>At Ludu U Hla 100 Year event, Burmese oppostions and literarry community found solidarity together

>

လူထုဦးလှ နှစ် ၁၀၀ ပြည့် အင်န်အယ်ဒီပါတီက လူငယ်၊ လူကြီးတွေ စုံညီဂုဏ်ပြုကြတဲ့ပွဲ မြင်ကွင်း
မိုးယံမခ
ဇန်န၀ါရီ ၁၅၊ ၂၀၁၀
          နေ့ခင်းက ပေးပို့လိုက်တဲ့ ဓာတ်ပုံသတင်းကို ပိုပြည့်စုံအောင် သရုပ်ဖော်သတင်းပို့ပေးရမယ်ဆိုရင် – နေရာက ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင် ပါတီရုံးချုပ်မှာ နေ့ခင်း ၁၂ နာရီက ၃ နာရီအထိ လူငယ်စာဖတ်ဝိုင်းမှာ လူထုဦးလှ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ကို ကျင်းပတာ ဖြစ်ပါတယ်။
(ဖျာပုံနီလုံဦး၊ ဦးစိုးမြင့်)
          လူငယ်စာဖတ်ဝိုင်းတာဝန်ခံ ဦးအောင်မြင့် ခေါ် ဖျာပုံနီလုံဦးက အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းပြပါတယ်။ ပါတီ ဗဟိုအလုပ်မှုဆောင်၊ ရန်ကုန်တိုင်း စည်းရုံးရေး ကော်မတီဥက္ကဋ္ဌ သခင်စိုးမြင့်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး လူထုဦးလှ၏ ကြီးပွားရေးမဂ္ဂဇင်းပါ စာများက စစ်ကြိုခေတ်လူငယ်များကို ကိုယ်ရည်ကိုယ်သွေး ထူးချွန်ထက်မြက်အောင်၊ တိုင်းပြည်ချစ်စိတ် ထက်သန်ရေးတို့ကို များစွာ အားပေးမြေတောင်မြှောက်ပေးခဲ့ကြောင်းကို အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
          ဗဟိုအလုပ်အမှုဆောင်၊ စာနယ်ဇင်းဆရာ၊ ဟံသာဝတီဦးဝင်တင်က လူထုဦးလှအကြောင်း အမှတ်တရ ပြောကြားခဲ့ရာမှာ – လူထုဦးလှ၏ အထူးခြားဆုံးအချက်မှာ လူထုအကျိုးကို မျက်နှာမူသော နိုင်ငံရေး၊ လူထုကို မျက်နှာမူသော သတင်းစာပညာဈ လူထုကို မျက်နှာမူသော စာပေများကို အမြဲ ရေးသားတင်ပြခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါတယ်။
           ကိုမြင့်ဋ္ဌေး (လူငယ်)၊ ဦးအုန်းကြိုင် (ဗဟို)
      အဖွဲ့ချုပ်၏ လူငယ်တာဝန်ခံ ကိုမြင့်ဋ္ဌေးက လူထုဦးလှ၏ အတ္ထုပ္ပတ္တိကို ဖတ်ကြားပြီး၊ အဖွဲ့ချုပ်သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင် ခေါ် အောင်ဝင့်က တိုင်းရင်းသားယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို တန်ဖိုးထား လေ့လာခဲ့တဲ့ လူထုဦးလှအကြောင်းကို အကျယ်တ၀င့် ဟောပြောသွားပါတယ်။
          မြို့နယ်အသီးသီးက တက်ရောက်လာကြတဲ့ ပါတီဝင်များ၊ လူငယ်များက ၀ိုင်းဝန်းပြီး လူထုဦးလှနှင့် သူ့စာများအကြောင်းကို ဆွေးနွေးပြောဆိုကြပါတယ်။ အဲသည် ဆွေးနွေးချက်တွေကို ကဗျာဆရာ မုံရွာအောင်ရှင်နဲ့ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်တို့က ပြန်လည် ဆွေးနွေး ဖြေကြားကြတာကို တွေ့ရပါတယ်။
          အခမ်းအနားတက်ရောက်သူတွေအနက် – ၀ါရင့်နိုင်ငံရေးသမားကြီးများဖြစ်တဲ့ သခင်သိန်းမောင်(၀ါးခယ်မ)၊ ဦးထွေးမြင့်၊ ဦးအုန်းမောင်(ဘဏ်)၊ ဦးသာဘန်း အစရှိသူများအငြပ် စာရေးဆရာများအနက် မောင်မိုးသူ၊ သန်းစိုးနိုင်၊ သန်းဝင်းလှိုင် စတဲ့ ပုဂ္ဂိုလ်များ၊ လူထုဦးလှကို ချစ်ခင်ကြည်ညိုသူ စာပေ၀ါသနာရှင်များ၊ အမျိုးသားရေးစိတ်ဝင်စားသူများ တက်ရောက်ကြတာကို တွေ့ရပါတယ်။
          မန္တလေးနဲ့တကွ နယ်အသီးသီးမှာလည်း စာရေးဆရာ၊ သတင်းစာဆရာ လူထုဦးလှရဲ့ နှစ် ၁၀၀ ပြည့် အခမ်းအနားတွေ ကျင်းပကြလိမ့်ဦးမယ်လို့ သိရပါတယ်။ ၂၀၁၀ နှစ်ဆန်းမှာ စာပေနဲ့ စာနယ်ဇင်းသမားများ၊ နိုင်ငံရေး အတိုက်အခံများက လူထုဦးလှ နှစ် ၁၀၀ ပြည့်ကို အတူတကွ ၀ိုင်းဝန်းကျင်းပကြတာကို တွေ့ရတာဟာ အလွန်မင်္ဂလာရှိတဲ့ နှစ်သစ်အဖြစ် မြင်ရတာပဲလို့ စာနယ်ဇင်းအယ်ဒီတာကြီးတဦးက မှတ်ချက်ပေးပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts