>15th Anniversary of Passing of U Nu

>

နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း၊ ဆဋ္ဌသံဂါယနာ ပဓါနသာသနာ့ ဒါယကာကြီး ဦးနု ကွယ်လွန်ခြင်း ၁၅ နှစ်ပြည့် ဆွမ်းကျွေးတရားနာ ကျင်းပ

မိုးယံမခ၊ ရန်ကုန်
ဖေဖော်ဝါရီ ၁၅၊ ၂၀၁၀

ပဏ္ဏိတာရာမ ရွှေတောင်ကုန်းသာသနာ့ရိပ်သာ

 နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း၊ ဆဋ္ဌသံဂါယနာ ပဓါနသာသနာ့ ဒါယကာကြီး ဦးနု (၁၉၀၇ – ၁၉၉၅) ကွယ်လွန်ခြင်း ၁၅ နှစ်ပြည့် နှစ်ပတ်လည်ဆွမ်းကျွေး တရားတော်နာကို ရန်ကုန်မြို့ သံလွင်လမ်း အမှတ် ၈၀ – က မှာ ရှိတဲ့ ပဏ္ဏိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာမှာ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီ ၁၄၊ တနင်္ဂနွေနေ့ နံနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

          ဆွမ်းကျွေး တက်ရောက်ကြသူများ

         ဆွမ်းကျွေးတရားတော်နာကို သမီး ဒေါ်စန်းစန်းနုနဲ့ ဦးနုရဲ့ တပည့်သားမြေးများက ဆောင်ရွက်ခဲ့တာပါ။ သံဃာတော်များကို အာရုံဆွမ်း ဆက်ကပ်လှူဒါန်းပြီး ကွယ်လွန်သူကို ရည်စူး အမျှပေးဝေခဲ့ကြပါတယ်။

          ဆရာဒဂုန်တာရာနှင့် ဒေါ်သန်းသန်းနု (ဦးနုသမီးအငယ်)
 
 
       ဆရာဒဂုန်တာရာနှင့် ဒေါ်စန်းစန်းနု (ဦးနုသမီးကြီး)

         မြန်မာပြည်ရဲ့ ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်သူ ဦးနုဟာ ၁၉၃၆ ကျောင်းသားသပိတ် ခေါင်းဆောင်၊ ဒို့ဗမာအစည်းအရုံးဝင် သခင်နု၊ တိုးတက်တဲ့ နိုင်ငံရေးအမြင်တွေကို မိတ်ဆက်ပေးခဲ့တဲ့ နဂါးနီ စာအိုက်တိုက်တည်ထောင်ရာမှာ ပါဝင်ခဲ့သူ၊ မြန်မာ့လွတ်လပ်ရေးအတွက် နု – အက်တလီ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သူ၊ ဖဆပလ – ပထစ အစိုးရအဖွဲ့ရဲ့ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဆဋ္ဌသံဂါယနာ ပဓါနသာသနာ့ ဒါယကာကြီး၊ မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းဥက္ကဋ္ဌ၊ နဂါးနီသတင်းစဉ်တွင် ခေတ်မီပြဇာတ်များ ရေးခဲ့သူ၊ “ရက်စက်ပါပေ့ကွယ်”၊ “၅ နှစ် ရာသီ ဗမာပြည်”၊ “တာတေစနေသား”၊ “ကာမတဏှာ”၊ “လူမွဲတို့၏ ထွက်ရပ်လမ်း”၊ “လူပေါ်လူဇော်လုပ်နည်း” စတဲ့ စာအုပ်များ ရေးသားခဲ့သူ စာရေးဆရာကြီး၊ ပြီးတော့ ၁၉၈၈ စက်တင်ဘာမှာ စင်ပြိုင်အစိုးရကို ဖွဲ့စည်းခဲ့သူ ဖြစ်ပါတယ်။

          “သခင်နုဟာ ဗမာပြည်ကို ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နဲ့ သွားတဲ့ အစိုးရတရပ်ကို ဦးဆောင်ခဲ့သူပါ။ စစ်အစိုး၊ စစ်အာဏာရှင်စနစ်ထက် အများကြီး ကောင်းမွန်တဲ့ ပါလီမန်ဒီမိုကရေစီစနစ် ကို မြန်မာပြည်မှာ လက်တွေ့အောင်မြင်အောင် ကျင့်သုံးနိုင်ခဲ့တယ်။ သူရဲ့ နိုင်ငံရေးဖြတ်သန်းမှုဘ၀က ဆရာဒဂုန်တာရာရဲ့ ရုပ်ပုံလွှာမှာ ရေးသလို “သခင်နု (သို့မဟုတ်) မုန်တိုင်းထဲက သစ်ရွက်တရွက်” လို့ ပြောရမှာပါပဲ” လို့ ဆွမ်းကျွေးပွဲလာ နိုင်ငံရေးသမားဟောင်းတဦးက ဦးနုရဲ့ ဘ၀ကို အကဲဖြတ် ပြောဆိုခဲ့ပါတယ်။
          ဆွမ်းကျွေးအလှူကို ဆရာဒဂုန်တာရာ၊ ဆရာဦးဝင်းတင် အစရှိတဲ့ စာရေးဆရာ၊ သတင်းစာဆရာ၊ နိုင်ငံရေးသမားများနဲ့ ဦးနုကို လေးစားချစ်ခင်ကြတဲ့ ပုဂ္ဂိုလ်များ လူ ၃၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ဆရာ ဒဂုန်တာရာနှင့် ဆရာဦးဝင်းတင်

 ဦးအုန်းမောင် (ဘဏ်)၊ ဆရာဦးအံ့မောင်နဲ့ ဧည့်ပရိသတ်များ

ဆွမ်းကျွေး တက်ရောက်ကြသူများ – ဆရာ ဦးအံ့မောင်နဲ့ ဒေါ်စန်းစန်းနု

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts