>3 Year Anniversary of Passing of Saya U Tin Moe to be held all over

>

ကဗျာဆရာကြီး (ဦး) တင်မိုး ကွယ်လွန်ခြင်း ၃ နှစ်ပြည့် ဆွမ်းကျွေးအခမ်းအနား မိသားစုနှင့် မိတ်ဆွေတို့ ကျင်းပကြမည်
မိုးမခအထောက်တော် ၀၀၂
ဇန်န၀ါရီ ၁၇၊ ၂၀၁၀
          ကွယ်လွန်သူ ကဗျာဆရာကြီး ဦးတင်မိုး ၃ နှစ်ပတ်လည် အမှတ်တရဆွမ်းကပ်အလှူတို့ကို ဖို့ဝိန်း၊ အယ်လ်အေနှင့် ဆန်ဖရန်စစ္စကိုနေ ဆရာကြီး၏ မိတ်ဆွေများ၊ မိသားစုဝင်များက အသီးသီး ကျင်းပကြမည်ဟု သိရှိရသည်။
          ဖို့ဝိန်းမြို့နေ အဆိုတော်၊ ဂီတအနုပညာရှင် ဒေါ်မာမာအေးက ဇေတ၀န်ကျောင်းတွင် မနက်ဖြန် ဇန်န၀ါရီ ၁၈၊ ၂၀၁၀တွင် နေ့ဆွမ်းကပ်လှူမည် ဖြစ်ကြောင်း ပြောကြားသည်။ ဆရာကြီးဦးတင်မိုး၏ စာပေမိတ်ဆွေ မိသားစုများအားလုံးကို ဖိတ်ခေါ်ပါကြောင်း၊ နှစ်စဉ်မပျက် ကျင်းပနေကြအဖြစ် ဆရာကြီး၏ နှစ်လည် ၃ နှစ် မြောက်ကို ကျင်းပခြင်းဖြစ်ကြောင်း၊ ဒေါ်မာမာအေးက ပြောကြားသည်။
          ထိုနည်းတူ ဆရာကြီး နောက်ဆုံးခေါင်းချခဲ့သည် အရပ်ဖြစ်သည့် အယ်လ်အေမြို့က မြန်မာမိသားစုများကလည်း ဇန်န၀ါရီလကုန် ၃၁ ရက်၊ တနင်္ဂနွေနေ့တွင် ဆရာကြီးကွယ်လွန်ခြင်း ၃ နှစ်ပြည့် အမှတ်တရ အခမ်းအနားတရပ်ကျင်းပရန် စီစဉ်ထားသည်ဟု သိရသည်။ အယ်လ်အေမြို့၊ ဘောလ်ဒွင်ပတ်ခ်ရပ်၊ ဆရာတော် ဦဂုဏိသရ၏ ဓမ္မဇောတိကျောင်းတိုက်နေရာတွင် အခမ်းအနားကို ရဟန်းသံဃာများ၊ စာပေချစ်သူမိသားစုများ စုဝေးကြလျက် ဆွမ်းကပ်ခြင်း၊ အလှူနှင့် အမျှအတန်းဝေခြင်း၊ အမှတ်တရပြခန်း ပြသခြင်းနှင့် အမှတ်တရ ဟောပြောပွဲကျင်းပခြင်းတို့ ပြုလုပ်ကြမည်ဟု ဆိုသည်။
          ဆရာကြီး၏ ပြည်တွင်း ပြည်ပရှိ မိသားစုဝင်များကလည်း နေအိမ်အသီးသီးတွင် နှစ်လည် ဆွမ်းကပ်အလှူဒါနပြုလုပ်ကြမည်ဟု သိရှိရပြီး၊ အယ်လေမြို့ ဆရာကြီး၏ နောက်ဆုံးနေအိမ်တွင် သားသမီးများဖြစ်သူ ကိုကျော်ဝဏ္ဏ၊ မမိုးချိုသင်းတို့က ဇန်န၀ါရီလ ၂၂ ရက် သောကြာနေ့မှာ ဆွမ်းအလှူ ကျင်းပမည်ဖြစ်ပြီး၊ ဥရောပရောက် ဆရာကြီး၏ သမီးများဖြစ်သည့် မိုးမိုးနှင်းနှင့် မိုးမိုးအေးတို့နှင့် မိသားစုများက ပြင်သစ်၊ ပါရီမြို့ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ဇန်န၀ါရီလ ၃၁တွင်၎င်း၊ ရန်ကုန်မြို့ အင်းစိန်နေ သမီးမိုးမိုးစံနှင့် မိသားစုတို့က ဇန်န၀ါရီ ၂၃ ရက်နေ့တွင်၎င်း ဆွမ်းကျွေးအလှူများ အသီးသီးကျင်းပကြမည်ဟု သိရှိရသည်။ ဆန်ဖရန်စစ္စကိုအခြေစိုက် မိုးမခမီဒီယာမိသားစုက ၎င်းတို့ လစဉ်ဆွမ်းကပ်အစီအစဉ်ဖြစ်သော ဇန်န၀ါရီလ ၂၄၊ တနင်္ဂနွေနေ့ အာရုံဆွမ်းကို ကျင်းပနေကျ ဖရီးမောင့်မြို့၊ မေတ္တာနန္ဒ၀ိဟာရကျောင်းတိုက်တွင် ဆရာကြီးအား ရည်စူး၍ အလှူဒါနပြုလုပ်မည် ဖြစ်ပါသည်။
          ဆက်လက်၍ နေရာဌာနအသီးသီးက ဆရာကြီး ဦးတင်မိုး ၃ နှစ်ပြည့် ကွယ်လွန်ခြင်း အမှတ်တရအစီအစဉ်များ ရှိပါက မိုးမခက ဆက်လက်အသိပေးကြေညာပေးမည် ဖြစ်သည်။
(ဓာတ်ပုံ – ဆရာကြီးမကွယ်လွန်မီ၊ ဖို့ဝန်းမှာ ဒေါ်မာမာအေး၊ ကိုခင်မောင်လေးတို့နှင့် ရိုက်ကူးထားသောပုံ၊ ဆရာကြီး ကွယ်လွန်ခြင်း ၁ နှစ်ပြည့် ဆွမ်းကျွေး ဖို့ဝိန်းမြို့တွင် ဒေါ်မာမာအေးနှင့် စာပေချစ်သူမိသားစုများ ကျင်းပခဲ့စဉ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts