ဝေဖန်ရေးရာ ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ပြည်သူလည်း တလှည့် ‘နာလိုမှ’ ချင်ပါတယ်

 

 

ငြိမ်းချမ်းအေး – ပြည်သူလည်း တလှည့် ‘နာလိုမှ’ ချင်ပါတယ်
(မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၁၄

အမေရိကန် က ဗိုလ်အောင်သောင်းကို နာမည်ပျက်စာရင်းသွင်းတဲ့ ကိစ္စ စာနယ်ဇင်း က “အမည်မည်းစာရင်း” ဆိုပြီး ကြားက ဝင် နာ နေသလား ဆိုပြီး ဆောင်းပါး ရေးခဲ့တာ အတွက် တောင်းပန်ပါတယ်။  သတင်းသမားတွေ (မ) တရားစွဲ ခံရသူ ခံရ၊ နှစ်ရှည် ထောင်ဒဏ် ထိသူက ထိ၊ ပစ်သတ်ခံရသူ ပစ်သတ် ခံနေတဲ့ ဘုရားစူး ဒီမိုကရေစီ ခေတ်ကြီးမှာ စာနယ်ဇင်း အနေနဲ့ ဒီလောက်တော့ ရှိမှာပေါ့။

အခု “ဒူးခေါင်းတွေမာလှချည့်” ရဲ့ ဆိုတဲ့ စစ်လွှတ်တော် ရောက် ဒီမိုကရေစီ အာဂုံဆောင် ဆိုသူ တက်ကြွလှုပ်ရှားသူ တဖြစ်လဲ ကြွက်တက်နေတဲ့ နိုင်ငံရေး ခေါင်းဆောင် လွှတ်တော် အမတ်မင်းများ ကိုယ်တိုင်က  ညီညွတ် ပြန်လည် ကန့်ကွက်နေကြပြီကိုး။  ဆိုတော့ အမြဲ အဖိနှိပ်ခံနေရတဲ့ “စာနာဇင်း” ကို မဲတင်း မဆိုသာတော့ပါဘူး။

“စာ ‘နာ’ ဇင်း” ‘နာ’ ပုံများ၊ “စာ ‘နယ်’ ဇင်း” ‘ပယ်ပယ် နယ်နယ်’ အတွယ်ခံရပုံများ အခု မြန်မာသံတော်ဆင့် ကို တရားစွဲတာ အယ်ဒီတာချုပ် အပါအ၀င် အယ်ဒီတာအဖွဲ့၊ စာပေတိုက် မန်နေဂျာ၊ ဖြန့်ချိရေးဝန်ထမ်း အထိ တဲ့။  အမှန်တော့ အစိုးရက စာဖတ်သူပါ တရားခံစာရင်း ထဲ ထည့်ချင်တာပါ။  ပုဒ်မက ကြီးတယ် မဟုတ်လား။

နိုဝင်ဘာ ၄ ရက် ထုတ် ကြေးမုံ သတင်း စာ ပါ ကြေညာချက်

နိုင်ငံတော် သမ္မတ က “ပေါက်ပန်းလေးဆယ်၊ ကလေကချေ၊ ပေါက်လွှတ်ပဲစား” ဆိုထားတာ ဟာ ပေါ့သေးသေး အမှု မဟုတ်ပါ။  နိုင်ငံတော် အဆင့် လျှို့ဝှက်ချက် ဖော်ထုတ်မှုပါ။  ဒါကြောင့် လျှို့ဝှက် ဓါတုလက်နက် စက်ရုံ သတင်း ကိစ္စ ယူနတီ သတင်းထောက် တွေလိုပဲ နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုကြီးပါ။

စစ်အေးခေတ် ဆိုဗီယက် ရုရှား တပါတီ အာဏာရှင်ခေတ် ဟာသ တပုဒ်လိုပေါ့။  “ခေါင်းဆောင်ကြီး ရူးနေပြီ ရူးနေပြီ” ဆိုပြီး မော်စကို ကရင်မလင် ရှေ့သွားအော်တော့ စစ်ထောက်လှမ်ရေး ကေဂျီဘီ က ဖမ်းတယ်။  အမှု က နှစ်မှု။  အမှုသေးက နိုင်ငံတော် အကြီးအကဲ ရဲ့ ဂုဏ်သိက္ခာ ကိုထိပါး၊ အကြည်ညိုပျက်စေမှု။  အဓိက အမှုကြီး က နိုင်ငံတော်ရဲ့ ထိပ်တန်း လျှို့ဝှက်ချက် တခုကို လူသိရှင်ကြား ထုတ်ပြောမှု။

အခုလည်း သမ္မတ “ရူးကြောင်မူးကြောင်” ကိစ္စ က အလားတူမို့ အမူကြီးပြီပေါ့။  “စာနာဇင်း” ဖြစ်ပြီပေါ့။

“စာနာဇင်း” ဖြစ်ရုံမက “စာသေဇင်း” လည်း ဖြစ်ရတာ အလွတ်သတင်းထောက် ကိုပါကြီ ရဲ့ ရေဝေးက ပူပူနွေးနွေး အုတ်ဂူက သက်သေရှိပါတယ်။

ဆိုတော့ စာနယ်ဇင်း ဆိုတာ ခေတ်ကို ဦးဆောင် အမှန်ကို ရဲရဲဝံ့ဝံ့ ထောက်ပြ၊ ပြောဆို၊ သုံးနှုန်းရမှာ ဖြစ်ပေမဲ့ “စာနာဇင်း” ဘဝ၊ “စာသေဇင်း”ဘဝ မှာ “အမည်မည်းစာရင်း” ဖြစ်တာ ခွှင့်လွှတ်နားလည်ရတော့မလိုပါပဲ။ မတော် ဖဆပလ ခေတ် ဆိုရှယ်လစ် ဝန်ကြီး တပါး ရဲ့ မီးခွက်မှုတ် သတင်း ဖော်ပြမိလို့ ဝန်ကြီး သြဇာခံ တောင်သူများ ပေါက်တူး ပေါက်ပြာကိုင် မူးရမ်းပြီး ဦးညိုမြ ရဲ့ အိုးဝေ နဲ့ ပြည်သူ့ဟစ်တိုင် ဝင် ဖျက်သလို တောင်သာ အကြမ်းဖက် ဂိုဏ်း က ဂျာနယ်တိုက်တွေ ဝင် မီးရှို့မှ “စာကုန်ဇင်း” ဖြစ်ရချည်းရဲ့။

ဒါ့အပြင် ဆိုခဲ့သလို လူမှု တရားမျှတရေး၊ ဒီမိုကရေစီ အရေး အတွက် လွှတ်တော် တွင်းကနေ တိုက်ပွဲ ဝင်မယ် ဆိုပြီး ၂၀၀၈ စစ်ဖွဲ့စည်းပုံ ကို သစ္စာခံ စစ်လွှတ်တော် ထဲ “မောင်မောင် မခေါ်ဘဲ ‘ဗျာ’ ထူး”၊ “မေ မခေါ်ပါဘဲ ‘ရှင်’ ထူး” ကောက်ကောက်ပါ ဝင်သွားတဲ့ ဒီမိုကရေစီ သမား၊ လူထု ခေါင်းဆောင် နိုင်ငံရေး သမား ဆိုသူများက အစ အခု “ဒို့ အဖေကြီးကို ကာကွယ်မည်၊ ဒို့ အဖေကြီး အတွက် ကန့်ကွက်မည်” သူခိုးဓားပြ အားပေး လွှတ်တော် လုပ်နေတော့ ကျန်တာတွေ သွားပြောလို့ ဘာ ထူးတော့မလဲ။

အမှန်တော့ ဒီ ဗိုလ်အောင်သောင်း ကို အရေးယူ ပိတ်ဆို့ နာမည်ပျက်စာရင်းသွင်းခြင်းကိစ္စ က (ပထမ ဆောင်းပါး မှာလည်း ဆိုခဲ့သလို) အမေရိကန် ရဲ့ ပြည်တွင်း နဲ့ နိုင်ငံခြားရေး နိုင်ငံရေး မူဝါဒ ကစားခြင်းသက်သက်ပါ၊ ဘာမှ အရေးမပါပါဘူး။  နိုင်ငံရေးပါးဝနေပြီ ဖြစ်တဲ့ ဗမာပြည်က စစ်ဗိုလ်ချုပ်ကြီးများက အိုးဘားမား မလာခင် ဟန်ပြ တွေ့ဆုံ ဆွေးနွေး ဆိုပြီ ဟိုဒီ ခေါ်ပြီး ထမင်းလက်ဆုံ စား ပြ သလိုဘဲ အမေရိကန်ကလည်း ပြန် ဗမာပြည်မလာခင် ဟန်ပြ နာမည်ပျက် များလှတဲ့ စစ်ခေါင်းဆောင် တယောက်ကို ဝိနည်းလွတ် အရေးယူ ပြလိုက်ခြင်း သက်သက်ရယ်ပါ။  အနှစ်သဘော မပါ၊ အရေးမကြီး လှပါဘူး။

ဒါပေမဲ့ အခု ဗမာ့ စစ်လွှတ်တော်က ပြန်ကန့်ကွက်တဲ့ ကိစ္စကတော့ အနှစ်သဘော ပါပါတယ်။  ဘာကြောင့်ဆို ‘မူ’ ကိစ္စ မို့ပါ။  စစ်လွှတ်တော်ထဲမှာ စစ်အာဏာရှင် ကြိုးဆွဲသမျှ အသုံးတော်ခံ ကပြရတဲ့ စစ်ဗိုလ်အမတ်ချည်းထိုင်နေရင်  ဘာမှ ပြောစရာမလိုပါ။  အခုက လူထု ဘက်တော်သား၊ ဒီမိုကရေစီ သမား နာမည် ခံထားသူများ ရှိနေတဲ့ အတွက် ပြောရခြင်းပါ။

တိုင်းပြည် ဘဏ္ဍာ ကို ခေတ်အဆက်ဆက် မိသားစု အလိုက် အလွဲသုံးစားလုပ် ကြီးပွားချမ်းသာ နေတဲ့ ဓားပြအကြီးစား လူထု ရန်သူ စာရင်းဝင် တယောက် အခုလို နာမည်ပျက် စာရင်းကြေညာခံရတာ မူအား ဖြင့် “လူထု ဒီမိုကရေစီ သမား” မှန်ရင် ထောက်ခံကြိုဆိုရမှာပါ။  “လူတစု ဒီမိုကရေစီ (အမည်ခံ) သမား” မှသာ ကန့်ကွက်ကြမှာပါ။

ဒါကို အခု ဒီမိုကရေစီ သမား ဆိုသူများ က အလိုတူအလိုပါ လုပ်ခြင်းဟာ မူဝါဒ မခိုင်မာခြင်းကို ပြပါတယ်။  တကယ်တော့ ဒီမိုကရေစီ ပြည်သူ့ လွှတ်တော်အမတ် ခံယူထားရင် ဒီကိစ္စ ကြိုဆို ရုံမက ဒီလို အကျင့်ပျက် ခြစား နေတဲ့ သူခိုးအကြီးစားများနဲ့ တတန်းထဲ လွှတ်တော် ထဲမှာ မထိုင်နိုင်ဘူး၊ ဒီလို လူတွေ လွှတ်တော် ထဲ ရှိတာ နိုင်ငံ့ လွှတ်တော် သိက္ခာ ကျ တယ် ဆိုပြီး ဗိုလ်အောင်သောင်း ကို လွှတ်တော်ထဲက ထုတ်ဖို့ ဝိုင်းဝန်း လက်မှတ်ထိုး တောင်းဆိုရမှာပါ။

ဒါ့အပြင် ဒါမျိုး နိုင်ငံတကာမှာ သိက္ခာ ကျမှုမျိုး မဖြစ်အောင် လွှတ်တော် တဖွဲ့လုံး၊ အစိုးရ တဖွဲ့လုံး က သမ္မတ အစ ပုဂ္ဂိုလ်အားလုံး ပိုင်ဆိုင်မှုတွေ၊ မိသားစု စီးပွားတွေ လူထု ကို ချပြ အသိပေး၊ အလွဲသုံးစားခဲ့တာ ရှိခဲ့ရင် ခိုးထားသမျှ တိုင်းပြည် ပြန်အပ် ရာထူးက ဆင်းသင့်ကြောင်း တောင်းဆိုရမှာပါ။  အခုတော့ ဒါမျိုး မူဝါဒ ခိုင်မာတဲ့ အလုပ်တွေ မပြတဲ့ အပြင်  သူခိုး ကို သူခိုးပါ (ဘာအတွက်နဲ့ အော်အော်) အော်သူက အော် တာ ကိုတောင် ပြန် ကန့်ကွက် ရတယ်လို့။  ဖြစ်မှ ဖြစ်ရလေ ဗမာ့ ဒီမိုကရေစီ ရယ်။  ဒီလို ခေါင်းဆောင်တွေနဲ့မှ ကြုံမှ ကြုံရပလေ ဗမာ ပြည်သူပြည်သား တွေရယ်။

ဒီကိစ္စမှာ ကြတ်ပြေး စစ်လွှတ်တော်  ရဲ့ မရှိတဲ့ သိက္ခာ၊ ကြိုးဆွဲရာက လက်ညှိုးထောင် ခေါင်းညိတ် ဝစီပိတ် တေမိ ကျင့်ထုံး နှလုံးမူနေတဲ့ ပြည်သူ့ ကိုယ်စားလှယ် ဆိုသူများ ရဲ့ အစကတည်းက မခိုင်မာ ခဲ့တဲ့ ရပ်တည်မှု အခု မှ ဘာမှ ထူး ယုတ်လျော့တယ် မဆိုနိုင်ပါဘူး။  တကယ် ယုတ်လျော့ ပျက်စီး ကျဆင်းသွားတာက ဒီမိုကရေစီ ရဲ့ သိက္ခာ ပါ။  ဒီလို နိုင်ငံရေးသမားများက ဒီမိုကရေစီ အမည် ခံနေသရွေ့ ဗမာ့ဒီမိုကရေစီ သိက္ခာ ဆက် ကျနေဦးမှာပါ။

ဆရာကြီး ဦဘဂျမ်း ရဲ့ ဘယ်တော့မှ မဟောင်းတဲ့ ကာတွန်း တကွက်

ဗမာလူထု ဟာ နိုင်ငံရေး ခေတ် အဆက်ဆက်ကို ဖြတ်ခဲ့ဖူး၊ ကိုယ်ကျိုးရှာ ငို့ဘ သမားတွေ အကြောင်း နောကျေအောင် ကျောနဲ့ရင်း သိခဲ့ပါတယ်။  “အရီးစိမ်းကြီးရယ်.. ခွေးအငတ် မပြေတပြေတွေမှာဖြင့်.. ကိုက်စရာအရိုး” ကိုယ်တော်မှိုင်းကြီး ဆိုခဲ့တဲ့ ကျွန်ဒဏ်ဝ ခေတ်ကနေ၊ ခွေးကတက် နိုင်ငံရေး လမ်းစဉ် ခေတ်ထတဲ့ မဆလ ခေတ် အလယ်၊ မျက်မှောက် ပါမစ် တော်လှန်ရေး၊ ငါးသလောက်ပေါင်း နိုင်ငံရေး ခေတ် အထိ ဘဝ စုံခဲ့ပါတယ်။  ရှင်ကြီး ဝမ်းလည်း ဝင်ခဲ့ရ၊ ရှင့်ငယ် ဝမ်းလည်း ဝင်ခဲ့ရ၊ ချီးစော်နံလို့လည်း ပြန်ထွက်ခဲ့ရ ပါတယ်။  ထွက်မရသေးချိန် ကြိတ်မှိတ် အော့ရင်း အန်ရင်း အောင့်အီးသည်းခံနေတာကို အထင်မသေးပါနဲ့။  လူထု ရန်သူ လူတစု အတွက် နောက်မြီးဆွဲ လုပ်နေရင် တနေ့ လူထု ရဲ့ ဒဏ်ခတ်မှု ကို ခံရပါမယ်။  သမိုင်းမှာ လူထု ကျိန်စာ သင့်လို့ ကျဆုံးသွားတဲ့ နိုင်ငံရေသမားတွေ အများကြီး ရှိပါတယ်။  သင်ခန်းစာ ယူကြပါ။

နိဂုံးချုပ်ရရင် ဟိုအရင် မိုးဒီ၊ မော့စ် တို့ရဲ့ ခပ်ကြမ်းကြမ်း ပြက်လုံး တခု လိုပဲ ဆိုရပါမယ်။  မိုးဒီ က ပြက်ခွင် တခုမှာ ဇာတ်မင်းသား အဖြစ် မင်းသမီး အစုံနဲ့ တွဲ ကရင်း ဆိုတယ်။  “ဒီဘက်က လင်းဇာနည်ဇော် လေးနဲ့ တွဲက ပြန်တော့၊ ဟိုဘက်က ဇင်မာဦး က နာလိုမှ၊ ခိုင်သင်းကြည်ကလေးကလည်း နာလိုမှ၊ အားလုံး နာလိုမှ”  ဆိုပြီး အသံထွက် ကို တမျိုး ဆိုရင်း အဓိပ္ပာယ် နှစ်ခွထွက် တဲ့ ခပ်ရိုင်းရိုင်း ပြက်လုံး ထုတ်တယ်။

အခုလည်း ဒီမိုကရေစီ လွှတ်တော် ယိမ်း အဖွဲ့ လည်း သမ္မတ လူကြမ်း အဖွဲ့၊ လွှတ်တော်  လူကြမ်း အဖွဲ့ နဲ့ အလှည့်ကျ တွဲကရင်း “စစ်အုပ်စု လူတစု ‘နာလိုမှ’” ဖြစ်အောင် အသုံးတော် ခံနေတာကို လျှော့ပြီး “ပြည်သူ လူထု အများ ‘နာလိုမှ’” ဖြစ်အောင် ဘက်လေး ပိုမို ဇောင်းပေးဖို့ မေတ္တာရပ်ခံ ပါရစေ။  နို့မို့ ပြည်သူကလည်း မိုးဒီ အသံနဲ့ “အားလုံး နာလိုမှ” အော် စိတ်အချဉ်ပေါက်ရပါတော့မယ် ခင်ဗျာ။

ငြိမ်းချမ်းအေး

နိုဝင်ဘာ ၁၁၊ ၂၀၁၄

ဆက်စပ် ပထမ ဆောင်းပါး ဖတ်ရန် –

အမည်မည်း စာရင်းထဲ ထည့်လိုက်ပါ

http://moemaka.com/archives/40680

http://www.moemaka.blogspot.com.au/2014/11/blog-post_50.html

(ဆောင်းပါး ပါ အာဘော် ကို ဝေဖန် ထောက်ပြ ပြစ်တင် ဆဲဆိုရန် nyeinchanaye81@gmail.com သို့ စာရေး နိုင်သည်။)

( သတင်းအညွှန်း – ဦးအောင်သောင်းကို ထောက်ခံသည့် လွှတ်တော်သတင်း ကို သည်နေရာမှာ ဖတ်နိုင်သည် – http://burmese.voanews.com/content/myanmar-parliament-reject-on-black-list-for-aung-thoung-/2514810.html )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts