ဝေဖန်ရေးရာ

အရှင်စန္ဒိမာ (မွန်စိန်တောရ) – အကြမ်းဖက်အန္တရာယ် တကယ် ရှိနေပြီလား

 
အရှင်စန္ဒိမာ (မွန်စိန်တောရ)  – အကြမ်းဖက်အန္တရာယ် တကယ် ရှိနေပြီလား
(မိုးမခ) စက်တင်ဘာ ၈ ၊ ၂၀၁၄
လတ်တလော သတင်းပျံ့နေတဲ့ အယ်လ်ကိုင်းဒါးခေါင်းဆောင်ရဲ့  ခြိမ်းခြောက်ပြောဆိုမှုဟာ မြန်မာနိုင်ငံကို လက်တွေ့သက်ရောက်မှု နည်းလိမ့်မယ်လို့ ထင်စရာရှိပါတယ်။ နိုင်ငံတချို့မှာလို အသေခံဗုံးခွဲအကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်ခြေ နည်းမယ်လို့ ထင်ကြလိမ့်မယ်။ ဒါပေမယ့် ငွေပေးရင် ဖြစ်ချင်တာ အရာရာ ဖြစ်နိုင်တဲ့ တရားဥပဒေစိုးမိုးမှုအားနည်းတဲ့ နိုင်ငံ၊ လူထုကြည်ဖြူမှု မရှိတဲ့ အစိုးရအာဏာရထားတဲ့ နိုင်ငံတစ်နိုင်ငံမှာ အကြမ်းဖက်သမားတွေကသာ တကယ်ပစ်မှတ်ထားလာမယ်ဆိုရင် မဖြစ်နိုင်ဘူးလို့ ပြောရ ခက်ပါတယ်။
မနှစ်က ကင်ညာနိုင်ငံက ကုန်တိုက်ကြီးတစ်ခုကို ဆိုမာလီယာနိုင်ငံမှာ အခြေစိုက်တဲ့ al-Shabab အမည်ရတဲ့ အကြမ်းဖက်အဖွဲ့တစ်ခုက အကြမ်းဖက်ဝင်ရောက်သိမ်းပိုက်ပြီး အပြစ်မဲ့ အရပ်သားတွေကိုလည်း ဓါးစားခံအဖြစ် ရက်အတန်ကြာ ဖမ်းဆီးထိန်းသိမ်းထားခဲ့တယ်။ နောက်ဆုံး ကင်ညာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကုန်းတိုက်ကြီးကို ဝင်ရောက်စီးနင်းတော့ ဓါးစားခံများစွာကို ကယ်တင်နိုင်ခဲ့သော်လည်း အနည်းဆုံး အပြစ်မဲ့အရပ်သား ၆၇ ယောက် အသက်ဆုံးခဲ့ရတယ်။  
al-Shabab အကြမ်းဖက်အဖွဲ့ဟာ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ပြီး လက်နက်ခိုးသွင်းတာ၊ ကုန်တိုက်မှာ အခန်းတွေယူထားပြီး လက်နက်တွေကို သိုဝှက်ထားတာတွေကို ကင်ညာလုံခြုံရေးတပ်ဖွဲ့တွေ ရဲတွေနဲ့ အစိုးရအမှုထမ်းတွေကို လာဘ်ထိုးပြီး စနစ်တကျ ကြိုတင်စီမံခဲ့တယ်လို့ သတင်းတွေက ဆိုတယ်။ ဒါကြောင့် အကျင့်ပျက်ခြစားမှု လာဘ်ပေးလာဘ်ယူမှုတွေ ထူပြောတဲ့ နိုင်ငံတစ်နိုင်ငံကို အကြမ်းဖက်သမားတွေ ဝင်ရောက်လာဖို့ မခက်ခဲဘူးဆိုတာကို ကင်ညာကုန်တိုက်ကြီး အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရမှုက သက်သေခံနေပါတယ်။
လူထုကြည်ဖြူမှုမရှိတဲ့ အစိုးရအာဏာရထားတဲ့ နိုင်ငံမှာလည်း အကြမ်းဖက်သမားတွေ အကြမ်းဖက်လုပ်ငန်း လုပ်မယ်ဆိုရင် မခက်ခဲနိုင်ပါဘူး။ အကြမ်းဖက်သမားတွေကို ခြေရာခံဖို့ လက်ရာဖမ်းဆီးဖို့ဆိုတာ လူထုရဲ့ သတင်းပေးမှု ပူးပေါင်းကူညီမှု လိုအပ်ပါတယ်။ သို့သော် လူထုကြည်ဖြူမှုမရှိတဲ့ အစိုးရအနေနဲ့ လူထုဆီက ပူးပေါင်းကူညီမှု အပြည့်အဝရနိုင်ဖို့ ခက်ခဲပါမယ်။
နောက်တစ်ခု အယ်လ်ကိုင်းဒါးဆိုတာ အမေရိကန်လို ကမ္ဘာ့အင်အားကြီး နိုင်ငံကိုတောင် ဒုက္ခပေးခဲ့တဲ့ အကြမ်းဖက်အဖွဲ့အစည်းကြီးဆိုတာကိုလည်း မေ့လို့ မရနိုင်ပါ။ ဒီအချိန်မှာ နေပြည်တော် သမ္မတရုံးက စိုးရိမ်စရာ မရှိဘူးလို့ သတင်းထုတ်ပြန်ခဲ့တယ်။ တကယ်တော့ စစ်ရေး လုံခြုံရေးအင်အားတောင့်တင်းပြီး လူထုထောက်ခံမှုရှိတဲ့ ခိုင်မာတဲ့ အစိုးရအုပ်ချုပ်တဲ့ နိုင်ငံတွေလို မြန်မာနိုင်ငံမှာ ပြင်ပအကြမ်းဖက်အန္တရာယ်ကို စိုးရိမ်စရာမရှိဘူးလို့ ကြုံးဝါးနိုင်တဲ့ အခြေအနေမရှိပါဘူး။ အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့ကိုယ်နှိုက်က မြန်မာနိုင်ငံမှာ အကြမ်းဖက်လိုတဲ့ ဆန္ဒမရှိသေးလို့ စိုးရိမ်စရာ မရှိတာပါ ပြောမှ ပိုမို မှန်ကန်ပါလိမ့်မယ်။   
ဒါကြောင့် အကျင့်ပျက်ခြစားမှုတွေ ထူပြောပြီး လူထုထောက်ခံမှုမရှိ၊ လူထုမေတ္တာမရှိတဲ့ အစိုးရအုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ အယ်လ်ကိုင်းဒါးလို ကမ္ဘာ့အကြမ်းဖက်အဖွဲ့ကြီးရဲ့ အန္တရာယ်ကို လျှော့တွက်ခြင်းဟာ အတွေးတိမ်လွန်းရာ ကျပါတယ်။ အကျင့်ပျက်ခြစားမှုတွေ ထူပြောပြီး လူထုကြည်ဖြူမှုမရှိတဲ့ အစိုးရဆက်လက် အုပ်ချုပ်နေခြင်းဟာ အကြမ်းဖက်အန္တရာယ် လမ်းပွင့်နေတဲ့ သဘောပါပဲ။
ယခု အယ်လ်ကိုင်းဒါးခေါင်းဆောင်ရဲ့ ခြိမ်းခြောက်ပြောဆိုလာမှုတစ်ခုတည်းကြောင့် အကျင့်ပျက်ခြစားမှုနဲ့ လူထုကြည်ဖြူမှုမရှိတဲ့ အစိုးရအာဏာယူထားတဲ့ ပြဿနာကို ဖြေရှင်းဖို့ လိုအပ်လာတာ မဟုတ်ပါဘူး။ အယ်လ်ကိုင်းဒါးခေါင်းဆောင်ရဲ့ ခြိမ်းခြောက်ပြောဆိုမှုဟာ မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ ပြဿနာပေါင်းများစွာထဲမှ တစ်ခုမျှသာ ဖြစ်ပါတယ်။
အယ်လ်ကိုင်းဒါးလို အကြမ်းဖက်အဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေကို လူတွေ ထိတ်လန့်တကြား သတိပြုမိကြပေမယ့် အိမ်နီးချင်းနိုင်ငံများရဲ့ မြန်မာနိုင်ငံမှာ တမျှင်းမျှင်းနဲ့ ပါးပါးလည်းလှီး၊ အတုံးလိုက်အတစ်လိုက်လည်း ဖဲ့ယူနေကြတဲ့ နိုင်ငံပိုင်သယံဇာတတွေကို ထုတ်ယူအသုံးပြုခွင့်တွေနဲ့ စီးပွါးရေးအရ အသာစီးရမှုတွေကိုကျတော့ နိုင်ငံအတွက် အန္တရာယ်လို့ မမြင်တတ်ကြပါဘူး။
နိုင်ငံအုပ်ချုပ်နေကြသူတွေရဲ့ မဟာဦးနှောက်ကလည်း ရာထူးမြဲခိုက် ငါ့ဘို့ရှာထားရမယ်ဆိုတဲ့ ဝါးလုံးခေါင်းအတွေးထဲမှ မထွက်နိုင်ကြသေးပါဘူး။ အာဏာပါဝါရှိသူတွေရဲ့ ရာထူးဂုဏ်ဒြပ်နဲ့ မလျှော်တဲ့ ယုတ်နိမ့်တဲ့ ကိုယ်ကျိုးအတ္တအမြင်ကျဉ်းကျဉ်းကို မစွန့်နိုင်ကြတာဟာ ယနေ့ နိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ပြဿနာအားလုံးရဲ့ ရေသောက်မြစ်ပါ။ နိုင်ငံနဲ့ ပြည်သူတရပ်လုံး ဆုံးရှုံးနစ်နာရမှုတွေကို ငါ့ဘို့ ငါ့မိသားစုဘို့ ငါ့မိတ်ဆွေအသိုင်းအဝိုင်းဘို့ဆိုတဲ့ ကိုယ်ကျိုးစီးပွါးနဲ့ လဲလှယ်ယူနေကြသူတွေရဲ့ အသိဥာဏ်ဟာ တာဝန်ယူထားကြတဲ့ ရာထူးအဆင့်အတန်းနဲ့ ဘယ်လိုမှ လျှော်ကန်မှု မရှိပါဘူး။ နက်နဲကျယ်ပြန့်တဲ့ ဓမ္မအမြင်ကို နားလည်သဘောပေါက်ဖို့ အသာထား ပစ္စုပ္ဗန်ခေတ်ကာလမှာ မိမိတို့ တာဝန်ခံထားတဲ့ နိုင်ငံနဲ့ ပြည်သူအတွက်တောင် စစ်မှန်ရိုးသားတဲ့ အမြင်ကို မထားနိုင်ခြင်းဟာ အာဏာပါဝါရှိသူတွေရဲ့ မှောင်မိုက်တဲ့ မောဟအဝိဇ္ဖာကို ဖေါ်ပြနေတာပါ။  
ရေတိုရေရှည် ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတဲ့ နိုင်ငံရဲ့ ပညာရေး ကျန်းမာရေးအပါအဝင် ဘက်ပေါင်းစုံ ချိနဲ့ကျဆင်းယိုယွင်းနေတဲ့ ပြဿနာအထွေထွေကို လူထုထောက်ခံမှုနဲ့ လူထုပူးပေါင်းဆောင်ရွက်မှု အပြည့်အဝရှိတဲ့ တရားမျှတမှန်ကန်တည့်မတ်ပြီး တည်ငြိမ်တဲ့ အစိုးရအုပ်ချုပ်ရေးစနစ်ကသာ ဖြေရှင်းနိုင်ပါလိမ့်မယ်။
ယနေ့ လူထုကြည်ဖြူမှုမရှိတဲ့ အစိုးရကိုယ်တိုင်က မြန်မာနိုင်ငံရဲ့ အဓိကပြဿနာပါ။ အဓိကပြဿနာကို ဖြေရှင်းနိုင်မှသာ ကျန်တဲ့ပြဿနာတွေကို ကျွဲကူးရေပါ ဖြေရှင်းဖို့ လွယ်ကူချောမွေ့သွားပါလိမ့်မယ်။ သို့သော် လူထုကြည်ဖြူမှုမရှိတဲ့ အစိုးရတည်မြဲနေခြင်းဟာ အကြမ်းဖက်အန္တရာယ်အပါအဝင် အန္တရာယ်တိုင်းအတွက် လမ်းဖွင့်ထားသလိုပဲ ဖြစ်နေအုံးမှာပါ။       

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts