>TheGeek – Google , new religion for new age

>

ဂူးဂဲ (Google) – နှောင်းလူတို့ရဲ့ ကိုးကွယ်ရာဘာသာ အသစ်
လောကဓာတ်ခန်း သာဂိ
ဖေဖော်ဝါရီ ၉၊ ၂၀၁၀
လွန်ခဲ့တဲ့လမှာ အင်တာနက်ရဲ့ အကြီးကျယ်ဆုံး ဆာ့ခ်ျအင်ဂျင် (အွန်လိုင်း ရှာဖွေရေးကိရိယာ) ဂူးဂဲက တရုတ်အာဏာပိုင်တွေရဲ့ ဖြတ်တောက်မှုနဲ့ တရုတ်ဟက်ကာ (အင်တာနက်မင်းမဲ့စရိုက်တွေ) ရဲ့ ကျူးကျော်မှုတွေကို သည်းမခံနိုင်တော့ဘူး။ တရုတ်ပြည်က ထွက်တော့မယ်လို့ ခြိန်းခြောက်စကား ပြောလိုက်ပါတယ်။ တရုတ်အာဏာပိုင်တွေကော၊ တရုတ်ဟက်ကာတွေကကော ဂူးဂဲရဲ့ ခြိန်းခြောက်သံကို မမှုကြပေမယ့် တရုတ်အင်တာနက်စာသုံးသူတွေက နိုင်ငံတကာရဲ့ သတင်းနဲ့ အချက်အလက်ပြတင်းပေါက်ကြီးဖြစ်တဲ့ ဂူးဂဲကို တရုတ်ပြည်က ကျောမခိုင်းသွားဖို့ သူတို့နည်း သူတို့ဟန် ပန်းစီးတွေ၊ ပို့စကဒ်တွေ ပေးပို့ အားပေးသမှု ပြုကြပါတယ်။
          တရုတ်မျိုးချစ်အချို့ကတော့ တရုတ်ပြည်မှာ ဂူးဂဲ မလိုဘူး။ ငါတို့နည်း ငါတို့ဟန် ဂူးဂျီး ရှိတယ်လို့ နောက်ပြောင်သရော်လိုက်ကြပါသေးတယ်။ Goojje ဆိုတာမှာ နောက်ဆုံးစကားလုံးက တရုတ်မန်ဒရင်းလို အမလို့ ဆိုတယ်တဲ့။ အကိုကြီးမရှိရင် ညီမ (အမ) ဘယ်လိုလုပ် နေရပါ့ … လို့ စာပြောင် တင်ထားတယ်တဲ့။ ဘီဘီစီသတင်းက ဆိုထားပါတယ်။
          တရုတ်ပြည်လိုပဲ မြန်မာပြည်က စစ်အစိုးရကလည်း ဂူးဂဲကို မလိုပါဘူး။ ကမ္ဘာကြီးကို ဒိုးယိုပေါက်ဖွင့်ထားတဲ့ ဘယ်ပြတင်းပေါက်ကိုမှ အာဏာရှင်တွေက လိုလားပုံ မပေါက်ပါဘူး။ တရုတ်ပြည်ကသာ ဂူးဂဲမလိုတဲ့ ကမ္ဘာတည်ဆောက်လိုက်မယ် ဆိုရင် ပထမဦးဆုံး နောက်လိုက်ကတော့ မြန်မာစစ်အစိုးရ ဖြစ်မှာ သေချာပါတယ်။ အခုတောင် မြန်မာတွေမှာ ဂျီမေးကို စစ်ဖို့အရေး ကျော်ရ ခွရနဲ့ အင်တာနက်ရှေ့တန်းစစ်မျက်နှာမှာ ကတုတ်ကျင်းတွေ တူးပြီး ခိုးဝှက်သွားလာနေကြတာဟာ မြန်မာအင်တာနက်သုံးစွဲသူတွေ ဖြစ်နေပါတယ်။
          ဘယ်လိုပဲ တားမြစ်ပိတ်ပင်သည်ဖြစ်စေ ဂူးဂဲ ဆိုတဲ့စကားဟာ ကမ္ဘာနေ့စဉ်သုံးစကား၊ အိမ်သုံးစကား၊ ကျောင်းသုံးစကား ဖြစ်လာပြီ ဖြစ်ပါတယ်။ တခုခုကို မသိရင်၊ အချင်းချင်း ပြောလေ့ရှိတာက – “ဟေ့ … နင် ဒါကို ဂူးဂဲလုပ်ကြည့်လိုက်လေ …” တဲ့။ ရှာကြည့်လိုက်၊ မေးကြည့်လိုက် လို့ မပြောတော့ဘူး။ “ဂူးဂဲ” လိုက်ပေါ့တဲ့။ ဥပမာ မိုးသီးဇွန်က ဆရာဦးတင်မိုးကို ဂုဏ်ပြုစကားပြောခဲ့စဉ်က “ ဆရာဟာ ကျနော်တို့ရဲ့ ဂူးဂဲကြီးပါ …” တဲ့။ ဗဟုသုတတွေ အပြည့်နဲ့ အသိဉာဏ်ဟင်းလေးအိုးကြီးလို့ ပြောချင်ပုံပဲ။
          ယခုမျက်မှောက် မျိုးဆက်သစ်တွေအတွက် ဂူးဂဲဟာ မဖြစ်မဖြစ် မိုး ဖြစ်နေပြီ။ မနက်အိပ်ယာထလိုက်ချိန်ကစပြီး အင်တာနက်ကို ဖွင့်ပြီး အသက်ရှုတဲ့၊ မနက်စာစားတဲ့၊ သတင်းနဲ့ အီးမေးဖတ်ကြတဲ့ ကမ္ဘာ့နှောင်းလူတို့အတွက် သူတို့ နှုတ်က ပုံမှန်တဖွဖွ ရွတ်ဆိုကြတာက – ဗုဒ္ဓံသရဏံ ဂစ္ဆာမိ မဟုတ်ဘဲ – ဂူးဂဲ သရဏံ ဂစ္ဆာမိနေကြသလို ဖြစ်နေလို့ – Google is next new religion – ဂူးဂဲဟာ နောက်ပေါ်လာတဲ့ ကိုးကွယ်ရာ ဘာသာတရား ပဲ လို့ အချို့က မှတ်ချက်ပေးကြပါတယ်။
          ဂူးဂဲရဲ့ ဆောင်ပုဒ်က Don’t be evil တဲ့။ အကုသိုလ် မလုပ်ကြနဲ့ပေါ့။ ပြီးတော့ သူတို့ရဲ့ အလုပ်က အင်ဂျင်နီယာတွေရဲ့ အလုပ်လို့ ဆိုလိုက်ပါတယ်။ သတင်းအချက်အလက်တွေ “ရနိုင်” အောင် လုပ်တာမဟုတ်ဘူး။ သတင်းအချက်အလက်တွေ “ရ” အောင် လုပ်တာ သူတို့ တာဝန်လို့ ဆိုတယ်။ အင်တာနက်ကြီးကနေ သတင်းအချက်အလက်တွေ ရနိုင်တယ်။ ဂူးဂဲက အဲသည်သတင်းအချက်အလက်တွေ ယူဆောင်ပေးစွမ်းတယ် တဲ့။
          တခြားမကြည့်ပါနဲ့။ ဂူးဂဲရဲ့ ဌာနခွဲ – ယူကျု ဆိုတဲ့ ရုပ်မြင်သံလွှင့် အခမဲ့ဝန်ဆောင်တဲ့ ၀က်ဆိုက်က မတ်လ ၂၀၀၉ စာရင်းအရ ရုပ်သံအစီအစဉ်ပေါင်း သန်း ၉၀ ကို တင်ဆက်ပေးတယ်။ ကြည့်ရှုကြတယ်။ အဲဒါဟာ ကမ္ဘာအင်တာနက် ရုပ်မြင်သံလွှင့်စီးဆင်းမှုရဲ့ ၃ ပုံ ၂ ပုံ ရှိနေပါတယ်။
          ဂူးဂဲက တနေ့ တနေ့ကို အမေရိကန်ကွန်ဂရက်ရဲ့ စာကြည့်တိုက်လောက်ကြီးတဲ့ သတင်းအချက်အလက်တွေကို စုတယ်၊ ရှာတယ်၊ စီတယ်။ ပြီးတော့ စားသုံးသူတွေ ရှာဖွေကြတဲ့အခါ ပြန်ပြီးတော့ ရှာဖွေ ထုတ်ပြန်ပေးတယ်။ တကမ္ဘာလုံးက သတင်းစာပေါင်း ၂ သောင်း ၅ ထောင်က သတင်းတွေကို စုစည်းပြီးတော့ ဂူးဂဲသတင်းစာမျက်နှာမှာ စာဖတ်သူတွေရဲ့ ရှာဖွေလေ့လာမှုကို မူတည်ပြီး ပြန်လည် ကောက်နုတ် ထုတ်လွှင့်ပြတယ်။ ပြန်လည်ပုံမနှိပ်တော့တဲ့ စာအုပ်တွေက စုပြီး ကွန်ပြူတာပေါ်သိမ်းတယ်။ အင်တာနက်ပေါ်ကနေ ပြန်တင်ပေးတယ်။ ဂူးဂဲစာမျက်နှာပေါ်မှာ လူတန်းစားပေါင်းစုံက ၁ ကျပ်ဖိုးကစပြီး ကြော်ငြာတွေ တင်လို့ရတယ်။ ဂူးဂဲက စီမံခန့်ခွဲပေးတယ်။ အဲဒါက တနှစ်ကို ဒေါ်လာ ဘီလျံ ၂၀ ကျော် ၀င်တယ်။ အမေရိကန်အင်တာနက်ကြော်ငြာလုပ်ငန်းရဲ့ ၄၀ % က အဲဒီမှာ ကုန်တယ် ဆိုပဲ။ ဂူးဂဲမှာ မြေပုံရှိတယ်၊ အီးမေးရှိတယ်၊ ဓာတ်ပုံအယ်လဘန်၊ ဘလော့ဂ်၊ ဈေးဝယ်လမ်းညွှန်၊ ကြော်ငြာကဏ္ဍ၊ စာအုပ်စင်၊ တယ်လီဖုံးအော်ပရေတာ စသည် စသည် အစုံရှိနေတယ်။ တော်တော်များများက အခမဲ့ ၀န်ဆောင်မှုတွေ။ ကဲ … ဘာလိုသေးလဲ။
          သည်တော့ ဂူးဂဲက ရှာပေးတာကို ယူ၊ သတင်းတွေကို ဖတ်၊ ကြော်ငြာတွေကနေ တဆင့် မေးဝယ်၊ ဈေးဝယ်ပြီးတော့ သူတို့ဘ၀တွေ ပြည့်စုံသွားပြီ ဆိုတဲ့ သူတွေ၊ အဲဒါနဲ့ သူတို့ ဗဟုသုတရနေပြီ ဆိုတဲ့လူတွေ – ကမ္ဘာကြီးမှာ ဘယ်လောက် ရှိနေပြီလဲ။ ဧပြီ ၂၀၀၉ စာရင်းအရ အင်တာနက်ပေါ်မှာ လူပရိသတ် ဘီလျံပေါင်း ၁.၆ ရှိတယ်။ လေးပုံတပုံက မြောက်အမေရိကတိုက်က။ အမေရိကန်က လူ ၃ ဦးမှာ ၂ ဦးက ဂူးဂဲကနေ သွားတယ်။ ကမ္ဘာ့အင်တာနက်ပရိသတ်က လူ ၁၀၀ မှာ ၇၀ ဦးက ဂူးဂဲကို အားကိုးကြတယ်။ ဒါဟာ ဂူးဂဲ မရှိတဲ့ကမ္ဘာလား။
          ဂူးဂဲက အင်ဂျင်နီယာတွေ၊ သိပ္ပွံပညာရှင်တွေ ဖြစ်နေတော့ ပြဿနာကို မရှာဘူး။ အဖြေကို ရှာတယ် လို့ ဆိုတယ်။ ဘာကြောင့်လဲ … ဘာဖြစ်လို့လဲ ဆိုတာကို မေးခွန်းထုတ်တယ်လို့ ပြောကြတယ်။ အဲသည်ကနေပြီး ကွန်ပျူတာစနစ်နဲ့ Algorithm ဆိုတဲ့ သဘောတရား ပုံသဏ္ဍာန် ကို ရှာဖွေတည်ဆောက်ပြီး ပရိသတ်ကို ပြန်ပေးပါတယ်။ Apple လို့ ရှာတာနဲ့ အရင်ဆုံး သင့်ကို ရှာပေးမှာက Apple MAC Computer, Steve Jobs ပြီးတော့မှ Organic Apple ပြီးတော့မှ ဘုရားသခင်တားမြစ်ခဲ့တဲ့ အာဒမ်ရဲ့ ပန်းသီး အကြောင်းကို ရှာပေးမယ်လို့ ဆိုတယ်။
          မြန်မာပြည်ကို ရှာရင် – ဒေါ်အောင်ဆန်းစုကြည်၊ ပြီးတော့ အာဏာရှင်တွေရဲ့ ရာဇ၀တ်မှုတွေ – Saffron Revolution, 88 Massacre, Nargis ပြီးတော့ သန်းရွှေ အဲသလိုမျိုး ရှာပေးမှာ ဖြစ်တယ်။ အဲသည် သတင်းအချက်အလက်တွေကို ပေးမှာဖြစ်တယ်။ ရွှေတိဂုံစေတီတော်ကြီးနဲ့ အလွန်ပျော်ရွှင်တတ်တဲ့ ငါတို့ မြန်မာတွေ ဆိုပြီး ရှာမပေး (သေး) ဘူး။ ဒါက အင်တာနက်ပရိသတ်ရဲ့ ရှာဖွေတဲ့ အလေ့အကျင့်တွေကို ဆန်းစစ်ပြီး အလိုအလျောက် တုန့်ပြန်ရှာဖွေပေးတဲ့ သူတို့ ရှာဖွေရေးစနစ်တွေကြောင့် ဖြစ်တယ်လို့ ဆိုတယ်။ ဒါကြောင့်လည်း တရုတ်ပြည်ဟာ ၂၀၀၈ မှာ သူ့ကိုယ်သူ ပြန်ရှာတော့ 2008 China Olympic ကို ထိပ်ဆုံးက မတွေ့ရဘဲ တိဗက်မှာ ဘုန်းကြီးသတ်တဲ့ တရုတ်ပြည်လို့ ပြန်တွေ့တော့ စိတ်တွေအရမ်းဆိုးကုန်တာ မဆန်းပါ။
          (အင်း – မြန်မာပြည်က တချို့ကလည်း သူတို့ကို သူတို့ ဂူးဂဲလုပ်ကြည့်ကြတယ် ပြောတယ်။ မော်ဒယ်နံမယ်တွေကို ဂူးဂဲက အကုန်မှတ်မိနေတာ တွေ့တော့ မြန်မာတွေ အတော် အံ့သြကြတယ်တဲ့။ အဟဲ … ဂူးဂဲက မော်နီတာ ဟိုမှာဖက်ကနေ ခင်ဗျားတို့ ရိုက်ပြီး ရှာရှာနေတဲ့ ပေါက်ကရလေးဆယ်တွေလည်း မှတ်သားပြီး အဆင်သင့် ပြင်ပေးထားတတ်တာလဲ မမေ့နဲ့ဦးလေ။ ဥပမာ – ၀မ်းနှုတ်ဆေး …)
          ဂူးဂဲဟာ အင်တာနက်ခေတ်သစ်ရဲ့ ဘာသာစကား၊ ဘာသာတရားတခု ဖြစ်ပါတယ်။ သူဟာ ခုချိန်မှာ စီးပွားရေးအမြတ်အစွန်းအရ ၂၀၀၄ မှာ ဘီလျံ ၃.၂ ဒေါ်လာကနေ ၂၀၀၇ မှာ ဒေါ်လာ ဘီလျံပေါင်း ၁၆.၆ ဖြစ်လာပြီ လို့ ဆိုပါတယ်။
          ဈေးကွက်များအဆိုအရ – မတ်လ ၂၀၀၉မှာ အမေရိကန်မှာ အင်တာနက်သုံးစွဲသူ သန်း ၂၃၀မှာ ၉၃ % က မြန်နှုန်းမြှင့် အင်တာနက်လိုင်းတွေ နဲ့ ဖြစ်ပြီး ၂၂၈ သန်းက မိုဘိုင်းဖုံးတွေ သုံးနေကြပြီ လို့ ပြောပါတယ်။ အဲသည်လို ခေတ်သစ်နည်းပညာစနစ်တွေ တန်ခိုးထွား၊ ရေပန်းစားလာတာဟာ ဂူးဂဲ ထူထောင်ခဲ့ပြီး ၁၉၉၉ ကနေ ယခု ၂၀၁၀ အတွင်း သမိုင်းမှာ မရှိဘူးတဲ့ အရှိန်အဟုန်ကြီးနဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။
          စာရင်းများအရ – အမေရိကန်ရဲ့ လူဦးရေရဲ့ ထက်ဝက်မှာ တယ်လီဖုံးလိုင်းတွေ ရှိလာဖို့ နှစ်ပေါင်း ၇၀ ကြာခဲ့ပါတယ်။ သူတို့ အိမ် ၅၀ ရာခိုင်နှုန်း လျပ်စစ်မီးသွယ်တန်းဖို့ က နှစ်ပေါင်း ၅၂ နှစ်။ (မြန်မာစစ်အစိုးရ ၀မ်းမြောက်ဖွယ် – အနှစ် ၂၀ ရှိပြီ၊ အိမ်သာတွေမှာတောင် မီးမရှိသေး)။ ရုပ်မြင်သံကြားတွေ လူတွေဆီရောက်ဖို့က အနှစ် ၃၀ ကြာပါတယ်။ ဟော – အင်တာနက်ကြီး လူတွေဆီမှာ ခေတ်စားဖို့က ၁၀ နှစ်ပဲ ကြာပါတော့တယ်။ အဲဒါဟာ ဂူးဂဲပေါ်လာတဲ့ ၁၉၉၉ ခုနှစ်ကနေ တွက်ရင်လည်း ၁၀ နှစ်ပါပဲ။ အခု ဒီဗီဒီ (DVD) တွေက ၇ နှစ်အတွင်း အိမ်တွေပေါ် (၅၀% ကျော်) ရောက်လာပါပြီ။ အင်တာနက်ပေါ်က ဖေ့စ်ဘွတ်ဆိုရင် သူ့အသင်းဝင် သန်း ၂၀၀ ကျော်ဖို့အတွက် ၅ နှစ်ပဲ အချိန်ယူရတော့တယ်။ အင်တာနက်ပေါ်က ဂူးဂဲရဲ့ အရှိန်နဲ့ နေရာဟာ ဘယ်လောက် တာသွားနိုင်သလဲဆိုတာ ခန့်မှန်းလို့ ရနေပြီ ဖြစ်ပါတယ်။
          အင်တာနက်မရှိတဲ့ နေရာ၊ ဂူးဂဲမလာရတဲ့ နေရာဆိုတာ အာဏာရှင်တွေ ခေတ်စားတဲ့နေရာ၊ လောကဓာတ်ပညာတွေ ခမ်းခြောက်ရှားပါးတဲ့ နေရာလို့ ဆိုနေကြပါပြီ။ အီရန်မှာ အပြောင်းအလဲကို လိုလားသူ အီရန်ကျောင်းသူ၊ ကျောင်းသားတွေက ဖေ့ဘွတ်ကနေ၊ ဂူးဂဲ ပီကာဆာအယ်ဘန်ကနေ ဂျီမေးတွေကနေ အစိမ်းရောင်တော်လှန်ရေးကို ဆင်နွှဲခဲ့ကြပါတယ်။ တရုတ်ပြည်က လူငယ်တွေက အင်တာနက်ပေါ်က လူ့အခွင့်အရေးကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ကြပါတယ်။ ဂူးဂဲကနေ ခိုးဝှက်ပြီးတော့ သူတို့ရဲ့ လူ့အခွင့်အရေးဖိနှိပ်မှုတွေကို ရှာဖွေသုတေသနပြုကြတယ်။ မြန်မာပြည်က မျိုးဆက်သစ်တွေက အင်တာနက်ပေါ်က၊ ဂူးဂဲပေါ်က (ဘလော့ဂ်၊ ဂျီမေး၊ ပီကာဆာ) တွေကနေ မြန်မာစစ်အစိုးရကို ဖော်ထုတ် အရှက်ခွဲနေကြပါတယ်။
၂၀၀၃ ကနေ တွက်ကြည့်လိုက်ရင် မြန်မာပြည် အင်တာနက်သက်တမ်းက နုပါသေးရဲ့။ သို့သော် ဂူးဂဲလိုမျိုး အရှိန်အဟုန်လှိုင်းပေါ်တက်စီးလာတဲ့ မြန်မာမျိုးဆက်သစ်တွေက အင်နဲ့အားနဲ့ မြန်မာပြည်ရဲ့ သတင်းနဲ့ အချက်အလက်ပြတင်းကြီး စင်စင်လင်းအောင် လုပ်နိုင်ဖို့ဆိုတာ အနှစ် ၇၀ မကြာနိုင်တော့ပါ။
အင်းလေ … ပေါက်ဖော်တို့လို ဂူးဂဲမလိုပါ၊ ဂူးဂျီးနဲ့သာ နေခဲ့ကြမယ်ဆိုရင်လည်း ဂူးဂျီးတို့ အားကောင်းမောင်းသန်မှ ဖြစ်လိမ့်မယ် ထင်ပါရဲ့။
ဘယ်လိုလဲ … ဂူးဂဲ ကို သာဓုခေါ်ကြမှာလား။ ဂူးဂဲ မ၀င်ရပဲလား။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts