>Mar Mar Aye – 307

> ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ် ၃၀၇

စာပေဟောပြောပွဲမှာ ဆိုပြခဲ့တဲ့ ဗမာ့သွေး သီချင်း
မာမာအေး
ဖေဖော်ဝါရီ ၂၀၊ ၂ဝ၁ဝ


သောတရှင်များ ကျန်းမာတော်မူကြပါစ ရှင်၊ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ – အရင်တပတ်က လော့စ်အိန်ဂျလိစ်မြို့မှာ အမျိုးသားအောင်ပွဲနေ့ကို ရည်ညွှန်းပြီး စာပေဟောပြောပွဲ ကျင်းပတော့ ကြုံရတာတွေ ပြောမိဆိုမိတာတွေ ဖောက်သည် ချနေတုန်းပါ။ အမျိုးသားရေး စိတ်ဓာတ် စိတ်အမြတ် မွေးမှ ကိုယ့်ပြည်ကိုယ်ချစ်၊ ကိုယ့်လူမျိုး ကိုယ်ချစ်၊ နယ်ချဲ့ နံဘေး ပိဿလေးနဲ့ ပစ်ဖို့ရာ ကိုယ့်အရှင် သခင် သနားစရာ့အဖြစ် ရေးခြစ်တွန်းပို့ မျက်ရည်စို့အောင် ဂီတနဲ့ ညှို့ခဲ့တာတွေက စပြီး သဘင်နဲ့ ဂီတ လောကသားတွေက ၀င်ပါလာခဲ့ကြတာပါ။

ဟိုနေ့က တ၀က်တပျက် ဆိုပြခဲ့တာ ရွှေတိုင်ညွန့် ရေးခဲ့တဲ့ ပါတော်မူ သီချင်းပေါ့ရှင်။ ဆိုတဲ့သူက ခေတ်ဟောင်းက နာမည်ကျော် “စိန်ပါတီ” ခေါ်တဲ့ နောင် “သခင်မ စိန်ပါတီ” ဘွဲ့ခံတဲ့ အဆိုတော်ကြီးဖြစ်ပါတယ်။ ဟင်္သာတမြို့သူပါ။ ဆရာ စောင်းဦးဘသန်း ဦးလေးနု တို့ကို သီးသန့် ဖျော်ဖြေပေးရတဲ့ အခါမျိုးမှာ အမေစိန်ပါတီကို ဖိတ်တာကြောင့်မို့ တွေ့ခဲ့သိခဲ့ရတာပါ။ နောက်မှပဲ ပြောတော့မယ်နော်။ အဲဒီ ပါတော်မူ သီချင်းကို ၁၉၃၉ ခုနှစ် ဧပြီလမှာ ကိုလံဘီယာ ဓာတ်ပြားကုမ္ပဏီက ထုတ်ဝေခဲ့ပါတယ်။ ဓာတ်ပြားနံပါတ် VE.698 ပါတဲ့ရှင်။ မာအေးကတော့ ကံ မကောင်းဘူး ထင်ပါရဲ့။ “ပါတော်မူ” ကို ပြန်ဆို မှတ်တမ်းတင်ရအောင် အသံသွင်းဖို့ စာပေ စိစစ်ရေး အဖွဲ့ကို စာသား တင်ပြရတဲ့အခါ အခွင့်မရပါဘူး။ “ကောသလအိပ်မက်” လည်း ရောပါသွားသေးတယ်။ တကယ်ဖြစ်ခဲ့တာကို လူငယ်တွေ သိသင့်ပါတယ်ရှင်။ တိုင်းပြည်ဟာလည်း သမတနိုင်ငံ ဖြစ်ခဲ့ပြီပဲ။

မာအေးရဲ့ စံပြ အဘိုး ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ မာအေးတို့ရဲ့ နောက်ဆုံး အရှင်သခင် သီပေါဘုရင်နဲ့ မိဖုရားခေါင်ကြီးတို့ကို ဘီရိုလှည်းပေါ် တင်ပြီး နယ်ချဲ့ စစ်ဗာရီတွေက ခေါ်ဆောင်သွားကြတာကို သူကိုယ်တိုင် မြင်လိုက်ရတဲ့အတွက် စိတ်နှလုံးအထိ ခိုက်တဲ့ သံယောဇဉ်နဲ့ ဇာတိမာန် သွင်းနိုင်ခဲ့တာပါတဲ့ရှင်။ ဒါကြောင့်လည်း မြန်မာလူမျိုး ဖြစ်ပြီး ကိုယ့်လူမျိုး မင်းစိုးရာဇာတို့ ရာဇ၀င်ကိုမှ နားမလည်ရင် – ရယ်ဘွယ်အတိ၊ ကဲ့ရဲ့ ပြောဆိုကြမှာကို ရှက်လို့ သိုက်ဝင်ဧချင်း ၁၂ စောင်ကို မူထား ဧချင်းပေါင်း ၄၀ ကျော်ကို လေ့လာခဲ့ပါတယ် တဲ့။ မှာတော်ပုံမှာ ရေးသွားပါတယ်ရှင်။

နယ်ချဲ့တွေဟာ ပါတော်မမူမီက အရှေ့အိန္ဒိယ ကုန်သည်တွေ အနေနဲ့ပဲ တိုက်ခိုက်သလို လုပ်ပြီး ၀င်လာပါတယ်။ မြန်မာဖက်က ကသည်းပြည်၊ အက္ကပတ်ပြည်၊ ရခိုင်ပြည် နဲ့ တနင်္သာရီကို ပေးရတဲ့အပြင် လျော်ကြေးငွေလည်း တကုဋေ ပေးခဲ့ရပါတယ်။ ၁၂၁၄ ခုနှစ်မှာကျတော့ ပဲခူး၊ တောင်ငူ နဲ့ ပြည် ကို ပေးရပြန်ပါတယ်။ နောက်ဆုံးမှာတော့ ရွှေမှန်ကင်းအစစ်က ထင်းဖြစ်ရတော့တာပေါ့ရှင်။

အဲဒီလို အဆင့်ဆင့် ဖြစ်လာတဲ့ အကြောင်းတွေကနေပြီး ပရိသတ်ရှေ့မှောက်မှာ ကိုယ့်ရင်တွင်း ဆန္ဒနဲ့ တတိုင်းပြည်လုံး အချုပ်အခြာ အာဏာ ရှိခဲ့တာကို လွမ်းတဲ့စိတ်၊ လွတ်လပ်လိုတဲ့ စိတ်တွေရဲ့ ရှေ့ပြေး၊ အရှင်သခင် ဘုရင် တကျွန်းကို လိုက်ပါသွားရတဲ့ အရေးကို ရုပ်သေးမင်းသမီးကိုင် ပညာရှင် ဦးဖူးညိုက ရင်နင့်စဖွယ် စကားဖန်တွေ ခြယ်ပြီးတော့ ရုပ်ကြီးစင်ပေါ်က ဖွင့်ချဆိုပြတာက စပါတယ် ဆိုတာကို မင်းသား ဦးရာပြတ် ရေးတဲ့ “ရွှေပြည်ကြီး” ကို ရွတ်ပြ၊ ဂွကျတတ ဂီတဆရာ အချုပ်တန်းဆရာဖေ သူမကျေနပ်တာတွေကို တေးထပ်ရေး နှိပ်ကွပ်လို့ နယ်ချဲ့အစိုးရက အရေးယူတဲ့ အကြောင်းတွေ ပြောပြ တခါတရံ အခန့်သင့်မှ ထုတ်သုံးခဲ့ရတဲ့ “ဗမာ့သွေး” သီချင်းဟာ အမျိုးသားရေး နိုင်ငံရေးမှာ ထည့်သွင်းသင့်တဲ့ သီချင်း ဖြစ်တယ်။ ကြားရဖို့ လွယ်မှာ မဟုတ်လို့ ဆိုပြမယ် ပြောပြီး ဆိုပြခဲ့တာပေါ့ရှင်။ ဟောပြောပွဲမှာတော့ တပုဒ်လုံးပေါ့။ ဒီမှာတော့ အချိန် မရဘူးနော်။ အမြည်းပေးတယ်ပဲ မှတ်ပါတော့။

xxx မြန်မာဂုဏ်ရည်၊ ဘုန်းကံရှင်များ ထင်ရှားခဲ့ပြီ၊ ကုန်းဘောင်နွယ်ရိုး သခင်မျိုးဖြစ်သည်၊ ခေတ်သစ် ထူထောင်မည်၊ အရေးတော်ပုံ အောင်ပါစီ၊ နောင်လာနောက်သား ကောင်းစားကြစေမည် xxx

xxx ဗုဒ္ဓဘာသာ အစဉ်မညှိုးပါသဖြင့် သခင့်ရိုးရာအစစ် တထစ်ချ ယုံကြည်၊ နေတနှုန်းပမာ ဘုန်းသမ္ဘာ ကြီးမြတ်ကြတော့သည်၊ ဇာတိသွေးကို မွေးကာ အားပေးသင့်ကြပြီ၊ ဗမာ့သတ္တိ သိကြပါလိမ့်မည်၊ မကြောက်တတ်ပါသည်၊ မရွံ့တတ်ပါသည်၊ သြော် – စွမ်းတဲ့ စွမ်းရည်၊ တို့ဗမာ ဇာနည်၊ မျိုးမဟာသာကီ၊ တို့ဗမာ ဇာနည်၊ ကမ္ဘာသိအောင် ကြံဆောင်မည်၊ အမျိုးသမီး အမျိုးသား နိုးကြားသင့်ပြီ (ခေတ်သစ်ထူထောင်မည်) ၂ xxx ဗမာပြည်ကြီး အောင်ပါစီ xxx

xxx ဘုန်းရှိန်ရော မတိမ်ကောသည်၊ လာပြီ၊ ဇာနည်၊ သာကီနွယ်ဝင် တကယ်ပင် မှန်ပါသည်၊ ဒါ တို့ပြည် ငါတို့သည်၊ မျိုးရိုးကောင်းအကြောင်းပြမည်၊ အထင်မသေးနဲ့ ဇာတိစစ်ဆေး သခင်သွေးဖြစ်ပါသည် xxx

ဒီ “ဗမာ့သွေး” သီချင်းဟာလည်း ဆရာ ရွှေတိုင်ညွန့် ရေးခဲ့တာပါပဲရှင်။ ဒါကြောင့် သူ့အကြောင်းလည်း နည်းနည်းတော့ ပြောခဲ့ပါတယ်။ ဆိုတာကတော့ နာမည်ကျော် ခေတ်ဟောင်း အဆိုတော်ကြီး မကြည်အောင်ပါ။ ဒီသီချင်းကို ကိုလံဘီယာ ဓာတ်ပြား ကုမ္ပဏီကပဲ ၁၉၄၀ ခုနှစ် အောက်တိုဘာလက ဓာတ်ပြားနံပါတ် VE. 2202 နဲ့ ထုတ်ဝေ ဖြန့်ချိခဲ့ပါတယ်ရှင်။

အဲဒီနောက် ဗမာဘုရင် အာဏာရှင် မရှိလို့ ညီညွတ်ရေး မကျေညက် စားခွက်လုကြပြီ လို့ ရေးထားတဲ့ “အာဏာရှင်” သီချင်းနဲ့ စီးပွားရေး ဂုတ်သွေး စုတ်တဲ့ နယ်ချဲ့ကို တွန်းလှန်ဖို့ရာ “သပိတ်လက်နက်ကို လက်ကိုင်ပြုရမယ်” လို့ ရေးသားတဲ့ “ဓနရှင်” သီချင်း အကြောင်းကိုလည်း ပြောခဲ့ပါတယ်ရှင်။


[ မူရင်း – BBC အသံလွှင့်ဌာန၊ မြန်မာပိုင်း အစီအစဉ် bbcburmese.com ]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts