>TheGeek – Leave them behind in the 2010 Election

>

ကိုဇာဂနာဖတ်ဖို့ ဟာသ
ရွေးကောက်ပွဲထဲမှာ သူတို့ကို ထားရစ်ခဲ့
 

ပျော်တော်ဆက်သာဂိ
ဇန်န၀ါရီ ၁၅၊ ၂၀၁၀

ကိုဇာဂနာရေ … ဒီတခါ စာရေးတာ နောက်ကျသွားတယ်။ ခွင့်လွှတ်ပါ။ ၂၀၁၀ နှစ်သစ်မှာ နေကောင်းကျန်းမာ မင်္ဂလာနဲ့ ပြည့်ဝပါစေလို့ ဆုတောင်းလိုက်ပါတယ်။

၂၀၁၀ ဆိုတဲ့ နှစ်ကြီးဟာဖြင့် ဘယ်လိုမှ ရှောင်လွှဲလို့မရ၊ ရှောင်တိမ်းလို့မရ၊ တွန်းထား ဆွဲထားလို့မရ တလှမ်းချင်း ချင်းနင်းဝင်ရောက်လာပြီပေါ့ အကို။ ထောင်ပြင်က လူကြီးတွေကတော့ အော် – အသက်တွေ တနှစ်ကြီးပြန်ပြီပေါ့လို့ … တရားသံနဲ့ ပြောကြ၊ ထောင်ထဲက လူတွေအဖို့ကတော့ အင်း … ထောင်ဒဏ် ၉၉၉ နှစ်ကနေ ၉၉၈ နှစ်ပဲ ကျန်တော့ပါလားလို့ ချိုးလက်ရေ တမှတ်ဆွဲချ ကြရတဲ့ အချိန်ပေါ့လေ။

ရုပ်ရှင်ဆန်ဆန်ပြောကြရရင် ထောင်ပြင်ကလူတွေက နှစ်တွေ တနှစ်ပြီး တနှစ် တိုးပြီး လမ်းလျှောက်လာ၊ ထောင်ထဲကလူတွေမှာ နှစ်တွေ တနှစ်ပြီး တနှစ် နှုတ် နှုတ်ပြီး ချီတက်လာကြတာ ဆိုတော့ သူတို့တွေ လမ်းတ၀က်မှာ ဆုံကြမယ် ဆိုရင် – ဘယ်လိုများ ဖြစ်ကုန်ကြမယ် မသိဘူးနော်။ ထောင်ပြင်က လူတွေက အသက်တွေကြီးလို့ အိုမင်းမစွမ်းတွေ ဖြစ်လို့၊ ထောင်ထဲကလူတွေမှာတော့ အရွယ်တွေ ရင့်မသွားဘဲ နုပျိုကျန်းမာလို့ အဲသလိုများ ဖြစ်နေမလားပဲ။

တိုက်တိုက်ဆိုင်ဆိုင် ဒီလမှာ ကိုဇာဂနာ့မွေးနေ့ ရှိတယ်နဲ့ တူတယ်နော်။ လကုန်လောက်မှာ ထင်တယ်။ ဆိုတော့ အကို မွေးသက် ၁နှစ် ကြီးချိန်မှာ ထောင်သက် တရက်လျော့သွားပြီလို့ ပြောရမှာဆိုတော့ ၀မ်းသာရမှာလား၊ ၀မ်းနည်းရမလား မသန်းရွှေ ရယ် လို့ ရုပ်ရှင်ဆန်ဆန် ညည်းရမလို ဖြစ်နေတော့တာပဲ။

လွတ်လပ်ရေးနေ့ကို ထောင်ထဲမှာ ကျင်းပခွင့် မရလို့ ၀မ်းမနည်းပါနဲ့ ခင်ဗျာ။ အကိုမွေးနေ့ကိုတော့ လွတ်လွတ်လပ်လပ် ကျင်းပခွင့်ရဖို့ ရှိမယ် ထင်ပါရဲ့။ ကျန်းမာရေးသာ ဂရုစိုက်ပါခင်ဗျာ။ ဆရာဝန်တွေ ဆေးခန်းတွေ ထောင်ထဲမှာ ဖောဖောသီသီ မရှိတာ ၀မ်းသာပါဗျ။  တော်ကြာ သွားဆရာဝန်ကျောင်းဆင်း ကိုဇာဂနာကို သွားတွေ မွေးနေ့သက်စေ့ နှုတ်ပေးလိုက်မှဖြင့်။ မွေးနေ့မှာ ပြုံးပြီး ဓာတ်ပုံရိုက်ရင် ဖြဲပြစရာ သွားတွေ မရှိဘဲ နေမယ်။

ထောင်ပြင်က သတင်း ထောင်တွင်းကို သွင်းရမယ် ဆိုရင်တော့ ၂၀၁၀ မှာ ကျနော်တို့အားလုံးက ခါးတောင်းကျိုက်ထားကြပြီပေါ့ အကို။ ဘယ်တော့မှ ဘွားကနဲပေါ်လာမယ်မှန်း မသိတဲ့ ရွေးကောက်ပွဲကြီးကို ဖျက်ဆီးဖို့ စောင့်တဲ့လူကစောင့်၊ ဒိုင်ဗင်ပစ်ထိုးပြီး ၀င်မယ်သူက ပြင်တဲ့လူက ပြင်နဲ့ဆိုတော့ မြန်မာ့နိုင်ငံရေး စာမျက်နှာသစ်ကြီးတရပ်ဆိုပြီး အကဲခတ်တွေကလည်း ခတ်ချင်တိုင်း ခတ်ကောင်းနေတဲ့ အခါသာမယပေါ့လေ။

တချို့ကတော့လည်း “အောင်မယ်လေးလေး … လုပ်ဖြစ်အောင် လုပ်လိုက်စမ်းပါ။ ရွေးကောက်ပွဲ ဖြစ်ရင် တော်ပါပြီ။ လုပ်လိုက်လေ ကြာသလားလို့ အကြော်နဲ့ နှစ်ပွဲ” ဆိုပြီး ကွယ်လွန်သူ ဆရာကြီးကွေး လေသံမျိုး ပစ်တဲ့သူတွေကလည်း ရှိသေးတယ်။

တကယ်တမ်း ကျနော်တို့ ကြားသလောက်ကတော့ ဗိုလ်သန်းရွှေကြီးက  “သြော် … မိန်းမဟူဘိ ထိုက္ကိထ္ထိကား မရှိစကောင်း၊ ရှိစကောင်း၊ မပေါင်းလည်း ခက်၊ ပေါင်းလည်း ခက်တည့်” ဆိုတဲ့ မာဃဒေ၀လကာင်္ဆန်ဆန်ကြီး ရွတ်သလို – “အော် ရွေးကောက်ပွဲဆိုသည့် ထိုငတိကား မဖြစ်လည်း ကောင်း၊ ဖြစ်လည်း ကောင်း၊ မရွေးလည်း မထူး၊ ရွေးလည်း မထူးပါဘိ” ဆိုတဲ့ အလင်္ကာကို ရွတ် ရွတ်နေတယ် လို့ ဆိုတာပဲ။ သူ ရွတ်နေရတဲ့အကြောင်းက သူရဲ့ မဟာရွှေဉာဏ်တော်စူးရောက်တဲ့ ဓာတ်ခွဲခန်းရွေးကောက်ပွဲစီမံကိန်းကြီးတခု စမ်းပြီး လုပ်ခဲ့ပြီးပြီ တဲ့။ ဒီလိုတဲ့ ဗျ …

အရင်ဆုံး စမ်းသပ်တဲ့အနေနဲ့ မြန်မာပြည်က အမည်မဖော်လိုတဲ့ အကျဉ်းထောင်တခုအထဲမှာ ထောင်တွင်းရွေးကောက်ပွဲ ကျင်းပကြည့်ပေးမယ်လို့ ကြေညာလိုက်တယ်တဲ့ဗျ။ ရာဇ၀တ်သားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်တွင်းအမတ်တွေအဖြစ် ၀င်အရွေးခံခိုင်းပြီးတော့ ထောင်ဝန်ထမ်းတွေနဲ့ ကျန်တဲ့အကျဉ်းသားတွေကို မဲပေးခိုင်းမယ်လို့ ဆိုတယ်ဗျ။ ထောင်တွင်းက စတိုတို့၊ ထမင်းရုံတို့လို ဌာနတွေ၊ အောက်ဆိုက်ဝင်ငွေကောင်းတဲ့ ဆေးခန်းတို့၊ ထောင်ဝင်စာစစ်ဆေးတဲ့ အဖွဲ့တွေကတော့ ထောင်တွင်းရွေးကောက်ပွဲမှာ ၀င်အရွေးခံစရာမလိုဘဲ အလိုအလျောက် ထောင်လွှတ်တော်မှာ ကိုယ်စားလှယ်တမ်းခန့်မယ်လို့ ထောင်တွင်း အခြေခံဥပဒေမှာ ဆွဲထားတယ် ပြောတယ်။ ခုထုတ်တော့မယ့် “နရသိန်” ထောင်မဂ္ဂဇင်းက ထောင်တွင်း ရွေးကောက်ပွဲတွေကို သတင်းလိုက်ပြီး ပြန်ကြားရေးလုပ်မယ်လို့လဲ အယုံသွင်းလိုက်တယ်တဲ့ဗျ။

အဲသည်လို ထောင်တွင်းရွေးကောက်ပွဲလုပ်မယ်လည်း ကြားရော ထောင်ထဲမှာ ကျနေတဲ့ ကတ်စတန်တို့၊ ထောက်လှမ်းရေးတို့၊ ထိုင်းတို့ ဘာတို့က တံငါသည်တွေ ဘာတွေကလည်း ၀င်ရွေးခံမယ်ဆိုပြီး ထောင်ဝန်ထမ်းတွေကို ချဉ်းကပ်လာကြတယ် ဆိုသတဲ့။ ထောင်ဝန်ထမ်းအချို့ကလည်း ထောင်အမတ်အဖြစ် အစမ်းဖြစ်ဖြစ် အပျော်ဖြစ်ဖြစ် ၀င်ရွေးချင်တယ် ဘာညာနဲ့ အရူးထလာကြသေးသတဲ့။ ထောင်ပိုင်ကြီးတွေနဲ့ အပေါ်ပိုင်းက လူကြီးတွေကတော့ ထောင်လွှတ်တော်အထက်က လက်နက်ကိုင်အာဏာပိုင်တွေအဖြစ် ဆက်ပြီး နေရမှာလို့ ဗိုလ်သန်းရွှေက ကြိတ်ပြီး လက်ကုတ်ထားတော့ မင်မပျက်ဘူးတဲ့ ကိုဇာဂနာရယ့်။

တကယ်တမ်းကျတော့ ဗိုလ်သန်းရွှေကြီးက အကြံပိုင်တဲ့ ငခွေးလုပ်ပြီး သူရဲ့ငယ်နိုင် – ထောင်တွေထဲက အကျဉ်းသားတွေကို စမ်းသပ်ကြည့်လိုက်တဲ့အနေနဲ့ ထောင်တွင်းရွေးကောက်ပွဲနဲ့ ထောင်တွင်းလွှတ်တော်ဆိုပြီး အသံလေး လွှတ်ကြည့်တာပါ ကိုဇာဂနာရယ် … တခါတည်း အဲသည်ထောင်ထဲက တချို့ ထောင်သားတွေကော၊ ထောင်ဝန်ထမ်းတွေရော စိတ်ကူးတွေ စိတ်ရူးတွေ ပေါက်ကုန်ပြီး ကမောက်ကမတွေ ဖြစ်ကုန်ကြတာပေါ့။

ထောင်တွင်းမှာ ကျင်းပတဲ့ ထောင်တွင်း လွှတ်တော်နဲ့  ထောင်တွင်း ရွေးကောက်ပွဲ ဆိုမှတော့ သန်းရွှေကြီး မပြောနဲ့ဦး၊ ထောင်ထဲက ထောင်မှူးတွေ၊ ထောင်အာဏာပိုင်လက်ခုပ်ထဲက ရေပဲဆိုတာ တချို့က သဘောမပေါက်ကြဘူးတဲ့ဗျ။ အပြင်က မိသားစုတွေ၊ အဖွဲ့အစည်းတွေ၊ ယူအန်တို့ အိုင်အန်တို့ အော့ကျောလန်တို့ အဖွဲ့တွေကိုတောင် အကြောင်းကြားပြီး ယူဂျီလမ်းကြောင်းကနေ တိုက်ပုံတို့၊ ခေါင်းပေါင်းတို့တောင် ခိုးသွင်းဖို့ ကြိတ်ကြံနေကြသေးတယ် ဆိုပဲဗျာ။ ဂရုဏာသက်စရာ …

ထောင်တွင်း ရွေးကောက်ပွဲတွေကနေ ထောင်တွင်းလွှတ်တော်ကြီး ပေါ်ထွန်းလာမယ်သာဆိုရင် ထောင်အမတ်တွေက တဖြေးဖြေး ခြေကုပ်ရယူပြီးတော့ ထောင်တွင်းဒီမိုကရေစီနိုင်ငံကြီးကို ၀ှဲချီးပြီး ထူထောင်ယူပစ်လိုက်မယ်လို့ ကြွေးကြော်သူတွေက ကြွေးကြော်လာတဲ့ အသံတွေကလည်း မီးပျက်လို့ ပိန်းပိတ်အောင် အမှောင်တိုက်ကျနေတဲ့ ထောင်နံရံတွေအထဲကနေ ဟိန်းဟိန်းထလာသေးဆိုပဲဗျာ။

ကဲ အတိုချုံးပြောရမယ် ဆိုရင်တော့ ဗိုလ်သန်းရွှေကြီးဟာ သူရဲ့ ထောင်တွင်းရွေးကောက်ပွဲ စမ်းသပ်ချက်စီမံကိန်းကို လေသံပစ်ကြည့်လိုက်ရုံနဲ့တင် ထောင်ထဲက တချို့သော လူတွေ သွက်ခြာပါဒလိုက်ကုန်ကြတာကို မြင်တွေ့လိုက်မိလို့ သံဝေဂတွေ သံသရာနဲ့တထမ်းကြီး ရပြီး စုတ်တသပ်သပ်နဲ့ အပေါ်မှာ ပြောခဲ့သလို – “အော် ရွေးကောက်ပွဲဆိုသည့် ထိုငတိကား မဖြစ်လည်း ကောင်း၊ ဖြစ်လည်း ကောင်း၊ မရွေးလည်း မထူး၊ ရွေးလည်း မထူးပါဘိ” ဆိုတာကို ရွတ်ဆိုရင်း ကြပ်ပြေးနေပြည်တော်က နန်းတော်ကြီးထဲမှာ ခေါင်းငိုက်စိုက်ကလေးနဲ့ လက်နှစ်ဖက် နောက်ပစ်ပြီး လှည့်ပတ်လမ်းသလားနေတယ်လို့ အမည်မဖော်လိုတဲ့ ထောက်လှမ်းရေးမိသားစု လက်ကျန်တချို့က ကျနော်ဆီကို ဂျီမေးကနေ လှမ်းပြောထားတယ် အကိုရေ …။

ကဲ … ပြောချင်တဲ့ ဂေါဇစ်တွေကတော့ ဒီလောက်ပါပဲ။ ဗိုလ်သန်းရွှေကြီးက သူ့ရွေးကောက်ပွဲ လေသံပစ် စစ်ဆင်ရေးကြီးကို မြန်မာပြည်အတွင်းမှာ တကယ်တမ်း စမ်းသပ်ကြည့်လိုက်တဲ့အခါ – ကျနော်တို့တတွေက ခုနင်ကထောင်သားတွေလို ထောင်ကြက်ချင်း အိုးမည်းသုတ်ပြီး အောင်ဆန်းကွင်းထဲသွင်း ကြေးစားဘောလုံးကန်ခိုင်းသလို အရူးအမူး ငပြူး ငပြဲတွေ မဖြစ်ကြဘဲနဲ့ ကိုယ့် မိတ်ဆွေအချင်းချင်း ဘာမှ မဟုတ်တဲ့ ထောင်တွင်းရွေးကောက်ပွဲကလေး၊ ထောင်တွင်း လွှတ်တော်ကလေးကြောင့် မိတ်တွေပျက်၊ လင်မယားတွေကွဲ၊ ရန်သူတွေဖြစ်ကုန်ကြမှာကို မလိုလားလို့ ရှေ့မျက်နှာ နောက်ထားပြီး မြန်မာပြည် အကျဉ်းထောင်အတွင်းသို့ ယခုလိုမျိုး အပင်းသွင်း မေတ္တာစာလေး ရေးပို့လိုက်ပါတယ် အကိုကြီး ကိုဇာဂနာ ခင်ဗျား …

ကြိုပြီး ဆုတောင်းပေးလိုက်ပါတယ်။ ဟက်ပီးဘဒ်ဒေး တူယူ ပေါ့။

အခုလာမယ့် ရွေးကောက်ပွဲထဲမှာတော့ သူတို့ကို ထားခဲ့ပါ။ ကျန်စစ်သားက စောလူးမင်းကို ပြောသလိုမျိုး ၀င်းဦးအသံနဲ့ ပြောခဲ့ရုံသာ … ဘာတဲ့ ××× ××× ×××


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts