>Burmese in Australia host 63rd Burma’s Union Day in Sydney

>

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပ

မိုးမခအထောက်တော် ဆစ်ဒနီ
ဖေဖော်ဝါရီ ၁၄၊ ၂၀၁၀
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- လွတ်မြောက်နယ်မြေ (သြစတြေးလျ ဌာနခွဲ)မှ ကြီးမှူးကျင်းပသည့် (၆၃) နှစ် မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ၂ဝ၁ဝခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၃)ရက်၊ စနေနေ့၌ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၊ ”ဟာရစ်ပတ်ခ်” လူထုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံရေးအဖွဲ့အစည်း (၈) ခု မှ ကိုယ်စားလှယ်စုစုပေါင်း (၁၆)ဦး တက်ရောက်ခဲ့ကြကြောင်း ကြားသိရသည်။
အခမ်းအနား သဘာပတိအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- လွတ်မြောက်နယ်မြေ (သြစတြေးလျဌာနခွဲ) ၏ ဥက္ကဋ္ဌ ဦးမောင်မောင်အေး (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) မှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါ အခမ်းအနား သို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့မှ ပြည်ထောင်စုနေ့သဝဏ်လွှာတရပ် ပေးပို့ခဲ့ပြီး ပြည်ထောင်စုနေ့ ဆိုင်ရာ သမိုင်းအဖြစ်အပျက်များကို မြဝတီဦးရဲခေါင်မှ ၎င်း၊ လက်ရှိ ဗမာ့နိုင်ငံရေး အခြေအနေ သုံးသပ်ချက်ကို ဦးတင်ထွဋ် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)မှ ၎င်း၊ အသီးသီး တင်ပြခဲ့ကြကြောင်း ကြားသိရပါသည်။
တက်ရောက်လာသူ အဖွဲ့အစည်းအသီးသီး၏ ကိုယ်စားလှယ်များက လက်ရှိ ဗမာ့နိုင်ငံရေးအခင်းအကျင်း အပေါ် ဆွေးနွေးသုံးသပ်ကြကာ လက်ရှိ စစ်အစိုးရ၏ လုပ်ဆောင်ချက်များကြောင့် နိုင်ငံလွတ်လပ်ရေးကို ရအောင် ကြိုးပမ်း ပေးခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသည့် အမျိုးသားခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့ကြသည့် ဒီမိုကရေစီ စနစ်နှင့် စစ်မှန်သော ပြည်ထောင်စုတို့သည့် အလှမ်းဝေးနေဆဲပင် ဖြစ်ကြောင်းနှင့် သြစတြေးလျရှိ နိုင်ငံရေး အဖွဲ့အစည်းအသီးသီးအနေဖြင့် ဗမာပြည် ဒီမိုကရေစီထွန်းကားရေးအတွက် ပူးပေါင်းဆောင်ရွက်သင့်သည့် အချက်များ ကို သုံးသပ်ဖေါ်ထုတ်ခဲ့ကြကြောင်း သိရှိရပါသည်။
ထို့အပြင် ၂ဝ၁ဝခုနှစ်၊ မေလအတွင်း ကျရောက်မည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ၁၉၉ဝခုနှစ် ရွေးကောက်ပွဲ အောင်ပွဲ အခမ်းအနား ကျင်းပရေးအတွက် ကျင်းပရေးကော်မတီကို တက်ရောက်လာသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းနိုင်ခဲ့ကြောင်းလည်း ထပ်မံသိရှိရပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts