သတင်းဆောင်းပါး အောင်ဒင်

အောင်ဒင် – အပိုင်း (၇၄) ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုအစိုးရနှင့် တတိယလှိုင်း (က)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၅၊ အမှတ် ၂၁၂၊ စက်တင်ဘာ ၄၊ ၂၀၁၄၊ စာမျက်နှာ ၁၈/၃၂)

အောင်ဒင် – အပိုင်း (၇၄) ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုအစိုးရနှင့် တတိယလှိုင်း (က)

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

#ရှေ့သို့ချည်းလုပ်မနေနဲ့။ နောက်သို့လည်း ပြန်လှည့်ကြည့်ပါဦး

အခုတလော အစိုးရသတင်းစာတွေ၊ ရေဒီယို၊ ရုပ်မြင်သံကြားထုတ်လွှင့်ချက်တွေမှာ မကြာခဏ ဖတ်ရ၊ ကြားရတာကတော့ “နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများ တတိယအဆင့်အရှိန်မြှင့်တင်မှု (Third Wave)” ဆိုတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့ဝင်တွေ၊ ထိပ်တန်းအရာရှိကြီးတွေက ဝန်ထမ်းတွေ၊ ဒေသအာဏာပိုင်တွေ၊ ပြည်သူတွေနဲ့ တွေ့ဆုံပြီး သမ္မတဦးသိန်းစိန်လက်ထက် စတင်အကောင်အထည်ဖော်ခဲ့တဲ့ နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ပထမအဆင့်၊ ဒုတိယအဆင့်တွေပြီးဆုံးလို့ တတိယအဆင့်ကို အရှိန်အဟုန်နဲ့ အကောင်အထည်ဖော်နေကြောင်း ပြောဆိုတာတွေကို ကြားသိ၊ ဖတ်ရှူနေရတာပါ။ သမ္မတဦးသိန်းစိန် ကြွေးကြော်ကတိပေးခဲ့တဲ့ ကောင်းမွန်သောအုပ်ချုပ်မှု (Good Governance)၊ သန့်ရှင်းသောအစိုးရ (Clean Government) ဖြစ်ရေး၊ ၊ ပွင်လင်းမြင်သာရေး (Transparency)၊ အဂတိလိုက်စားမှုပပျောက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စတဲ့ဆောင်ရွက်ချက်တွေ သုံးနှစ်ခွဲအချိန်ကာလအတွင်း အဆင့်နှစ်ဆင့် ဖြတ်ကျော်ခဲ့ပြီး တတိယအဆင့်ကို ရောက်ရှိနေချိန်မှာ ပထမအဆင့်နဲ့ ဒုတိယအဆင့် ဖြတ်သန်းမှုများမှာ ရည်မှန်းချက်တွေ အောင်မြင်ခဲ့ပါရဲ့လား။ သမ္မတဦးသိန်းစိန်ရဲ့  အစိုးရဟာ မျှော်လင့်သလို ကောင်းမွန်သော အုပ်ချုပ်မှုနဲ့ သန့်ရှင်းသောအစိုးရဖြစ်ပါရဲ့လား။ အဂတိလိုက်စားမှုတွေ မပပျောက်တောင် လျော့နည်းလာပြီလား၊ အမှန်တကယ်ပွင့်လင်းမြင်သာပြီလား၊ ဆင်းရဲနွမ်းပါးမှုကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်ပြီလား။ ပြီးခဲ့တဲ့ အဆင့်နှစ်ဆင့် ဖြတ်သန်းမှုကို သေသေချာချာ စနစ်တကျဝေဘန်သုံးသပ်ပြီး မှားတာတွေပြင်၊ ချိုးဖောက်သူတွေကို ထိထိရောက်ရောက်အရေးယူ၊ လိုအပ်တာတွေကို ဖြည့်ဆီးနိုင်မှ တတိယဆင့်ကို အဓိပ္ပါယ်ရှိရှိ အရှိန်အဟုန်မြှင့်နိုင်မှာပါ။

ဗိုလ်ချုပ်ကြီးနေဝင်းခေါင်းဆောင်တဲ့ စစ်တပ်က ၁၉၆၂ ခုနှစ်မှာ နိုင်ငံတော်အာဏာကို သိမ်းပိုက်ပြီးတဲ့နောက် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းက “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ” (မဆလ) ကို တည်ထောင်ပါတယ်။ မဆလပါတီရဲ့ ကြွေးကြော်သံက “ရှေ့သို့” ပါ။ တော်လှန်ရေးကောင်စီနဲ့ မဆလပါတီက “ရှေ့သို့” ဆိုတဲ့ ကြွေးကြော်သံနဲ့ ချီတက်နေတဲ့အချိန်မှာ တိုင်းပြည်က ဆင်းရဲတွင်းထဲ စတင်နက်နေပါပြီ။ အဲဒီကာလက သတင်းစာဆရာကြီးတစ်ဦးက “ရှေ့သို့ချည်းလုပ်မနေနဲ့။ နောက် သို့လည်း ပြန်လှည့်ကြည့်ပါဦး” ဆိုပြီး မချိတင်ကဲ ငြီးတွားခဲ့တယ်လို့ မှတ်သားဖူးပါတယ်။ အခုလည်း ဦးသိန်းစိန်အစိုးရအဖို့ တတိယလှိုင်းကို အရှိန်မြှင့်သလို ပထမနဲ့ ဒုတိယလှိုင်းများကိုလည်း ပြန်လည်သုံးသပ်လို့ မှားတာတွေကို အချိန်မီပြင်ဆင်သင့်ပါတယ်။ ပြန်လည်သုံးသပ်ဖို့အတွက်လည်း အဝေးကြီးသွားကြည့်စရာမလိုပါ။ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက ၂၀၁၄ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းတဲ့ “၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၊ ပထမ (၆) လ စာရင်းများကို စစ်ဆေးရာတွင် တွေ့ရှိရသည့် စစ်ဆေးတွေ့ရှိချက်များ၊ စာရင်းစစ်ကန့်ကွက်ချက်များ၊ အရေးယူဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာအပေါ် စီစစ်တင်ပြခြင်းအစီရင်ခံစာ၊ အစီရင်ခံစာအမှတ်စဉ် (၈/၂၀၁၄)” ကို ဖတ်ရှုလေ့လာရင်ပဲ လုံလောက်နေပါပြီ။

# ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်ခြင်း

နအဖစစ်အစိုးရလက်ထက်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့ “၂၀၁၀ ခုနှစ် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ” မှာ “ပြည်ထောင်စုစာရင်းစစ်ချုပ်ဟာ မိမိ၏ဆောင်ရွက်ချက်များကို နိုင်ငံတော်သမ္မတမှတဆင့် ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံတင်ပြရမည်” (ပုဒ်မ ၁၁၊ ပုဒ်မခွဲ ည) လို့ပြဋ္ဌာန်းထားပါတယ်။ အဲဒီ ပြဋ္ဌာန်းချက်အရဆိုရင် ပြည်ထောင်စုစာရင်းစစ်ချုပ်ဟာ သူ့ရဲ့  အစီရင်ခံစာကို နိုင်ငံတော်သမ္မတကိုသာ တိုက်ရိုက်တင်ပြရမှာဖြစ်ပြီး နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက်တင်ပြရမှာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတက တဆင့်တင်ပြမည့် ပြည်ထောင်စုစာရင်းစစ်ချုပ်အစီရင်ခံစာဟာ မူရင်းအတိုင်း ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ပြည်ထောင်စုစာရင်းစစ်ချုပ်ဟာ နိုင်ငံတော်သမ္မတရဲ့  လက်အောက်ခံအရာရှိတစ်ယောက်ဖြစ်တာမို့ သူ့ရဲ့အစီရင်ခံစာကို သမ္မတက အရင်ဖတ်ရှူခွင့်ရပြီး သမ္မတအလိုရှိသလို ပြင်ဆင်ချောမွေ့ပြီးမှ ပြည်ထောင်စုလွှတ်တော်ကို ဆက်လက်တင်ပြတာမျိုး ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့်လည်း ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က “ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ” ကို ပြဋ္ဌာန်းလိုက်ပါတယ်။ အဲဒီဥပဒေပြင်ဆင်ချက်မှာ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (ည) ကို “ပြည်ထောင်စုစာရင်းစစ်ချုပ်ဟာ မိမိ၏ဆောင်ရွက်ချက်များနှင့် စစ်ဆေးတွေ့ရှိချက်များကို နိုင်ငံတော်သမ္မတထံသို့ တင်ပြသည်နှင့် တစ်ပြိုင်တည်း ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံတင်ပြရမည်” လို့ ပြင်ဆင်လိုက်ပါတယ်။ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (က) ကိုလည်း “ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်အစည်းအဝေးတွင်ဖြစ်စေ၊ နိုင်ငံတော်၏ အရအသုံးစာရင်းများစစ်ဆေးခြင်းနှင့် စပ်လျင်း၍ တစ်နှစ်လျင် အနည်းဆုံးတစ်ကြိမ်တင်ပြခြင်း၊ ထူးခြားသော အခြေအနေကို အခါအားလျော်စွာ တင်ပြခြင်း” ဆိုတဲ့ စကားရပ်နဲ့ အစားထိုးဖို့ ပြင်ဆင်ခဲ့ပါတယ်။

ဒါ့အပြင် ပုဒ်မ ၁၁၊ ပုဒ်မခွဲ (ဍ္ဍ) ဆိုပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့  တာဝန်ဝတ္တရားများမှာ “ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဋ္ဌာနများ၊ အစိုးရဋ္ဌာနများ၊ အစိုးရအဖွဲ့အစည်းများနှင့် နေပြည်တော်ကောင်စီ၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုကို စစ်ဆေးရန် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးအပ်လာလျင် စစ်ဆေး၍ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံတင်ပြခြင်း” ဆိုတဲ့ တာဝန်တစ်ခုတိုးလို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ဟာ နိုင်ငံတော်သမ္မတရဲ့  အမိန့်ကိုတင်မကပဲ ပြည်ထောင်စုလွှတ်တော်ရဲ့  အမိန့်ကိုပါ နာခံဆောင်ရွက်ရတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ဖန်တီးလိုက်ပါတယ်။

ဒီလို ပြည်ထောင်စုလွှတ်တော်က ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့  တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ၊ တာဝန်ခံမှုတွေကို ဥပဒေပြဋ္ဌာန်းပြင်ဆင်တာကို သမ္မတက လွယ်လွယ်ကူကူနဲ့ လက်ခံခဲ့တာမဟုတ်ပါ။ ပြည်ထောင်စုလွှတ်တော်က “ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ” ကို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပဉ္စမအစည်းအဝေးမှာ အတည်ပြုပြီး နိုင်ငံတော်သမ္မတထံ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့မှာ လက်မှတ်ရေးထိုးထုတ်ပြန်ဖို့ ပေးပို့တဲ့အခါ ဒီပြင်ဆင်ချက်ဥပဒေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီဘူးဆိုပြီး သမ္မတက လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ပြီး ပြည်ထောင်စုလွှတ်တော်ကို ကန့်ကွက်ချက်များနဲ့ ပြန်ပို့ခဲ့ပါတယ်။ ဒါကြောင့် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအစည်းအဝေးမှာ သမ္မတရဲ့  ကန့်ကွက်ချက်များကို ဆွေးနွေးပြီး  ပြည်ထောင်စုလွှတ်တော်က သမ္မတရဲ့ ကန့်ကွက်ချက်များကို ငြင်းပယ်ပြီး ဥပဒေကြမ်းကို ထပ်မံအတည်ပြုပါတယ်။ ဒီလိုနဲ့ အဲဒီဥပဒေကြမ်းဟာ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ အတည်ဖြစ်လာတာပါ။ သမ္မတက လွှတ်တော်ကိုယ်စားလှယ်အများစုရဲ့  ဆန္ဒကို လေးစားသောအားဖြင့် ဒီဥပဒေကို လက်မှတ်ရေးထိုးပေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်ဖူးလို့ သံသယရှိဆဲမို့ “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး” သို့ တင်သွင်းပြီး အဆုံးအဖြတ်ခံယူမယ်လို့ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

#သန့်ရှင်းသောအစိုးရမဖြစ်နိုင်သေးပါ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက အဆုံးအဖြတ်တစ်စုံတစ်ရာ မပေးသေးသ၍ ဒီဥပဒေဟာ တည်ဆဲဥပဒေဖြစ်ပါတယ်။ ဒီဥပဒေအရ ပြည်ထောင်စုစာရင်းစစ်ချုပ်ဟာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၊ ပထမ (၆) လအတွက် ပြည်ထောင်စုအစိုးရဝန်ကြီးဋ္ဌာနများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနဲ့ နေပြည်တော်ကောင်စီများရဲ့  နိုင်ငံတော်ဘဏ္ဍာအရ၊ အသုံးငွေစာရင်းများကို စစ်ဆေးပြီး စာရင်းစစ်ချုပ်အစီရင်ခံစာကို နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုလွှတ်တော်ကို ၂၀၁၄ ခုနှစ်၊ မေလ ၂၇ ရက်နေ့မှာ တစ်ပြိုင်တည်း တင်သွင်းပါတယ်။  ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့  အစီရင်ခံစာအပေါ် သမ္မတဦးသိန်းစိန်က ဘယ်လိုအရေးယူဆောင်ရွက်တယ်ဆိုတာကိုတော့ သတင်းထုတ်ပြန်ခြင်းမရှိတာမို့ ပြည်သူအများ မသိကြရပါ။ ပြည်ထောင်စုလွှတ်တော်ကတော့ မေလ ၂၉ ရက်နေ့မှာ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီကို စာရင်းစစ်ချုပ်ရဲ့  အစီရင်ခံစာကို လေ့လာသုံးသပ်ပြီး တွေ့ရှိချက်များ၊ မှတ်ချက်များနဲ့တကွ ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်တင်ပြရန် တာဝန်ပေးခဲ့ပါတယ်။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်များမှ ငွေစာရင်းကော်မတီဝင်များ ပူးတွဲပါဝင်တဲ့ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာကို အချိန်ကာလ တစ်လခွဲကျော် စီစစ်လေ့လာပြီး ကော်မတီရဲ့  တွေ့ရှိချက်နဲ့ အကြံပြုချက်တွေကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကို ပြန်လည်တင်ပြပါတယ်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့  စစ်ဆေးတွေ့ရှိချက်များအပေါ် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့  စီစစ်လေ့လာမှုများအရ သမ္မတဦးသိန်းစိန်ရဲ့  အစိုးရအဖွဲ့အတွင်းမှာ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းများကို မလိုက်နာမှုတွေ၊ နိုင်ငံတော်ဘဏ္ဍာကို အလွဲသုံးစားပြုမှုတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းကြီးများ၊ အကြီးစားပစ္စည်းဝယ်ယူမှုများမှာ တင်ဒါခေါ်ယူခြင်းမပြုပဲ နီးစပ်ရာပုဂ္ဂလိကကုမ္ပဏီများကို အလုပ်အပ်နှံတာတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းကြီးများကို ဆောက်လုပ်ရေးလုပ်ငန်းစီစစ်ရေးကော်မတီရဲ့ ခွင့်ပြုချက်မရှိပဲ ဆောက်လုပ်တာတွေ၊ နိုင်ငံတော်ပိုင်အဆောက်အအုံများ၊ ပစ္စည်းများကို ပုဂ္ဂလိကသို့ ရောင်းချရာ၊ ငှါးရမ်းရာမှာ မှားယွင်းမှုတွေကြောင့် နိုင်ငံတော်ဘဏ္ဍာငွေတွေ နစ်နာဆုံးရှုံးနေရတာတွေ၊ နိုင်ငံတော်ဘဏ္ဍာငွေတွေကို လက်ဝယ်ထားရှိပြီး ဋ္ဌာနအကြီးအကဲတွေက ထင်သလိုသုံးစွဲနေတာတွေ၊ အများအပြားရှိနေကြောင်း သိရပါတယ်။ ဒါ့အပြင် အဲဒီ မမှန်မကန်ပြုမှုများကို စာရင်းစစ်ချုပ်က ဖော်ထုတ်တွေ့ရှိပြီး ကန့်ကွက်ရာမှာလည်း သက်ဆိုင်ရာဝန်ကြီးဋ္ဌာနများက ထိထိရောက်ရောက် အရေးယူမှုမရှိတာကိုလည်း တွေ့ရပါတယ်။ ဒီတွေ့ရှိချက်များအရ ဦးသိန်းစိန်ရဲ့  အစိုးရဟာ “သန့်ရှင်းသောအစိုးရဖြစ်ရေး” ဆိုတဲ့ ရည်မှန်းချက်နဲ့ အဝေးကြီးဝေးနေသေးတာ တွေ့ရပါတယ်။ ဒီပုံစံ၊ ဒီအခြေအနေကို ထိထိရောက်ရောက် မပြင်ဆင်ပဲနဲ့ဆိုရင် ပြုပြင်ပြောင်းလဲရေး တတိယအဆင့်ဟာလည်း အောင်မြင်နိုင်စရာ အကြောင်းမရှိပါ။

#ဥပဒေ၊ နည်းဥပဒေ၊ ဘဏ္ဍာရေးစည်းမျဉ်းများ၊ ဝန်ထမ်းစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများကို မလိုက်နာခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်က နိုင်ငံတော်သမ္မတရုံး၊ လွှတ်တော်ရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဘဏ် စတဲ့  ဗဟိုအဖွဲ့အစည်း (၉) ခု၊ ပြည်ထောင်စုဝန်ကြီးဋ္ဌာန (၂၉) ခု၊ နေပြည်တော်ကောင်စီနဲ့ နေပြည်တော်သာယာရေးကော်မတီများရဲ့  ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၊ ပထမ (၆) လအတွက် နိုင်ငံတော်ဘဏ္ဍာ အရ၊ အသုံးငွေစာရင်းများကို စစ်ဆေးရာမှာ ထုတ်ပြန်ထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊ ဘဏ္ဍာရေးစည်းမျဉ်းများ၊ ဝန်ထမ်းစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများကို မလိုက်နာမှုများ၊ မညီညွတ်မှုများကို စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ အဲဒီလို ဥပဒေမလိုက်နာမှုများကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်၊ ဒုတိယ (၆) လမှာလည်း ပြည်ထောင်စုစာရင်းစစ်ချုပ်က စစ်ဆေးတွေ့ရှိခဲ့ပြီး သက်ဆိုင်ရာဋ္ဌာနအကြီးအကဲများကို သတိပေးခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီလို သတိပေးထောက်ပြခဲ့လို့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၊ ပထမ (၆) လမှာ ရုံး/ဋ္ဌာန (၂၄) ခုရဲ့ ဥပဒေများ၊ စည်းမျဉ်းများနဲ့ မညီညွတ်မှုတွေဟာ အရင် (၆) လထက် နှိုင်းယှဉ်ရင် လျော့နည်းသွားပေမည့် အဖွဲ့အစည်း (၁၅) ခုရဲ့  ဥပဒေများ၊ စည်းမျဉ်းများကို မလိုက်နာမှုတွေက အရင် (၆) လထက်တောင် ပိုများလာပါတယ်။ အောက်ပါ နှိုင်းယှဉ်ချက်ဇယားကို ကြည့်ပါ။

 

စဉ်  

ဗဟိုအဖွဲ့အစည်း/ဝန်ကြီးဋ္ဌာန

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်၊
ဒုတိယ ၆ လ၊ ဥပဒေနှင့် မညီညွတ်မှုများ

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၊

ပထမ ၆ လ၊ ဥပဒေနှင့် မညီညွတ်မှုများ

နိုင်ငံတော်သမ္မတရုံး

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး

သာသနာရေး

၁၃

သမဝါယမ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း

၁၃

၂၆

ဆက်သွယ်ရေး

သစ်တော

၁၄

အားကစား

၂၅

ပညာရေး

၁၈

၄၇

၁၀

ကျန်းမာရေး

၁၉

၁၁

သတ္တုတွင်း

၁၁

၁၂

ယဉ်ကျေးမှု

၁၁

၁၃

ဘဏ္ဍာရေး

၁၀

၁၇

၁၄

ဟိုတယ်/ခရီး

၁၅

ဗဟိုဘဏ်

ဗဟိုအဖွဲ့အစည်း၊ ဝန်ကြီးဋ္ဌာနနဲ့ နေပြည်တော်ကောင်စီ စုစုပေါင်း (၃၉) ဖွဲ့ကို စစ်ဆေးရာမှာ ဥပဒေ၊ နည်းဥပဒေ၊ ဘဏ္ဍာရေးစည်းမျဉ်းများ၊ ဝန်ထမ်းစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများကို မလိုက်နာမှုဖြစ်စဉ်များကို ၂၀၁၂-၂၀၁၃၊ ဒုတိယ (၆) လမှာ (၂၄၈) ခု တွေ့ရှိခဲ့ပြီး ၂၀၁၃-၂၀၁၄၊ ပထမ (၆) လမှာ (၂၈၉) ခု တွေ့ရှိခဲ့ပါတယ်။ လျော့မသွားတဲ့အပြင် တိုးလာတာ ကောင်းတဲ့ လက္ခဏာမဟုတ်ပါ။ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းများဟာ တည်ဆဲ ဥပဒေ၊ နည်းဥပဒေ၊ ဘဏ္ဍာရေးစည်းမျဉ်းများ၊ ဝန်ထမ်းစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများကို အတိအကျလိုက်နာအကောင်အထည်ဖော်ဖို့ တာဝန်အရှိဆုံးအဖွဲ့အစည်းများ ဖြစ်ကြပါတယ်။ ဥပဒေကို လိုက်နာအကောင်အထည်ဖော်ရမည့် အဖွဲ့အစည်းများကိုယ်တိုင်က ဥပဒေကို မလိုက်နာပဲ ဥပဒေနဲ့ မညီညွတ်တဲ့ အလုပ်တွေကို လုပ်နေတာ၊ အဲဒီလို ဥပဒေနဲ့ မညီညွတ်တဲ့ ဖြစ်စဉ်တွေက ပြည်ထောင်စုစာရင်းစစ်ချုပ်က စစ်ဆေးတွေ့ရှိ သတိပေးတဲ့ကြားက လျော့မသွားပဲ တိုးပွါးလာတာ ကောင်းမွန်သောအုပ်ချုပ်မှု၊ သန့်ရှင်းသောအစိုးရဖြစ်ရေးအတွက် ဝန်ထုတ်ဝန်ပိုးတွေဖြစ်နေသလို ပြုပြင်ပြောင်းလဲရေး ပထမအဆင့်၊ ဒုတိယအဆင့်များရဲ့  မအောင်မြင်မှုကို ဖော်ပြနေပါတယ်။

(စာပြီးနေ့၊ ဩဂုတ်လ ၂၀၊ ၂၀၁၄)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts