>Khaing Mar Kyaw Zaw – Burmese Lives at the Borders – 14

>

နယ်စပ်လမ်းက ဝမ်းတထွာ – ၁၄
ခိုင်မာကျော်ဇော
မတ် ၄၊ ၂၀၁၀
ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်းမြို့တော်လို့ တင်စားခေါ်ဝေါ်ကြတဲ့ မယ်ဆိုင်မြို့ကမ်းကနေ မြန်မာနိုင်ငံဘက်ခြမ်းကို လှမ်းမျှော် ကြည့်လိုက်ရင် လွမ်းမောဘွယ်ရာ ရှမ်းတောင်တန်းကြီးတွေကို မြင်ကြတွေ့ကြရမှာပါ။
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကနေ မြန်မာနိုင်ငံဘက်ခြမ်းက ရှမ်းတောင်တန်းကြီးတွေကို နေ့စဉ်နေ့တိုင်း လှမ်းမျှော်ပြီး ကြည့် ကြသူတွေကတော့ ရှမ်းပြည်နယ် တောင်ပေါ်ရွာတွေကနေ မယ်ဆိုင်-တာချီလိတ်ဒေသကို ဝမ်းစာရှာဖို့ ရောက်လာကြတဲ့ ရှမ်း၊ ပအိုဝ့်နဲ့ လားဟူ လူငယ်တွေပဲ ဖြစ်ပါတယ်။
“ရှမ်းတောင်တန်းကြီးတွေကို မြင်ရင် အိမ်ကို အရမ်းလွမ်းတာပဲ။ အိမ်ကိုလည်း အရမ်း ပြန်ချင်တာပဲ”
လို့ ရင်ဖွင့် ဆိုလာသူကတော့ မယ်ဆိုင်မြို့က ဟိုတယ်တခုမှာ စားပွဲထိုးနဲ့သန့်ရှင်းရေး အလုပ်ကို လုပ်နေတဲ့ စိုင်းဆမ်မွန်းပါ။
အိမ်ကိုလွမ်းတယ်။ အိမ်ကို ပြန်ချင်တယ်ဆိုပေမယ့်လည်း လွမ်းရေးထက် ဝမ်းရေးက ပိုခက်နေတော့ စိုင်းဆမ်မွန်း အိမ်ကို ပြန်ဖို့လည်း ခက်နေပါတယ်။ ရှမ်းပြည်နယ်၊ နမ့်ဆမ်မြို့နယ် ရွာလေးတရွာကနေ တာချီလိတ်-မယ်ဆိုင်ကို ရောက်လာ တဲ့ စိုင်းဆမ်မွန်းဟာ မိအိုဖအိုတွေနဲ့ ညီမလေးတယောက်ကို ရှာကျွေး နေရသူပါ။ 
တလ ဘတ်(၄၅ဝဝ)ရတဲ့ သူ့လုပ်အားခထဲက ဘတ်(၂ဝဝဝ)ကို လစဉ်ပုံမှန်စုပြီး မိသားစုကို ထောက်ပံ့ပေး နေရသူပါ။ ဒီငွေပမာဏဟာ နည်းပေမယ့် သူတို့မိသားစုအတွက်တော့ တစုံတရာ အထောက်အကူဖြစ်တယ်လို့ သူက ဆိုပါတယ်။
“ကျနော်ပို့တဲ့ငွေက နည်းပေမယ့် မိဘတွေအတွက်တော့ တစုံတရာ အထောက်အကူဖြစ်ပါတယ်။ ဖြစ်နိုင်ရင် အိမ်ကို ငွေအများကြီး ပို့ပေးချင်ပါတယ်။ ဒါပေမယ့် ဒီမှာ အလုပ်လုပ်ရတာ မလွယ်ဘူး။ ပိုက်ဆံရှာရတာလည်း အရမ်းခက်တယ်”
လို့ စိုင်းဆမ်မွန်းက ပြောပါတယ်။
အရင်တုန်းကတော့ နယ်စပ်မှာ အလုပ်ပေါတယ်။ ပိုက်ဆံရှာရတယ် လွယ်တယ်ဆိုတဲ့ ပွဲစားတွေရဲ့ စကားကို သူ အကြွင်းမဲ့ ယုံခဲ့ပါတယ်။ ဒီလို ယုံကြည်လို့ပဲ အလုပ်လုပ်ဖို့၊ ပိုက်ဆံရှာဖို့ နယ်စပ်ကို သူ ရောက်လာတာပါ။ နယ်စပ်ကိုလာဖို့ ဗမာငွေ ၄ သောင်းခွဲ ပွဲစားခ သူ ပေးရပါတယ်။ (၂)ပတ်ကျော်ကြာတဲ့ လမ်းခရီးမှာ အဖွဲ့ပေါင်းစုံရဲ့ စစ်ဆေးရေးဂိတ်ပေါင်းစုံကို ခြေလျှင်တလှည့် ကုန်းကြောင်းတလှည့် ကျော်ဖြတ်ခဲ့ရသလို ထမင်းလည်း ၃ နပ် သူ ငတ်ခဲ့ပါတယ်။
နယ်စပ်ကို ကိုယ်တိုင်ရောက်မှပဲ  ပွဲစားတွေပြောတဲ့ အလုပ်ပေါတယ်။ ပိုက်ဆံရှာရ လွယ်တယ်ဆိုတဲ့ စကား မှားတယ် ဆိုတာ သူ သိလိုက်ရပါတယ်။ တာချီလိတ်ကို ခြေချတာနဲ့ ဆာလောင်နေတဲ့ ဝမ်းကိုဖြည့်ဖို့၊ ကျောတနေရာစာ ခင်းဖို့အတွက် ဘုန်းကြီး ကျောင်းတခုမှာ (၁)ပတ်ကျော်လောက် သူ ခိုကပ်ခဲ့ရပါတယ်။ နောက်တော့ ထမင်းဆိုင်တခုမှာ ကူရောင်း၊ ဟိုတယ် ဆောက်လုပ်ရေး ဆိုက်တခုမှာ မဆာလာသယ်၊ ကားဝပ်ရှော့ တခုမှာ အထွေထွေလုပ်သားဘဝနဲ့ (၂)နှစ်ကျော် (၃)နှစ် နီးပါး သူ ကူးခတ်၊ ဖြတ်သန်းခဲ့ပါတယ်။
“တာချီလိတ်မှာ အလုပ်မျိုးစုံလုပ်ပြီးမှ အားမင်နဲ့ ကျနော်တွေ့တာ။ သူနဲ့ မတွေ့ရင် ကြုံရာအလုပ်လုပ်၊ တွေ့ရာလူနဲ့ ပေါင်းပြီး ကြာရင် ကျနော် ဒုက္ခရောက်မှာ။ နယ်စပ်က လူပေါင်းစုံရှိတယ်။  မကောင်းတာလည်း စုံတယ်။ နယ်စပ်မှာ ကျနော် ကို ကယ်ခဲ့တာ အားမင်ပဲ”လို့ စိုင်းဆမ်မွန်းက ပြောပါတယ်။
အားမင်ကတော့ ရှမ်းပြည်မြောက်ပိုင်း တောင်ပေါ်ရွာတရွာကနေ တာချီလိတ်-မဲဆိုင်ကို အသက်မသေပဲ ရောက်လာ တဲ့  လားဟူ တိုင်းရင်းသားလေးပါ။ မိဘတွေက ဆင်းရဲနွမ်းပါးတာမို့ အားမင် ကျောင်းမနေခဲ့ရ၊ စာလည်း တလုံးမှ မသင်ခဲ့ပါ ဘူး။ တောင်ပေါ်ဒေသမှာပဲ မွေးဖွားကြီးပြင်းခဲ့ရတာမို့ ဗမာစကားကိုလည်း လည်လည်ဝယ်ဝယ် အားမင် မပြောတတ်ပါဘူး။
နယ်စပ်ကို သူ တက်လာတော့ စစ်ဆေးရေးဂိတ်တခုက စစ်သားတွေက ဗမာစကားမတတ်တဲ့ သူ့ကို သူပုန် တယောက်လို့ စွပ်စွဲပြီး ရိုက်နှစ်စစ်ဆေးကြ၊ သတ်ဖို့အထိ လုပ်ခဲ့ကြပါတယ်။ ကားအတူစီးလာတဲ့ သာသနာပြု ဆရာတဦးရဲ့ ကျေးဇူးကြောင့် အသက်မသေပဲ နယ်စပ်ကို အားမင် ရောက်လာတာပါ။
အဲ့ဒီသာသနာပြုဆရာကပဲ မယ်ဆိုင်မြို့က နံမည်ကြီး ဟိုတယ်တခုမှာ သန့်ရှင်းအလုပ်ရဖို့ အားမင်ကို  ကူညီခဲ့ တာပါ။ 
“ကျနော် ဒီကိုရောက်တာ (၄)နှစ်ကျော်ပြီ။ မိဘတွေ မရှိတော့ပေမယ့် ကျနော့်ရဲ့ မွေးရပ်မြေကိုတော့ အမြဲတမ်းသတိ ရတယ်။ သူငယ်ချင်းတွေနဲ့ သွားခဲ့၊ လာခဲ့၊ စားခဲ့တဲ့ ရှမ်းပြည်က လိမ္မော်ခြံတွေ၊ မက်မန်းခြံတွေကိုလည်း ကျနော် အရမ်းလွမ်း တာပဲ”လို့ အားမင်က ပြောပါတယ်။
ကျိုင်းတုံကနေ တာချီလိတ်ကို ရောက်လာတဲ့ ပအိုဝ့်တိုင်းရင်းသူလေး နန်းကေသီကလည်း မိဘတွေနဲ့ ရှမ်းပြည်က လိမ်မ္မော်ခြံတွေကို လွမ်းဆွတ် သတိရနေသူပါ။ ဒီလို သတိရတိုင်း အဒေါ်မသိအောင်  မျက်ရည်တွေ ကြိတ်ပြီးကျရတယ်လို့ နန်း ကေသီ က ပြောပါတယ်။
“အဒေါ်က တာချီလိတ်ကမ်းနားဈေးမှာ တရုတ်ပစ္စည်းတွေ ရောင်းတယ်။  ကေသီက အိမ်အလုပ်နဲ့ ဆိုင်အလုပ်ကို ကူလုပ်ပေးရတယ်။ အဒေါ်က ကောင်းပေမယ့် မောင်နှမဝမ်းကွဲတွေကြားမှာ ကေသီ မျက်နှာငယ်ရတယ်။ ကေသီ အိမ်ကိုပဲ ပြန် ချင်တယ်”
လို့ ကေသီက ပြောပါတယ်။
အိမ်ပြန်ချင်မယ့်လည်း တလတခါ မှန်မှန်လာတဲ့ “လူကြုံကောင်းရင် ငွေပို့ပါ”ဆိုတဲ့ စာက ကေ့သီကို တာချီလိတ်မှာ အလုပ်လုပ်ပါလို့ သတိပေးနေတာပါ။ အိမ်ပြန်ချင်ပေမယ့်လည်း အိမ်ပြန်ခက်တဲ့ အကြောင်းတွေက နယ်စပ်လမ်းမှာ ထောင် သောင်းမက ရှိနေတာပါ။
မယ်ဆိုင်-တာချီလိတ် နယ်စပ်လမ်းက အိမ်ပြန်ချင်တဲ့ အလွမ်းတွေကိုတော့ ရှမ်းတောင်တန်းကြီးတွေကသာ အသိဆုံး ဖြစ်ပါလိမ့်မယ်။ 
(ကိုဦး ဘလော့ဂ် http://oothandar.blogspot.com/  မှာ သိမ်းထားတဲ့ ပန်းချီမောင်မောင်တင် ပန်းချီကားဓာတ်ပုံမှ ကောက်နုတ်ဖော်ပြပါတယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts