>Google phone or iPhone?

>Cool Tech

Google က ထုတ်လုပ်လိုက်တဲ့ Nexus One တယ်လီဖုန်း
ဘီဘီစီ
ဇန်န၀ါရီ ၁၇၊ ၂၀၁၀ Google ရဲ့ ဖုန်းအသစ် Nexus One


ဒီတပတ် Cool Tech ရဲ့ ထူးချက်မှာတော့ ပရိသတ်တွေ မျက်လုံး ပြူးထွက်ကျယ်သွားအောင် လက်ဝှေ့ပွဲတပွဲ သွင်းလိုက်ချင်ပါတယ်။

စကား တင်စားပြောလိုက်တာ ဖြစ်ပေမယ့် မဟုတ်ဘူးလား ဆိုတော့ ဟုတ်ပါတယ်၊ ကျနော် တင်ဆက်မယ့် လက်ဝှေ့ပွဲကတော့ နည်းပညာ လက်ဝှေ့ပွဲပါ။
သုံးစွဲသူ ပရိသတ် သန်းချီ ရထားပြီ ဖြစ်တဲ့ Apple ရဲ့ iPhone
နဲ့
iPhoneကို ရှင်းပစ်မယ် ဆိုပြီး ကြီးကြီးကျယ်ကျယ် ကြွေးကြော် ထွက်လာတဲ့ Google ရဲ့ ဖုန်းအသစ် Nexus One တို့
ယှဉ်ပြိုင်ကြမယ့် ပွဲပါ။ နှစ်ခု နှစ်ဘက်ကိုပဲ ယှဉ်ပြ တိုက်ပြနေတာပဲလို့ မထင်လိုက်ပါနဲ့ဗျာ။ ဈေးကွက်စီးပွားရေးရဲ့ သဘောတရားအတိုင်း ယှဉ်ပြိုင်တယ်ဆိုတာ သဘာဝတခုပါပဲ။ ကုန်ပစ္စည်းပဲဖြစ်ဖြစ်၊ နည်းပညာပဲ ဖြစ်ဖြစ်၊ ထုတ်လုပ် ရောင်းချသူတွေက ကောင်းသည်ထက်ကောင်းအောင်၊ ပရိသတ်နဲ့ဖောက်သည် ရအောင် ဆွဲဆောင်ရတဲ့ ခေတ်မို့ ရွေးချယ်ခွင့် များလာတဲ့ သဘောပါပဲ။

ပထမဆုံး ပြောပြမှာကတော့ Apple ရဲ့ iPhoneအကြောင်းပါပဲ။

မိုဘိုင်းလ်ဖုန်းတွေထဲမှာ လောလောဆယ်မှာတော့ iPhone က ခေတ်အစားဆုံးပါ။ စင်္ကာပူ အပါအ၀င် ပြည်ပရောက်နေကြတဲ့ မြန်မာကျောင်းသားတွေ၊ လူငယ်တွေဟာ အခွင့်အရေး ရတာနဲ့ iPhone ၀ယ်သုံးတော့တာပါပဲ။ iPhone မှာ သတင်းတွေ နားထောင်မလား၊ ကလေးတွေအကြိုက်ဂိမ်း ကစားမလား၊ သီချင်းဆန်းဆန်းတွေ နားထောင်မလား၊ iPhone တလုံးကတော့ ပိုင်ချင်စရာ တကယ်ကောင်းနေတာပါကလား။

ကဲ – Apple ကွန်ပျူတာ ကုမ္ပဏီက ထုတ်လုပ်တဲ့ I Phoneက တခြားရော ဘာတွေ ပိုကောင်းပါသလဲ။ ကောင်းတာလေးတွေ ပြောပါဦး ဦးဘမော်ရေ –

“iPhoneမှာ သုံးတဲ့ software နဲ့ function တွေ application တွေက တသိန်းကျော် ရှိပါတယ်။ application တချို့က အလကား ရပေမယ့် တချို့ကိုတော့ ပိုက်ဆံပေးမှ သုံးနိုင်ပါတယ်။ ဒါပေမယ့် အဲဒီမှာလည်း မကောင်းတဲ့ အချက်က သူ့ software, သူ့ applicationကိုမှ သုံးခွင့်ပေးတာမျိုး ဖြစ်ပါတယ်။ တခြားဟာတွေ သုံးနိုင်အောင် ဆိုရင်တော့ jailbreak ဆိုတာမျိုး လုပ်ပစ်ဖို့ လိုပါတယ်”

ကောင်းပါပြီ ဦးဘမော်ရေ၊ jailbreak ဆိုတာက ဘာလဲဗျာ။ နားလည်သူဆို အရေးမကြီးဘူး။ နားမလည်ရင် အဓိပ္ပာယ် တမျိုး ဖြစ်နေဦးမယ် ပရိသတ်ကြီးရေ။

ကျနော်တို့ရဲ့ ဘီဘီစီ ၀န်ထမ်းဖြစ်ပြီး ကွန်ပျူတာနဲ့ အိုင်တီဆိုင်ရာ ကျွမ်းကျင်သူ ကိုသက်ထွေးနိုင်ကို ကျနော် မေးကြည့်ပါမယ်။ ကိုသက်ထွေးရေ – jailbreak ဆိုတာ ဘာလဲဗျ။

“ဟုတ်ကဲ့၊ iPhoneကို jailbreak လုပ်တယ် ဆိုတာက ကုမ္ပဏီက သူတို့ထုတ်လုပ်တဲ့ ဖုန်းထဲမှာ application တွေ ထည့်ထားတယ်ပေါ့ဗျာ။ ထည့်ထားတဲ့ဟာအပြင် တခြားဟာတွေ သုံးမရအောင် သူတို့ စနစ်ကို ပိတ်ထားတာပေါ့။ အဲဒီ ပိတ်ထားတဲ့ စနစ်ကို ကျနော်တို့က ဖွင့်ပြီးတော့ တခြား နည်းပညာ ထည့်သုံးလို့ ရအောင် လုပ်တာကို jailbreak လုပ်တယ်လို့ ခေါ်ပါတယ်”

Jailbreak နဲ့ ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန်တွေရော ရှိသေးလားဗျ။ သတိထားရမယ့်ဟာလေးတွေ ရှိရင် ပြောပြပါဦးဗျ။

“ဟုတ်ကဲ့၊ jailbreak လုပ်လိုက်တာကတော့ ကျနော်တို့ မြန်မာတွေ အကြိုက်ပေါ့။ ကိုယ်ကြိုက်တဲ့ application လေးတွေ ထည့်မယ်၊ ဖုန်းအပြင်အဆင်လေးတွေ လုပ်မယ်။ ဒါပေမယ့် တခု သတိထားရမှာက jailbreak လုပ်တာက တရားဝင် မဟုတ်ဘူးခင်ဗျ။ ဒါကြောင့် jailbreak လုပ်တဲ့ ဖုန်းတွေမှာ ဗိုင်းရပ်စ် ထိလို့ပဲ ဖြစ်ဖြစ်၊ တခြားအကြောင်းကြောင့် ပျက်စီးလို့ပဲ ဖြစ်ဖြစ် Apple ကုမ္ပဏီကို သွားပြီးတော့ ပြန်ပြင်မယ် ဆိုရင်တော့ သူတို့က အာမခံချက် ပေးမှာ မဟုတ်တော့ပါဘူး။ အဲဒီ တခုကိုတော့ သတိထားဖို့ လိုပါတယ်”

အေးပေါ့ဗျာ၊ ဘယ်အရာမဆို အကောင်းအဆိုး ဒွန်တွဲနေတာမို့ သတိတော့ ထားကြဗျို့။

iPhone ကို နှစ်သက်သူ နှစ်ဦး

iPhone ကောင်းကြောင်းချည်း အားပါးတရ ရွှီးနေစရာ တကယ်တော့ မလိုပါဘူး၊ သောတရှင်တွေ ထဲမှာလည်း iPhoneသုံးနေသူတွေ ပါနေမှာပါ။ မြန်မာနိုင်ငံမှာလည်း iPhoneကို function အပြည့် မရပေမယ့် ပြီးခဲ့တဲ့ တနှစ်လောက်ကတည်းက စပြီး သုံးနေကြပြီ ဖြစ်ပါတယ်။

iPhoneရဲ့ မကောင်းဘူး လို့ ဆိုတဲ့ထဲမှာတော့ ခပ်ပါးပါး အားနည်းချက် ဖြစ်တဲ့ FM ရေဒီယို မပါတာမျိုးပါ။ ဒါကလည်း လုပ်တတ်ရင်တော့ နားထောင်လို့ ရပါတယ်လို့ ကျွမ်းကျင်သူတချို့က ပြောပါတယ်။ နည်းပညာဆိုတာက အချိန်နဲ့အမျှ အမြဲတမ်း ပြောင်းလဲနေတာမျိုးပါ။

အခုတော့ Apple iPhoneကို ယှဉ်ပြိုင်ဖို့ Google က နောက်ထပ် ဖုန်းတမျိုးကို ပြီးခဲ့တဲ့ တပတ်က စပြီး ဈေးကွက် တင်လာပါတယ်။ Google က အရင်ကလည်း Android ဖုန်းစနစ် နဲ့ ထိုင်ဝမ်အခြေစိုက် HTC ကုမ္ပဏီနဲ့ ပေါင်းပြီး Smart တယ်လီဖုန်းတွေ ထုတ်လုပ် ရောင်းချခဲ့ပါသေးတယ်။ အခုတခါတော့ iPhoneကို ယှဉ်နိုင်ဖို့ အပီအပြင် ပြင်ဆင်ပြီးမှ ဈေးကွက် တင်လာတာ ဖြစ်ပါတယ်။

Google ဖုန်းကို သုံးဖို့ စောင့်နေသူတွေကလည်း ရှိပါတယ်။ စပြီး သုံးသူတွေကတော့ အလွန် ကြိုက်နေကြပါပြီ။ iPhoneထက်တောင် ကြိုက်ပါတယ်လို့ ဆိုသူတွေက ဆိုနေပါတယ်။ Google ဖုန်း ကောင်းတာတွေကတော့ Google ရဲ့ application တွေ software တွေကို အားပါးတရ ဆက်သုံးနိုင်တဲ့ သဘောပါ။ ဥပမာ ပြောရရင် Gmail, Google Map စသဖြင့် Google ပရိသတ်တွေ အကြိုက် ဖြစ်စေမှာကတော့ အသေအချာပါပဲ။

ကြိုက်စရာ မကောင်းတာကတော့ Google ရဲ့ ဈေးကွက်ဖြန့်ဗျူဟာပါ။ ဘာကြောင့် ဒီလိုလုပ်သလဲတော့ မသိပါဘူး။ သူ့ဖုန်းကို သူ့ဝက်ဘ်ဆိုက်ကပဲ ရောင်းပါတယ်။ တလုံးကို ဒေါ်လာ ငါးရာကျော် ပေးဝယ်ပြီးမှ သုံးရတာမျိုးပါ။ သူ့ဖုန်းကို သုံးခွင့်ရဖို့ စောင့်နေပြီးမှ ပိုက်ဆံပေးဝယ်ရမယ် ဆိုလို့ စိတ်မကောင်းဖြစ်သွားသူတဦး အွန်လိုင်းမှာ မှတ်ချက်ပြု ရေးထားပုံကို ကိုကိုအောင်က ခံစားချက် ထပ်သူပြုပြီး ပြောပြပါဦးခင်ဗျာ။

“Google ဖုန်းကို သုံးဖို့ စောင့်နေတာ ကြာလှပါပကော။ iPhoneတောင် မ၀ယ်ဖြစ်ဘူး။ ကျနော်ဆို ပြီးခဲ့တဲ့ နှစ်တွေက တောက်လျှောက် ဖုန်းအဟောင်းလေးကိုပဲ သုံးလာတာလေ။ နောက်ပေါ်ဖုန်းတွေလည်း ကိုင်လို့ရတာပေါ့ဗျ၊ Google ဖုန်းကျမှ သုံးမယ် ဆိုပြီး တင်းခံလာတာ။ အခုတော့ ကန်ထရိုက်နဲ့ ရောင်းမပေးဘူး၊ လှမ်းဝယ်မှ ရမယ် ဆိုတော့ မမိုက်ပါဘူးဗျာ”

စိတ်မကောင်းပါဘူး အစ်ကိုရာလို့တော့ မပြောချင်ပါဘူး။ လက်ကိုင်ဖုန်းတလုံး သိန်း ၂၀ နီးပါးလောက် အကုန်အကျခံ သုံးစွဲနေရသူတွေထက် စာရင်တော့ သာပါသေးတယ်လို့ပဲ ချွေးသိပ်ချင်ပါတယ်။

စီးပွားရေး တိုးတက်တဲ့၊ ဖွံ့ဖြိုးတဲ့၊ ဆက်သွယ်ရေး ကောင်းတဲ့ နိုင်ငံတွေမှာ ဆိုရင် လက်ကိုင်ဖုန်းတွေကို တန်ဖိုးအတိုင်း တခါတည်း အပြတ် ပေးဝယ်လိုက်စရာ မလိုဘဲ စကားပြောချိန် ဘယ်နှမိနစ်၊ text message လို့ ခေါ်တဲ့ စာရိုက်ပြီး ပြောလို့ရတဲ့ မက်ဆေ့ခ်ျ ပို့နိုင်တာက ဘယ်လောက်၊ အင်တာနက်က ဘယ်လောက်သုံးလို့ရတယ် ဆိုပြီး ၀န်ဆောင်မှုတွေပါ ယူပြီး တလကို ဘယ်လောက်နှုန်း ပေးချေမယ် ဆိုရင် ဒေါ်လာ သုံးလေးဆယ်တန်ကနေ လေးရာ၊ ငါးရာ တန်တဲ့ တယ်လီဖုန်းကို အလကား ရတာမျိုးပါ။

အခု Google ဖုန်း ဖြစ်တဲ့ Nexus One ကတော့ လောလောဆယ် လချုပ်နဲ့ ၀ယ်လို့ မရသေးဘဲ တခါတည်း အပြတ်ပေးရတာမျိုး ဆိုတော့ တချို့ကလည်း မကြိုက်ကြပါဘူး။ သုံးသူ များလာရင် နောက်ပိုင်း သူတို့ရောင်းတဲ့ ပုံစံကို ပြောင်းချင်လည်း ပြောင်းသွားမှာပေါ့လေ။

ကဲ iPhone နဲ့ Google Phone နှစ်ခုအကြောင်းကို ရှင်းခဲ့၊ ယှဉ်ခဲ့ပြီးပါပြီ၊ အခုမှ သဘောကျလို့ ၀ယ်ဖို့လုပ်တာပဲ ဖြစ်ဖြစ်၊ နဂိုကတည်းက ၀ယ်ဖို့ အစီအစဉ် ရှိပြီး မနက်ဖြန်ပဲ သွားဝယ်မယ်လို့ ပြင်ဆင်နေပြီပဲ ဆိုဆို ဘယ်ဖုန်းကို ၀ယ်ကြမလဲ၊ ဘယ်ဖုန်းကို ၀ယ်သင့်သလဲ။ ကိုသက်ထွေးရေ – အကြံပေးပါဦးလားဗျာ။

“iPhone နဲ့ Nexus ရဲ့ ကွာခြားချက်၊ ထူးခြားချက်ကို အရင် လေ့လာဖို့ လိုမယ်လို့ ထင်ပါတယ်။ အသုံးပြုမယ့်လူက သူ့ရဲ့ အသုံးပြုမယ့် နယ်က ဘယ်ဖုန်းနဲ့ ကိုက်မလဲ ဆိုတာ သုံးသပ်ဖို့ လိုပါတယ်။ လောလောဆယ် အဓိက ကွာခြားချက်ကတော့ iPhoneက jailbreak လုပ်ပြီးမှ တခြား application တွေ သုံးရတယ်၊ Nexus ကျတော့ သူက open system ခင်ဗျ။ သူ့မှာက application တွေကို ပိတ်ထားတာ မရှိဘူး။ ကိုယ်ကြိုက်တဲ့ application တွေကို သုံးလို့ ရတယ်”

“စီးပွားရေးဘက်က ပြန်ကြည့်မယ် ဆိုရင် iPhoneက ဈေးတော်တယ်လို့ ပြောရလိမ့်မယ်။ လောလောဆယ် Nexus ဖုန်းတွေက ကန်ထရိုက်နဲ့ (စာချုပ်နဲ့) ရောင်းတာ မရှိသေးဘူးခင်ဗျ။ သူ့ဖုန်းကို အရင်ဝယ်ရမယ်၊ ပြီးမှ mobile network မှာ ပြန်ချိတ်ပြီး သုံးရမယ် ဆိုတော့ နှစ်ခါကုန်မယ့် အနေအထားမျိုးပေါ့ခင်ဗျာ”

“iPhoneက ဒီမှာဆိုရင် mobile network တခုမှာ ကန်ထရိုက်နဲ့ ၀ယ်လိုက်မယ် ဆိုရင် ဖုန်းက အလကား ရတာ၊ ပြီးမှ ၁၂လ သို့မဟုတ် ၂၄ လ လစဉ်ကြေး သွင်းပြီး သုံးရတာ ဖြစ်တယ်။ ဒါကြောင့် လောလောဆယ် iPhone သုံးရတာ ပိုသက်သာတဲ့ အနေအထားမျိုး ရှိပါတယ်”

ကိုသက်ထွေးနိုင်ကတော့ ပညာသည်ပီပီ ကိုယ့်လိုအပ်ချက် ကိုယ်အရင်ကြည့် လို့ ပြောသွားပါတယ်။ အိုင်တီခေတ်မှာ ခေတ်မီတဲ့ ဖုန်းလေးတလုံးမှ မရှိရင် ယက်ကန်ယက်ကန်၊ အင်း – ယက်ကန်ယက်ကန်တော့ မဖြစ်လောက်ပါဘူး။ ဒါပေမယ့် ကမ္ဘာ့ကွန်ရက်ထဲမှာ ဟန်အသွက်နဲ့ မာန်မပျက်ဘဲ စွမ်းနိုင်အောင် လုပ်ကိုင် ဆောင်ရွက်နိုင်ဖို့ အထောက်အကူပစ္စည်းတခုတော့ လျော့နေမှာပဲလို့ ဆိုရတော့မှာပါပဲလေ။

တွေ့ကြဦးမယ်လေ၊ ထူးချက်တွေနဲ့ Cool Tech ပြန်လာပါဦးမယ်။ ။

[ မူရင်း – BBC အသံလွှင့်ဌာန၊ မြန်မာပိုင်း အစီအစဉ် www.bbcburmese.com]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts