြစ်သည်။ သည်းညည်းခံ လုပ်ကိုင်နေရခြင်းလည်း ဖြစ်သည်။ တကယ်တော့မူ ထိုဘဝနှင့် ထိုအလုပ်အကိုင်ကို ကျွန်ုပ်သည် အလွန်တရာ စိတ်ကုန်ခမ်းလျှက်ရှိသည်။ အလွန်တရာ စိတ်ပျက်ငြီးငွေ့၍လည်း နေသည်။ ယခုအခါ စာရေးသားရခြင်းအလုပ်သည် ကျွန်ုပ်အဖို့ အလွန်တရာ ဝန်လေးပင်ပမ်းသော အလုပ်တခုလို ဖြစ်လာသည်။ သို့ရာတွင် ထိုလုပ်ငန်းကိုမလုပ်လျှင် မဖြစ်သောကြောင့်သာ စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကျွန်ုပ်သည် ဝဋ်ကြွေးကြီးတခုလို လုပ်ကိုင်နေရခြင်းသာ ဖြစ်သည်”
(ဂျက်လန်ဒန်)
စာရေးဆရာ အပ္ပတန်စင်ကလဲရားထံသို့ ပေးစာမှ
ကိုးကား
– ဂျက်လန်ဒန်၏ဝတ္တုတိုများ (နတ်နွယ် မြန်မာပြန်သည်)
– ပင်လယ်ဝံပုလွေ (ညွန့်ကြူး မြန်မာပြန်သည်)
– ဗန်းမော်တင်အောင်၏ ဂျက်လန်ဒန်၊ သူ့ဘဝ၊ သူ့စာပေ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts