>Khaing Mar Kyaw Zaw – 12

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

နယ်စပ်လမ်းက ဝမ်းတထွာ – ၁၂
ခိုင်မာကျော်ဇော
ဖေဖော်ဝါရီ ၁၆၊ ၂၀၁၀
             ထိုင်း-မြန်မာ နယ်စပ်တံခါး ပေါက်တခုဖြစ်တဲ့ စံခလဘူရီ-ဘုရားသုံးဆူဒေဟာ မြန်မာ့အဖိုးတန် ကျွန်း၊ ပျဉ်း ကတိုးသစ်တွေကို ပရိဘောဂပစ္စည်းမျိုးစုံ၊ ပန်းပုရုပ်မျိုးစုံထုတ်လုပ်ပြီး တရားမဝင် ရောင်းဝယ်ဖောက်ကားနေတဲ့ ဒေသတခုပါ။

      သစ်ကုန်သည်တွေ ခြေချင်းလိမ်နေတဲ့ ဘုရားသုံးဆူ-စံခလဒေသမှာ သစ်ကြမ်းထည်တွေကနေ ပရိဘောဂပစ္စည်းမျိုးစုံ၊ ပန်းပုရုပ်မျိုးစုံ ထုတ်လုပ်နေတဲ့ ပရိဘောဂစက်ရုံအလုပ်ရုံ (၁ဝဝ)ကျော်ရှိပါတယ်။
      ဟိုဘက်ခြမ်း၊ ဒီဘက်ခြမ်းက အဲဒီစက်ရုံအလုပ်ရုံတွေမှာ လွှထိုး၊ ရေဘော်တိုက်၊ ဆောက်တွင်း၊ ကနုတ်ဖော်၊ ကော် ပတ်စား၊ ပေါ်လစ်တင်စတဲ့ အလုပ်တွေကို နေ့စား၊ လစား လုပ်ကိုင်နေကြတာက မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတွေကနေ အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ မြန်မာအလုပ်သမားတွေ ဖြစ်ပါတယ်။
      ပရိဘောဂအလုပ်သမားတွေဟာ ကုန်သည်၊ ဝယ်လက်တွေလိုအပ်တဲ့ ပစ္စည်းတွေ၊ ပန်းပုရုပ်တွေကို အရေးကြီးရင် ကြီးသလို အလျှင်လိုရင် လိုသလို မိုးလင်းကနေ မိုးချုပ်အထိ လုပ်ကိုင်ကြရတာမို့ သူတို့ရဲ့ လုပ်ခ၊ လစာကလည်း ကျွမ်းကျင်မှု၊ ပစ္စည်းသေသပ်မှု၊ လုပ်သက်ကြာမြင့်မှုအပေါ်မူတည်ပြီး တနေ့ ဘတ် ၁ဝဝ၊ ၁၅ဝ၊ ၂ဝဝ တလကို ဘတ် ၄ဝဝဝ ကနေ ၈ဝဝဝ၊ ၁ဝဝဝဝ အထိရကြတယ်လို့ ပရိဘောဂလုပ်သားတွေက ဆိုပါတယ်။
      ပရိဘောဂစက်ရုံ၊ အလုပ်ရုံတွေမှာ လက်ခံအပ်ထည်များပြီး နေ့မအား၊ ညမအား အလုပ်လုပ်ရရင် အလုပ်သမား အများစု ဝင်ငွေရွင်ကြပြီး သူတို့ရဲ့ မိသားစုဝင်တွေလည်း စားဝတ်နေရေး အဆင်ပြေတယ်ကြလို့ ဆိုပါတယ်။
      “ ကျနော်တို့အလုပ်က အလုပ်ပုံမှန်ရှိရင် (၇)ယောက်ရှိတဲ့ မိသားတစုမှာ ၂-၃ ယောက်လောက်ပဲ အလုပ်လုပ် စားလို့သောက်လို့ စုလို့ဆောင်းလို့ရတယ်၊ အရေးကြီးတာက အပ်ထည်တွေနဲ့ သစ်ကြမ်းထည်တွေ ပုံမှန်ရှိနေဖို့ပဲ။ သစ်ကြမ်း ထည်တွေရှိနေလို့ကတော့ ပရိဘောဂအလုပ်သမားတွေ ဘယ်တော့မှ ထမင်းမငတ်ဘူး”
လို့ ပရိဘောဂ အလုပ်သမားတဦး ဖြစ်တဲ့ ကိုမောင်ကျော်က ပြောပါတယ်။
      သစ်ကြမ်းထည်တွေဟာ ပရိဘောဂအလုပ်သမားတွေ ထမင်းမငတ်ဖို့အရေးကြီးသလို ပရိဘောဂ စက်ရုံအလုပ်ရုံတွေ လည်ပတ်နေဖို့ ပရိဘောဂလုပ်ငန်းတွေ ရပ်ဆိုင်းမသွားဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်တော့ သစ်ကြမ်းထည်တွေဟာ ပရိ ဘောလုပ်ငန်းနဲ့ စီးပွားဖြစ်နေကြတဲ့ ကုန်သည်တွေ၊  လုပ်ငန်းရှင်တွေအတွက် သေရေးရှင်ရေးတမျှကို  အရေးကြီးတာပါ။
      “ပရိဘောဂလုပ်ငန်းရဲ့ အသက်က အဓိက သစ်ပဲလေ။  သစ်မရှိရင် စက်ရုံတွေလည်းပိတ်၊ လုပ်ငန်းရှင်မကောင်းရင် အလုပ်သမားတွေလည်း ငုတ်တုတ်ထိုင်ငတ်ပဲ”
လို့ ပရိဘောဂ လုပ်ငန်းရှင်တဦးက ပြောပါတယ်။
      စံခလဘူရီ-ဘုရားသုံးဆူဒေသက ပရိဘောဂလုပ်ငန်းဟာ မြန်မာပြည်ထွက်သစ်နဲ့ မြန်မာပြည်သားအလုပ်သမား တွေကို အဓိကထား လည်ပတ်နေရတာပါ။ ဒါပေမယ့် တကယ်တမ်း ပရိဘောဂလုပ်ငန်းမှာ အကျိုးဖြစ်ထွန်းနေတာက ထိုင်းကုန် သည်တွေပါ။
      “ ဒီလုပ်ငန်းမှာ အများဆုံး အကျိုးဖြစ်ထွန်းတာကတော့ ထိုင်းကုန်သည်တွေပဲ။ သူတို့က ကျနော်တို့ဆီက ထွက်သမျှ ပစ္စည်းအကုန်ယူတယ်။ ထိုင်းဈေးကွက် တင်မကဘူး။ နိုင်ငံတကာဈေးကွက်ဝင်အောင် ဝယ်လက်တွေကို ထိုးဖောက်နိုင်တော့ သူတို့က အကျိုးအမြတ် ပိုဖြစ်တယ်”
လို့ ဘုရားသုံးဆူက ပရိဘောဂ အလုပ်ရုံပိုင်ရှင်တဦးဖြစ်တဲ့ ဦးညွန့်မောင်က ပြောပါတယ်။
      ဦးညွန့်မောင်ဟာ ဘုရားသုံးဆူဒေသက ဝါရင့်ပရိဘောဂလုပ်ငန်းရှင်တဦးပါ။ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ရွာလေး တရွာကနေ ဘုရားသုံးဆူဒေသကို ရောက်လာတဲ့ ဦးညွန့်မောင်ဟာ ပရိဘောဂလုပ်ငန်းကို သားတွေ၊ သမီးတွေနဲ့ တနိုင်တပိုင် အစပျိုးခဲ့တာပါ။ အခုတော့ မွန်၊ ကရင်၊ ဘိတ်၊ ထားဝယ်၊ မြန်မာ၊ အလုပ်သမား(၁ဝဝ) နီးပါးရှိတဲ့ ပရိဘောဂ အလုပ်ရုံတခုကို သူတို့မိသားစုတွေ ပိုင်ဆိုင်နေပါပြီ။
      ဦးညွန့််မောင်ဟာ သူ့ရဲ့ ပရိဘောဂလုပ်ငန်းလေးကို  သစ်ကြမ်းထည်တွေကို သစ်မှောင်ခိုတွေဆီကနေ ငွေတဝက်ချေ၊ တဝက်ကျန် စနစ်နဲ့ အစပြုခဲ့ရတာပါ။ သစ်ကြမ်းထည်တွေကို ကိုယ်တိုင်ဝယ်ပြီးလုပ်တာဟာ ထုတ်လုပ်တဲ့ ပစ္စည်းအားလုံး သူပိုင်ပစ္စည်း ဖြစ်တာမို့ ကြိုက်ဈေးခေါ်  အချိန်ဆွဲ ရောင်းလို့ရတဲ့အတွက် ပိုပြီးတွက်ချေကိုက်တယ်လို့ သူက ဆိုပါတယ်။
      “အခုနောက်ပိုင်းမှာ ကုန်သည်တွေက သစ်ကြမ်းထည်တွေပေးပြီး သူတို့လိုချင်တဲ့ ပစ္စည်း၊ ပုံစံ၊ အရွယ်အစားကို ကျနော်တို့ဆီမှာ အပ်တာများတယ်။ ကျနော်တို့က လုပ်သားအင်အားသုံးပြီး အော်ဒါလက်ခံတဲ့အလုပ်ပဲ လုပ်တော့တယ်”
လို့ သူက ပြောပါတယ်။
      ဒီလိုဖြစ်လာတာကလည်း ထိုင်းပရိဘောဂကုန်သည်တွေက သစ်မှောင်ခိုဈေးကွက်အထိကို ထိုးဖောက်ဝင်ရောက် လာကြလို့ ဖြစ်ပါတယ်။ ထိုင်းကုန်သည်တွေဟာ (၂)နိုင်ငံနုယ်စပ်က ဂိတ်ပေါင်းများစွာကို ငွေကိုလမ်းခင်းပြီး အလွယ်တကူ ကျော်လွှားနိုင်ရုံမက ကရင်ပြည်နယ်ထဲက သစ်ထုတ်လုပ်နေတဲ့ လက်နက်ကိုင်အဖွဲ့ပေါင်းစုံနဲ့ပေါင်းပြီးတော့ သစ်ဝယ်ရောင်း အလုပ်ကိုပါ လုပ်ကိုင်နေကြတာပါ။
      “သူတို့အတွက်ကတော့ သစ်ကြမ်းထည်တွေမှာလည်း အမြတ်ရှိတယ်။ ပစ္စည်းအပ်တော့လည်း သူတို့သစ်နဲ့ သူတို့ လိုချင်တဲ့ပုံစံ၊ ထွက်တဲ့ပစ္စည်းကို ဈေးကွက်တင်တော့လည်း သူတို့ဈေးကွက်နဲ့ သူတို့ခေါ်ဈေးဆိုတော့ အကျိုးအမြတ် ၇ဝ ရာခိုင်နှုန်းလောက် ထိုင်းတွေရဲ့ အိတ်ထဲပဲ ရောက်ကုန်တယ်”
လို့ အမည်မဖော်လိုတဲ့ ပရိဘောဂလုပ်ငန်းရှင်တဦးက ပြော ပါတယ်။
      “အခုတော့ သစ်တွေလည်းပါးလာပြီး။ သစ်အဝင်နည်းတော့ လုပ်ငန်းလည်း အရင်လို မသွက်တော့ဘူး။ တချို့ အလုပ်ရုံတွေလည်း ပိတ်ကုန်ပြီ။ သစ်မဝင်လို့ အလုပ်မဖြစ်ရင် အရင်ဆုံး ဒုက္ခရောက်ကြတာက အလုပ်သမားတွေပဲ”
လို့ အဆို ပါလုပ်ငန်းရှင်က ဆိုပါတယ်။
      သစ်ကြမ်းထည်တွေ အဝင်နည်းလို့ ပရိဘောဂလုပ်ငန်းတချို့ ရပ်ဆိုင်းသွားကြပေမယ့် အဲ့ဒီအလုပ်နဲ့ လက်ဖျားငွေရွင် ခဲ့တဲ့ အလုပ်သမားတချို့က ပရိဘောဂလုပ်ငန်းတွေ တနေ့ပြန်ကောင်းလာမလားနိုးနိုးနဲ့ ဇွဲကောင်းကောင်းနေ စောင့်နေကြ သလို တချို့လည်း နေစရိတ်၊ စားစရိတ်အကြွေး တွေတင်၊ စိတ်ဓာတ်တွေကျပြီး မိသားစုဘဝတွေ ဖရိုဖရဲဖြစ်သွားကြတဲ့ ပရိဘောဂလုပ်သားတွေလည်း ရှိနေပါတယ်။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts