>Yangon United won Yadanarpon at the final league

>

ဗိုလ်လုပွဲတွင် ရန်ကုန်ယူနိုက်တက်က ရတနာပုံ အသင်းကို ၂ ဂိုးဖြင့်နိုင်

မိုးမခအထောက်တော်၊ ရန်ကုန်
ဇန်န၀ါရီ ၁၈၊ ၂၀၁၀
ယနေ့ သုဝဏ္ဏ အားကစားကွင်း တွင် ကျင်းပခဲ့သည့် ဒုတိယကြိမ်မြောက် မြန်မာနေရှင်နယ်လိဂ်၏ နောက်ဆုံးပွဲစဉ်တွင် ချန်ပီယံဆုဖလားရရှိထားသော ရတနာပုံအသင်းသည် ရန်ကုန်အသင်းကို ၂ဂိုး ဂိုးမရှိဖြင့်ရှုံးနိမ့်သွားကြောင်းသိရသည်။ (ဆုဖလား ရရှိသွားသည့် ရတနာပုံအသင်း ဆုယူပြီး တွေ့ရစဉ်)
    ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံအက်ဖ်စီတို့ ယှဉ်ပြိုင်ကစားကြသည့်ပွဲဖြစ်သည့်တွက် ပရိတ်သတ်များ အထူး စိတ်ဝင်စား ကြည့်ရှုကြသည့်ပွဲဖြစ်၍ လုံခြုံရေးများ တင်းကြပ်စွာ ချထားသည်ကို တွေ့ရသည်။ ယင်းအားကစား ကွင်းတွင် တရားဝင် လက်မှတ်အရောင်းကောင်တာ ထားရှိသော်လည်း ယနေ့ပွဲတွင် လုံးဝ ဖွင့်လှစ်ရောင်းချခြင်းမရှိခဲ့ဟု ပွဲလာသူများက ပြောဆိုသည်။
    လက်မှတ် မှောင်ခိုရောင်းသူ အမျိုးသမီးတစ်ဦးက
“မနက် ၄နာရီတည်းက လာစောင့်နေတာ လက်မှတ်ရောင်းတဲ့  ကောင်တာတောင် မဖွင့်ဘူး အခု နေ့လည် ၁နာရီရှိနေပြီ မှောင်ခိုပြန်ရောင်းတဲ့ သူ ၃ဦးလောက်ပဲရှိတယ်အဲဒါ လာရောင်းသွားတဲ့ ၄စောင် ၅စောင်လောက်ကို မျှပြီး ရောင်းနေရတယ်။ ကျွန်မတို့ ၂ ထောင်နဲ့ ကောက်ထားတာ ဆိုတော့ ၂စောင်ဆို ၂၅၀၀ နဲ့ ၁ စောင်တည်းဆို ၃ ထောင်နဲ့ရောင်းပါတယ်။ ကျွန်မထင်တာက လွယ်ဟိန်း ရတနာပုံ အသင်းဘက် ကလက်မှတ်တွေ အကုန်သိမ်းဝယ်သွားတယ်ပြောတယ်။ ဒီနေ့ က ရန်ကုန်အသင်းကို အားပေးဖို့လာတဲ့ လူပိုများတယ်။ လုံထိန်းတွေလည်း တော်တော်ချထားတယ်။ မန္တလေးမှာ အရင်တစ်ခါက အကြီးအကျယ် ရန်ပွဲဖြစ် ထားတော့ ခု ပွဲကို စိတ်ပူနေကြတယ် ” ဟုဆိုသည်။

     သုဝဏ္ဏအားကစားကွင်းကို တွေ့ရစဉ်

    တရားဝင်လက်မှတ် တစ်စောင်လျှင် အထူးတန်း ကျပ် ၁ထောင် ရိုးရိုးတန်း  ၅၀၀ကျပ် ဖြင့် သတ်မှတ် ရောင်းချပေးသော်လည်း မှောင်ခို လက်မှတ်ဈေးများမှာ လူကြည့်များသည့် ပွဲစဉ်များတွင် လက်မှတ်ကို ၃ဆ ၄ဆအထိ မြှင့်၍ ပြန်လည်ရောင်းချသည်ကို တွေ့ရသည်။

ရန်ကုန်အသင်းကို အားပေးသည့် ပရိသတ်တစ်ဦးက
“နေ့လည် ၁နာရီခွဲ လောက်ကသွားတာ လက်မှတ်ဝယ်ဖို့ ကောင်တာမဖွင့်ဘူး မှောင်ခိုလက်မှတ်တွေလည်း ရောင်းတာသိပ်မတွေ့ဘူး။ ရောင်းတာက ၂၅၀၀ လောက်ရောင်းနေတယ်။ အဲဒါနဲ့ တော်တော်များများ အုတ်တံတိုင်းကျော်ပြီး ၀င်တယ်။ အဲဒါနဲ့ ကျော်ပြီး ၀င်လိုက်တယ်။ ”
ဟုဆိုသည်။ 

ရန်ကုန်ယူနိုက်တက် အသင်းအတွက် ဒုတိယဂိုးသွင်းပေးသူ Gildas အား မျိုးလှိုင်ဝင်းက ချီးကျူး အားပေးစဉ်

    ပွဲစဉ် စသည့် ၁မိနစ်တွင် ရန်ကုန်အသင်းမှ နံပါတ် ၂၈မှ သွင်းသည့်ဂိုးရရှိခဲ့ပြီး ၄၄ မိနစ်တွင် နံပါတ် ၁၉၏ ခေါင်းတိုက် သွင်းခြင်းကြောင့် ၁ဂိုးထပ်မံရှိပြီး ဒုတိယပိုင်း တွင် နှစ်သင်းစလုံးမှ အကြိတ်အနယ် ယှဉ်ပြိုင်ကစား ခဲ့သော်လည်း ဂိုးမရရှိခဲ့သည်ကိုတွေ့ရသည်။ ယနေ့ပွဲတွင်  ကြီးကြီးမားမား ခိုက်ရန်ဖြစ်ပွားမှု မရှိပဲ ပွဲစဉ်ပြီး ခါနီး အားကစားကွင်းပြင်ပတွင် ရန်ကုန်အသင်း ပရိတ်သတ်တစ်ဦးနှင့် လုံထိန်းတစ်ဦး ရန်ဖြစ်ရာမှ ပရိတ်သတ်၏ ခေါင်းထိခိုက်သွားခဲ့သည်ဟုသိရသည်။

၂၀၀၉-၂၀၁၀ အမှတ်ပေး ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြသည့် (MNL)ပြိုင်ပွဲတွင် ရတနာပုံအသင်းက ဒုတိအကြိမ်ချန်ပီယံဆုကို ရရှိခဲ့ခြင်းဖြစ်ပြီး  ယနေ့ပွဲစဉ်ပြီး ဘောလုံးအဖွဲ့ချုပ်၏ တရားဝင်စည်းကမ်းအရ ကျင်းပပေးသော မီဒီယာရှင်းလင်းပွဲအား ကျင်းပပေးခြင်းမရှိသည်ကို တွေ့ရပြီး ၂၀၁၁ နေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပမည့်ရက်ကို ထုတ်ပြန်ပေး ခြင်း မရှိသေးကြောင်း သိရသည်။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts