>Aung Tha Nge’s poem

>

ကျနော့်ကို တချက်လောက် ရိုက်ပါဦး… အဖေ…
အောင်သာငယ်
ဖေဖော်ဝါရီ ၂၀၊ ၂၀၁၀


အဖေ…
အနှစ်နှစ်ဆယ်မှ တခါ
အဖေ့ကို ကျနော် သတိရပါတယ်လို့ ပြောရင်
ကျနော့်ကို အဖေ ရိုက်ချင်နေဦးမလား…
ကျနော့်ကို တချက်လောက် ရိုက်ပါဦး… အဖေ…

အဖေ…
အမေ့ကို အကြိမ်ကြိမ်အခါခါ ကျနော် သတိရခဲ့သလောက်
အဖေ့ကို အကြိမ်ကြိမ်အခါခါ ကျနော် မေ့ထားခဲ့မိတယ်…
ကျနော့်ကို တချက်လောက် ရိုက်ပါဦး… အဖေ…

သည်နေ့တော့
အဖေ့ကို ကျနော် အကြိမ်ကြိမ်အခါခါ
သတိရနေမိတော့တာပါပဲ…
ကျနော့်ကို တချက်လောက် ရိုက်ပါဦး… အဖေ…

တကယ်တော့…
အဖေက ကျနော်တို့ စကြ၀ဠာမှာ နေမင်းကြီး…
အဖေ့ အလင်းရောင်တွေ
ခု ကျနော် ငတ်နေတယ် အဖေ…
ကျနော့် ဘ၀က မှောင်နေလို့ပါ…
ကျနော့်ကို တချက်လောက် ရိုက်ပါဦး… အဖေ…

နှစ်ပေါင်း နှစ်ဆယ်ကျော်
အဖေ့ အော်ဟစ်ဆဲဆိုသံတွေကို မကြားရတဲ့
အဖေ့သားတယောက်ဟာ
သူ့ဘ၀ထဲမှာ နေလို့ မပျော်တော့ဘူး…
ကျနော့်ကို ဆဲပါဦး… အဖေ…
ကျနော့်ကို ရိုက်ပါဦး… အဖေ…
အဖေ့ ဆဲဆိုသံတွေ
အခု ကျနော် ကြားချင်နေတယ်…
ကျနော့်ကို တချက်လောက် ရိုက်ပါဦး… အဖေ…

ကျနော့်လို သားတွေလည်း
အများကြီး ရှိနေမှာပါ အဖေ…
သူတို့ တတွေလည်း
သူတို့ အဖေတွေကို လွမ်းနေမှာပါ…
ကျနော် သေချာတယ်…
ကျနော့်ကို တချက်လောက် ရိုက်ပါဦး… အဖေ…

မရှိတော့တဲ့ အမေ့ကို လွမ်းမိမှ
ရှိနေသေးတဲ့ အဖေ့ကို ကျနော် သတိရတယ်…
ကျနော့်ကို တချက်လောက် ရိုက်ပါဦး… အဖေ…


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts