>Rangon Street Journalist – Rangoon View News on 2nd Week of Jan 2010

>

ရန်ကုန်ရှုခင်း ဇန်န၀ါရီ ဒုတိယပတ်
လမ်းလျှောက် ဂျာနယ်လစ်၊ ရန်ကုန်
ဇန်န၀ါရီ ၁၈၊ ၂၀၁၀

ပို၍ပို၍ အခြေအနေဆိုးလာတဲ့ လျှပ်စစ်မီးနဲ့ ရန်ကုန်

          လျှပ်စစ်မီးပျက်တဲ့အကြောင်း ရေးဖို့တောင် လျှပ်စစ်မီးကမလာတဲ့ အဖြစ်ပါ။ ရန်ကုန်မှာ မီးမလာတဲ့အကြောင်း ရေးမယ်လို့စဉ်းစားပြီး ကွန်ပျူတာရှေ့မှာထိုင်လိုက်ပြီး မကြာခင်ပဲ မီးက ပျက်သွားပြန်လို့ ယခုမှု ရန်ကုန်ရှုခင်းက စာမျက်နှာပေါ် ရောက်လာရတာပါ။
          အဲဒါက အဖြစ်မှန်ပါပဲ။ ဘာလို့လဲဆို မီးလာစဉ်မှာ ဒီအကြောင်းကို ရေးမလို့ ကွန်ပျူတာကို ဖွင့်လိုက်ပြီး တကြောင်းလောက် နှစ်ကြောင်းလောက်ပဲ စာရိုက်တုန်းမှာ လျှပ်စစ်မီးက ပျက်သွားပြန်ပါရော။ ဒါနဲ့ မနက်ရောက် ညနေရောက်နဲ့ အပြင်သွားလိုက် ပြန်လာလိုက်နဲ့ ၃၊ ၄ရက်ကြာသွားခဲ့ရပါတယ်။ စဉ်းစားမိ လိုက်တာက မီးပျက်တဲ့ အကြောင်းရေးမယ် ဆိုတာကို လျှပ်စစ်မီး ပေးတဲ့သူတွေများ သိသွားလို့လားလို့ သံသယ ၀င်လာမိပါတယ်။ 

(ဆိပ်ကမ်းသာ လမ်းအတွင်း အိမ်နှင့် လုပ်ငန်းသုံး မီးစက်ငယ်များ ပလက်ဖောင်းနဘေးတွင် ထားရှိသည်ကို တွေ့ရစဉ်)
          မြန်မာနိုင်ငံဆိုတာ သိတဲ့အတိုင်း နောက်ကွယ်မှာအကြောင်းတွေ အမြဲရှိနေတတ်တဲ့ နိုင်ငံမဟုတ်လား။ ကိစ္စတခုကို ရိုးရိုးရှင်းရှင်း တွေးတဲ့သူက အဖြေမှန်ကို ရဖို့မလွယ်တဲ့ တိုင်းပြည်၊ သံသယတွေနဲ့ နေကြတဲ့တိုင်းပြည်ဆိုတော့။
          မိုးကုန်ပြီဆို ရန်ကုန်မြို့မှာ နေထိုင်သူတွေအဖို့ လျှပ်စစ်မီးလာတဲ့အချိန် ပျက်တဲ့အချိန်တွေကို ခေါင်းထဲထည့်ထားပြီး သွားလာ လှုပ်ရှားနေကြရ ပါတယ်။ မီးလာတဲ့ အချိန်ဆိုဘာလုပ်မယ်၊ မီးမလာတဲ့ အချိန်ဆိုဘာလုပ်မယ်ပေါ့။
          အိမ်ရှင်မတယောက်အတွက်တော့ မီးလာတဲ့အချိန်မှာ ထမင်းချက်မယ်၊ ဟင်းချက်မယ်၊ မီးပူတိုက်မယ်၊ အ၀တ်လျှော်စက်လှည့်မယ်၊ နောက်ဆုံး သုံးထားတဲ့ရေတွေ ပြန်ဖြည့်ဖို့ ရေတင်မယ်အထိပေါ့။ အဲဒါတွေ အားလုံးပြီးပြီ ဆိုမှ တီဗီကြည့်မယ်။
          ကျောင်းသား တယောက်အတွက် လူငယ်တယောက်အတွက်တော့ မီးလာတဲ့အခါ သီချင်းနားထောင်မယ်။ လျှပ်စစ်ပစ္စည်းတွေ အားသွင်းမယ်၊ တီဗီကြည့်မယ်။ အဲယားကွန်းရှိရင်ဖွင့်မယ်။ ကွန်ပျူတာ သုံးမယ်စသဖြင့်ပေါ့။
          စီးပွားရေးလုပ်ငန်းရှင်တွေကတော့ လျှပ်စစ်မီးလာချိန်မှာ အလုပ်လုပ်မယ်။ မီးစက်နဲ့လုပ်လို့ အဆင်မပြေတဲ့ ကိစ္စတွေ မီးလာတဲ့အချိန်မှာ လုပ်ကြမယ်ပေါ့။ ကျွန်တော်ကတော့ မီးလာတဲ့အချိန်မှာ စာရေးမယ်။ မီးမလာတဲ့အကြောင်းရေးမယ်။ ကွန်ပျူတာသုံးမယ်၊ အမ်ပီသရီးတွေ အားသွင်းမယ်။ ဖုန်းအားသွင်းမယ်။ တီဗီကြည့်မယ်။
          မီးပျက်ပြီဆိုရင် အပြင်ထွက်မယ်။ တွေ့စရာရှိတဲ့သူ ပြောစရာရှိတဲ့သူတွေကို ဖုန်းဆက်ပြီးချိန်းကြည့်မယ်။ အဲလို အချိန်ကို အကျိုးရှိအောင် အသုံးချဖို့ ကိုယ့်ဟာကိုယ် တွေးပြီး ဆက်ကြည့်ပါတယ်။ ကိုယ်တွေ့မယ့်သူ စကားပြောမယ့် သူကလည်း သူ့ဆီမှာ အခုမှ မီးလာလို့လုပ်စရာရှိတာတွေ လုပ်နေတယ် ဆိုလို့အချိန်ကို အကျိုးရှိအောင် သုံးမယ့်ကိုယ့်ရဲ့ အကြံ မအောင်မြင် လိုက်ပါဘူး။ 

ခွဲတမ်းကျ ရန်ကုန် မီးပေးစနစ်
        (ရန်ကုန်မြို့လယ်  ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်း ပလက်ဖောင်းပေါ်တွင် ထားရှိသည့် လုပ်ငန်းသုံး မီးစက်တလုံး)          

       ယခုရက်ပိုင်း အုပ်စုလေးစုခွဲထားတယ် ဆိုတဲ့ ရန်ကုန်မြို့ ခွဲတမ်းကျ လျှပ်စစ်မီးပေးဝေရေး စနစ်လည်း သစ္စာမရှိတော့ပါဘူး။ နေ့တနေ့ရဲ့  အေအုပ်စုမှာ ရောက်နေတဲ့အချိန်မှာ ပထမဆုံး ဦးစားပေးလာရမယ် ဆိုပေမယ့်လည်း ပျက်ချင်ရင်ပျက်တာပါပဲ။ နောက် ၆နာရီ မှာတော့ ဘီအုပ်စု စာရင်းဝင်ချိန်မှာတော့ ပျက်ပြီးရင်းပျက်ပါတယ်။ တတိယ ၆နာရီဖြစ်တဲ့ စီအုပ်စုရောက်ချိန်မှာတော့ သေချာပေါက်မလာတော့ပါဘူး။

          အဲဒီနည်းနဲ့ ရန်ကုန်မြို့ရဲ့ အလှည့်ကျ လျှပ်စစ်မီးပေးရေး စနစ် လည်ပတ်နေတာပါ။ မီးစက်သံ ဆူဆူညံညံနဲ့ ရန်ကုန်မြို့ကြီးဟာ စည်ကားနေပါတယ်။ မီးအမြဲလာတဲ့ နေပြည်တော်ကတော့ လူမရှိ သူမရှိနဲ့ ခြောက်ကပ်နေတာကို လူတွေကြားတဲ့အခါ နအဖ အစိုးရရဲ့ စေတနာ (နိုင်ငံတော်ရဲ့ စေတနာ) ကိုပိုမိုနားလည်လာ ကြပါတယ်။ 

မီးပျက်ခြင်းရဲ့ အကျိုးဆက်များ

   သိမ်ဖြူလမ်းနဲ့ မဟာဗန္ဓုလလမ်းဒေါင့်က မီးပျက်နေတဲ့ မီးပွိုင့်

             လူမရှိသူမရှိ နေပြည်တော် ခြောက်လမ်းသွားတွေမှာ နေ့ခင်းလျှပ်စစ်မီး ထွန်းညှိထားချိန်မှာ ရန်ကုန်မြို့က ကားအသွားအလာများတဲ့ လမ်းဆုံ အချက်ပြ မီးပွိုင့်တွေမှာ မီးမလာလို့ ကားတွေ လုပြီးဖြတ်သန်း နေကြပါတယ်။ မြို့ထဲကားအသွားအလာများတဲ့ အနော်ရထာလမ်း၊ ဗိုလ်ချုပ်လမ်း၊ မဟာဗန္ဓုလလမ်းတွေနဲ့ ရွှေတိဂုံဘုရားလမ်း၊ ပန်းဆိုးတန်း၊ သိမ်ဖြူလမ်း၊ ဗိုလ်အောင်ကျော်လမ်း၊ ဗိုလ်မြတ်ထွန်းလမ်းတို့လို လမ်းမကြီးတွေမှာ အချက်ပြ မီးပွိုင့်တွေ မီးလင်းတဲ့ အချိန်ထက် ပျက်နေတဲ့ အချိန်ကပိုများပါတယ်။ ယခင်နှစ်များက ဆိုလာစနစ်သုံး မီးပွိုင့်တွေလုပ်မယ် ဒါမှ လျှပ်စစ် မီးမလာရင် ယာဉ်တိုက်မှု မဖြစ်ရအောင် စသဖြင့် ဂျာနယ်တွေမှာ ရေးတာဖတ်ခဲ့ရပေမယ့် ယခုအချိန်ထိ မီးပျက်နေတဲ့ မီးပွိုင့်များစွာ ရန်ကုန်မှာ ရှိနေဆဲပါပဲ။

 ဗိုလ်မြတ်ထွန်းနဲ့ အနော်ရထာလမ်းဒေါ့င်က မီးပျက်နေတဲ့ မီးပွိုင့်

          အဲဒီလို မီးပျက်နေချိန် အချက်ပြမီးပွိုင့်တွေမှာ ဘတ်စကားတွေ အငှားယာဉ်တွေ ကိုယ်ပိုင်ယာဉ်တွ လုပြီးဖြတ်ကြ မောင်းကြလို့ ယာဉ်တိုက်မှု မကြာခဏဖြစ်နေတာ တွေ့ရပါတယ်။ အချို့လမ်းဆုံတွေမှာ ယာဉ်ထိန်းရဲကင်း ရှိပေမယ့် မီးပျက်တဲ့အခါ ယာဉ်ထိန်းရဲလည်း ထွက်ပြီး လက်မပြနိုင်တာကြောင့် လူမမြင်ရာ ကိုရှောင်နေကြတာ လည်းတွေ့နေရပါတယ်။

          တာမွေမြို့နယ် ကျောက်မြောင်းဈေးရှေ့ မီးပွိုင့်လို ၊ ကန်တော်ကလေး ဒေါ်သိန်းတင်လမ်းနဲ့ ဘိုလိန်းလမ်းထောင့် မီးပွိုင့်လို လမ်းဆုံနေရာတွေမှာ မီးမလာတဲ့အခါ ယာဉ်တိုက်မယ့် အန္တရာယ် အလွန်များတာ ကိုလည်း တွေ့ရပါတယ်။ မကြာခဏလည်း မီးပျက်နေတဲ့ မီးပွိုင့်တွေမှာ ယာဉ်တိုက်မှု ဖြစ်ပွားနေပါတယ်။ လိုင်းကားနဲ့ ကိုယ်ပိုင်ကား၊ လိုင်းကားနဲ့ တက္ကစီကား တိုက်မိခိုက်မိပြီး အကွဲအစတွေ လမ်းဆုံတွေမှာ မြင်တွေ့ရလေ့ရှိပါတယ်။
          ဒါက ယာဉ်အန္တရာယ် နဲ့ပတ်သက်တဲ့ အကျိုးဆက်ပါ။ မီးမလာတဲ့ အတွက်ကြောင့် စီးပွားရေးလုပ်ငန်း တွေအပေါ် ကုန်ကျစရိတ်ကြီးမြင့်စေပြီး ၀န်ဆောင်စရိတ်၊ ထုတ်လုပ်စရိတ် မြင့်တက်စေတဲ့ အကျိုးဆက်လည်း အများအပြား ရှိပါတယ်။ ဥပမာအားဖြင့် အင်တာနက်ဆိုင်တဆိုင်မှာ မီးလာရင် ၃၀၀ ကျပ်ဆို မီးမလာရင် ၄၀၀ကျပ် စသဖြင့် နှုန်းထားခွဲခြားထားလေ့ ရှိပါတယ်။
          ရန်ကုန်မြို့မှာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတွေဟာ မီးစက်တလုံးတည်းနဲ့  ရပ်တည်ဖို့မလွယ်ပါဘူး။ ဘာလို့ဆို လိုအပ်တဲ့ လျှပ်စစ်ပမာဏ အပေါ်မူတည်ပြီး မီးစက်အကြီးအသေး ခွဲထားသလို မတော်တဆ မီးစက်ပျက်ရင် နောက်အရံတလုံး နှိုးဖို့လည်း ဆောင်ထားကြတာပါ။ လမ်းဘေး ပလက်ဖောင်းများပေါ်မှာ မီးစက်တွေ တန်းစီနေပြီး ပုံစံအမျိုးမျိုး အရွယ်အစားစား တွေ့နိုင်သလို မီးစက်အင်ဂျင်ကထွက်တဲ့ မီးခိုး၊ အပူရှိန် ဆူညံသံတွေက ရန်ကုန်မြို့ကြီးကို ပိုမိုစည်ကား ဆူညံစေပါတယ်။ မီးစက်နဲ့ မီးပျက်တဲ့ အကြောင်းကတော့ နအဖ အစိုးရခေတ်ရဲ့ မရိုးနိုင်သေးတဲ့ သတင်းတပုဒ် ဖြစ်မြဲဖြစ်နေ ဦးမှာပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts