>Interview with an ant – clone the art to share with the world

>

ဗျူးဆရာ အီးတီနှင့် ခါချဉ်တစ်ကောင်
ထူးအောင်
ဒီဇင်ဘာ ၂၂၊ ၂၀၀၉
ET             ကမ္ဘာကျော်ပန်းချီကားကြီးတွေကို “ကလုံး” လုပ်ဖို့ စိတ်ကူးရှိနေတယ်ဆိုတော့၊ ဘယ်လိုကားမျိုးတွေ ကို ကလုံးလုပ်ချင်တာလဲက စပြောဗျာ။
ဆြာထူး                 ကမ္ဘာကျော်ပန်းချီကားကြီးတွေဆိုတာကတော့ အများသိကြတဲ့ လီယိုနာဒိုဒါဗင်ချီရဲ့ မိုနာလီဇာ လို၊ ဗင်းဆင့်ဗန်ဂိုးရဲ့ အာလူးစားနေကြသူများ၊ နေကြာပန်းများလို တကယ့်ကမ္ဘာကျော်ဂန္တ၀င်ကားကြီးတွေကို ကလုံး လုပ်ချင်တာပါ။
ET             ဘာကြောင့်လုပ်ချင်ရတာလဲဗျ။
ဆြာထူး                 အချက်နှစ်ချက်ရှိပါတယ်။ ပထမအချက်က အဲဒီကားကြီးတွေရဲ့သက်တမ်းဟာ နှစ်ပေါင်းရာကျော်  နေကြပြီဆိုတော့ သင်္ခါရသဘောအရ တစတစပျက်စီးလာနေပြီဗျာ။ ကင်းဗတ်ကော ဆေးအရောင်တွေပါ ပျက်လာ နေတာ… ။
ET             ကိုယ့်ဆရာ ခဏ၊ ဒီနေရာမှာ ဖြတ်မေးချင်တယ်။ ခင်ဗျားပြောသလို ပျက်စီးနေတာကို လက်ခံပါ တယ်။ ဒါကြောင့် ပညာရှင်တွေက ခေတ်အမှီဆုံးနည်းပညာတွေနဲ့ အများကြီးငွေကုန်ကြေးကျခံပြီး ပြုပြင်ထိန်းသိမ်း နေကြတယ်လေ၊ မလုံလောက်သေးဘူးလား။
ဆြာထူး                 မလုံလောက်သေးဘူးဗျ။ ဘာကြောင့်လဲဆို ဘယ်လောက် အဆင့်မြင့်တဲ့နည်းပညာပဲဖြစ်ဖြစ် သူ့ သက်တမ်းကို ရှည်နိုင်သလောက်ရှည်အောင် ဆွဲဆန့်တာလောက်ပဲတတ်နိုင်မယ်။ အထူးသဖြင့် မူရင်းအရောင်မပျက် ထာဝရ ထိန်းသိမ်းနိုင်တဲ့ နည်းပညာမျိုး မရှိနိုင်သေးဘူး။ ဥပမာ – လူ့အသက်ကို ရှည်နိုင်သမျှရှည်အောင်သာ ဆေး ပညာလောကက တတ်နိုင်တယ်။ အသက်မသေအောင်တော့ ဘယ်ဆေးပညာ၊ ဘယ်ပညာရှင်ကမှ မတတ်နိုင်သေး သလိုပါပဲ။
ET                  ဟုတ်ပါပြီဗျာ။ ဆက်ပါဦး။
ဆြာထူး                 အဲလို တစ်ရက်ဆို ဆိုသလောက် ပျက်နေရာက နောက်ဆုံးတစ်နေ့မှာ အဲဒီကားကြီးတွေ ပျောက် သွားရတော့မယ်။ ကားအတုတွေနဲ့ ပုံနှိပ်စာရွက်ထဲက၊ စကရင်ထက်က ပုံတွေပဲကျန်ခဲ့တော့မယ်။ ဒါတွေကျန်ခဲ့တာ ထက်စာရင် မူရင်းကားတွေနဲ့ အရွယ်အစား၊ အရောင်သာမက ဆေးသားအထူအပါးပါ ၁၀၀ ရာခိုင်နှုန်းတူတဲ့ ကိုယ်ပွား ကားတွေ ကျန်နေခဲ့မယ်ဆို နောက်လူတွေအတွက် အကျိုးရှိမယ်။ အဲ့လို ယူဆတယ်။ ဒါက တစ်ချက်။
          နောက်တစ်ချက်က အဲဒီကမ္ဘာကျော်ကားကြီးတွေဟာ နိုင်ငံကြီးအချို့ရဲ့ ပြတိုက်ကြီးတွေမှာ၊ ပုဂ္ဂလိက ပိုင်ရှင် တွေရဲ့ ဆင်စွယ်နန်းဆောင်တွေထဲမှာ ပြန့်ကျဲ ရှိနေကြတာမဟုတ်လား။ ဆိုတော့ တတိယကမ္ဘာက ကျွန်တော်တို့လို ပန်းချီဝါသနာရှင်တွေမဆိုထားနဲ့ ပညာရှင်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးတွေတောင် များများကြည့်ဖူးမယ်မထင်ဘူး။ အများအားဖြင့် ပုံနှိပ်ထားတဲ့ ကားတွေကိုသာ မြင်ဖူးကြရတာ။ အဲဒီနိုင်ငံကြီးတွေဆီ သွားမကြည့်နိုင်ကြဘူး။ မမှီနိုင်လောက်အောင် အလှမ်းဝေးတယ်ပေါ့ဗျာ။ ဒီအနေအထားမှာ ကလုံးကားတွေသာဖန်တီးနိုင်ရင်၊ နိုင်ငံတိုင်းရဲ့ ပန်းချီကျောင်းတွေမှာ ဖြစ် ဖြစ် တစုတစည်းတည်း ပြထားပေးနိုင်မယ်ဆိုရင် ၀ါသနာရှင်တွေရော ပညာရှင်တွေပါ လေ့လာနိုင်မယ်။ အကျိုးရှိမယ်။ ဒါက ဒုတိယအချက်ပါ။
ET             မေးစရာတွေ အများကြီးရှိလာပြီ။ အဲဒီထဲက ပထမဆုံး ဆေးသားအထူအပါးပါ မူရင်းအတိုင်းဆိုတဲ့ ကိစ္စ၊ အခု လုပ်လို့ရပြီလား။ ဘယ်လိုနည်းမျိုးလဲ။
ဆြာထူး                 မရသေးပါဘူး။ ကျွန်တော့်အထင် အဆင်သင့်မရှိသေးဘူးလို့ထင်ပါတယ်။ ဒါပေမယ့် လက်တ ကမ်းမှာ ရှိနေတယ်ဆိုတာတော့ပြောနိုင်ပါတယ်။ ဘာကြောင့် ဒီလိုပြောနိုင်တာလဲဆိုရင် ဒီနေ့ခေတ်ကြီးကို နည်းပညာ ပေါက်ကွဲနေတဲ့ခေတ်လို့ ဆိုကြတယ်မဟုတ်လား။ သိပံနည်းပညာတွေဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ မြန်မြန်ဆန်ဆန် ကြီးကို တိုးတက်နေတဲ့ ဒီခေတ်ကြီးထဲမှာ ဒါမျိုးလုပ်နိုင်ဖို့ မခဲယဉ်းတော့ပါဘူး။ ဖြစ်နိုင်နေပါပြီ။ အလွယ်ဆုံးပြောရရင် မူရင်းကားရဲ့အရောင်သာမက ဆေးသားအထူအပါးကိုပါဖတ်နိုင်တဲ့ စကင်နာမျိုး၊ အဲဒါကိုသိမ်းထားနိုင်တဲ့ ကွန်ပျူတာနဲ့ အဲဒီအထူအပါးအတိုင်း ထုတ်ပေးနိုင်တဲ့ ဒါမှမဟုတ် ဆေးမှုတ်ပေးနိုင်တဲ့ ပရင်တာမျိုးတွေ အဓိကလိုမယ်ဗျာ။ လက်ရှိ အနီးစပ်ဆုံး၊ အမြင့်ဆုံးဆိုတဲ့ ကွန်ပျူတာတွေ ၊ စကင်နာ၊ ပရင်တာမျိုးတွေကို လိုအပ်တဲ့အဆင့်အထိ တစ်ဆင့်မြင့်နိုင် မယ်ဆိုရင် ရနိုင်ပြီပေါ့ဗျာ။  ကြားဖူးမှာပါ လောကမှာ မဖြစ်နိုင်တာမရှိ၊ မဖြစ်သေးတာဘဲရှိတယ်ဆိုတဲ့ စကားအတိုင်း ပါပဲ။ လိုလျှင်ကြံဆ နည်းလမ်းရပေါ့ဗျာ။ ကဲ … ဖြစ်မလာနိုင်ဘူးလား။ လုံးဝမဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ဘူးဆိုတာကိုတော့ ခင်ဗျား လက်ခံနိုင်မယ်ထင်ပါတယ်။
ET             လွယ်လှချည်လား။ အဲဒါနဲ့ပဲ ကိုယ်ပွားဖြစ်သွားရောတဲ့လား။ ပန်းချီဆိုတာ အနုပညာဗျ။ ပန်းချီဆရာ ရဲ့ စိတ်ခံစားမှုတွေထည့်ဆွဲထားတာ။ အချို့ဆို ဘ၀တစ်ခုလုံးပေးဆပ်ပြီး ရေးခဲ့ကြတာ။ သိပ်နက်ရှိုင်းတယ်၊ နက်ရှိုင်းသ လောက်လည်း သိမ်မွေ့တယ်။ ရုပ်ဝတ္ထုပစ္စည်းသက်သက်မဟုတ်ဘူး။ စက်နဲ့လှည့်ထုတ်လို့မရဘူးဗျ။ အခုပြောတဲ့ သိပံနည်းပညာတွေ အတတ်ပညာတွေနဲ့  စက်နဲ့ဆွဲသလိုမျိုးဆိုရင် အဲဒီကားရဲ့ ၀ိဥာဉ်ပါ ပါအောင်ဆွဲနိုင်ပါ့မလား။ ဒါဆို … အနုပညာမြောက်နိုင်ပါ့မလား။ အဲဒီကားတွေကို မူရင်း ကားကြီးတွေလို ခံစားလို့ရနိုင်ပါ့မလား။ ကဲ … 
ဆြာထူး                 တထပ်တည်းဗျာ၊ အစစအရာရာ ၁၀၀ ရာခိုင်နှုန်း တူမယ်။ နည်းနည်းလေးမှကို မလွဲဘူးဗျာ။ ဒါဆို ခံစားလို့ရနိုင်ပါလိမ့်မယ်။ ဥပမာဗျာ ထူးအိမ်သင်ခွေထဲက သီချင်းဖွင့်နားထောင်ရင် ခံစားလို့ရသလိုပေါ့။ ထူးအိမ်သင် ကိုယ်တိုင် ကိုယ့်ရှေ့မှာ ဆိုတီးနေတာကို နားထောင်မှ ခံစားလို့ရနိုင်တာမဟုတ်ဘူးလေ။ အများစုက စက်ထဲက ထွက် လာတဲ့ အသံကိုပဲ နားထောင်ပြီး ခံစားနေကြတာ။ ဟော်လိုရှိုးမှ အစစ်၊ ပိုကောင်းတယ်။ စက်ကတဆင့်ထွက်လာတဲ့ အသံက သဘာဝမဟုတ်လို့ မကောင်းဘူး၊ ခံစားလို့မရဘူး ဘာညာ မရှိသလိုဘဲပေါ့။ ဒီနေရာမှာ ကက်ဆက်တွေ၊ အမ်ပီသရီးတွေပဲဖြစ်ဖြစ်၊ ရုပ်ပါမြင်ရတဲ့ အမ်တီဗွီခွေ၊ ဒီဗွီဒီခွေပဲဖြစ်ဖြစ် စက်ပစ္စည်းကိရိယာတွေက ကြားခံဗျ။ ပရိတ် သတ်အများစုနဲ့ အဆိုတော်ကြားက ပေါင်းကူးတံတားဗျ။ သူက ဖန်တီးသူမဟုတ်ဘူးလေ။ အဲဒိ ဥပမာလိုပါပဲ အခုကိစ္စ မှာလည်း နည်းပညာတွေ၊ စက်ပစ္စည်းတွေက ဖန်တီးသူမဟုတ်ပါဘူး။ ပေါင်းကူးတံတားပါဘဲ။ ပရိသတ်အများစုနဲ့ ပန်းချီဆရာကြားက မမြင်ရတဲ့ကြိုးတစ်ချောင်းပါပဲ။
ET             ရှင်းပါ၏။ ကိုင်း … နောက်မေးခွန်းတစ်ခုလာမယ်။ နိုင်ငံကြီးအချို့မှာပြန့်ကျဲနေတဲ့ မူရင်းကား တွေကို စကင်နာဖတ်ဖို့ကိစ္စ၊ ဖြစ်နိုင်ပါ့မလား ဆြာထူး ။ ရနိုင်ပါ့မလား။
ဆြာထူး                 မူရင်းကားတွေကို စကင်နာ၊ ဒါမှမဟုတ် တခြားတမျိုးနဲ့ဖြစ်ဖြစ်ပေါ့ဗျာ။ ဒီနေရာမှာ စကင်နာပဲ ထားပါတော့။ အဲဒီ စကင်နာဖတ်ဖို့ကိစ္စက လွယ်တော့မလွယ်ဘူး။ ရှေ့မှာပြောခဲ့တဲ့ လိုအပ်တဲ့စက်ပစ္စည်းတွေရဖို့က လည်းမလွယ်တဲ့ကိစ္စပါပဲ။ ကိစ္စကြီးတစ်ခုလုံးမှာ ဘယ်ဟာမှ လွယ်လွယ်နဲ့မဖြစ်နိုင်တာ သေချာပါတယ်။ အခုကိစ္စမှာ လည်း လက်ရှိကားပိုင်ရှင်တွေရဲ့ခွင့်ပြုချက်လိုတယ်။ ဘာကြောင့်လဲဆို ပတ်သက်သမျှ အလုပ်အားလုံးဟာ တရားဝင် ဘောင်ထဲကပဲဖြစ်ရမယ်ဆိုတဲ့ ကိုယ့်ဟာကိုယ်ချထားတဲ့ မူရှိတာကြောင့်ပါ။ အဲဒီတော့ သူတို့ရဲ့ တရားဝင်ခွင့်ပြုချက်ရ အောင်လုပ်ရမှာပါပဲ။ ဆိုပါတော့ဗျာ၊ ထိပ်ဆုံး ကားတစ်ရာသတ်မှတ်ထားတယ်ဆိုပါတော့။ အဲဒီတစ်ရာစလုံးရဲ့  ပိုင်ရှင် တွေဆီက အားလုံးကို တစ်ပြိုင်နက်တည်းရလိမ့်မယ်လို့တော့ မျှော်လင့်မထားပါဘူး။ အားလုံးကို အကျိုးနဲ့အကြောင်းနဲ့ ညှိနှိုင်းနိုင်ရင်၊ သူတို့အကျိုးစီးပွားကိုလည်း သူတို့သဘောတူလောက်တဲ့အဆင့်ထိ ကိုယ့်ဖက်ကလုပ်ပေးနိုင်ရင် တစ်ကားပြီးတစ်ကားပဲဖြစ်ဖြစ် ရလာပါလိမ့်မယ်။ အရင်ရတဲ့ဟာ အရင်လုပ်ပေါ့ဗျာ။ နောက်ဆုံး အားလုံးမဟုတ်တောင် အများစုကိုတော့ ရလိမ့်မယ်လို့ယုံကြည်ထားပါတယ်။ ဒီနေရာမှာ လက်ရှိကားပိုင်ရှင်တွေရဲ့ ပြဿနာအခြေအနေကို လည်း ထည့်တွက်ကြည့်စေချင်တယ်။ သူတို့နေ့စဉ်ကုန်ကျနေတဲ့ ထိမ်းသိမ်းရေးစရိတ်ဆိုတာက နည်းတာမဟုတ်ဘူး။ ရေရှည်မှာ မနည်းကြီးကျားကန်နေကြရတာ။ ဒီကြားထဲက တစတစပျက်စီးနေပြီး နောက်ဆုံးမှာ လက်လျှော့ရမယ့် အခြေအနေကလည်း ရှိနေတယ်လေ။
ET             အပြောကတော့ ချောနေတာပါပဲ။ ဆက်ပြောကြရအောင်။ ခင်ဗျား ကလုံးကြောင့် မူရင်းကား တွေကိုရော ထိခိုက်မလာနိုင်ဘူးလား။
ဆြာထူး                 ဖြစ်နိုင်ချေ နှစ်ခုတော့တွေ့မိတယ်။ စကင် တစ်ခါနှစ်ခါ ဖတ်တာကြောင့် သူ့သက်တမ်းကို အနည်း နဲ့အများ တိုစေနိုင်ပါတယ်။ ဒါကို ထိခိုက်မှုအနည်းဆုံးနဲ့ အကောင်းဆုံးဖြစ်အောင်လုပ်ကြရမှာပါ။ နောက်တစ်ခုက အစစ်မပျက်စီးခင် ကလုံးတွေထွက်လာလို့ ဖေါင်းပွမှုတွေဖြစ်လာပြီး သူ့တန်ဖိုးကျသွားရတယ်ဆိုတာမျိုးလည်း ရှိနိုင်ပါ သေးတယ်။ ဒါကို တစ်ဖက်ကပြန်ကြည့်ရရင် ဒီဂယက်ကြောင့် အစစ်ကိုတောင် ပိုမြတ်နိုးလာတာမျိုးကလည်း ရှိနိုင်ပါ သေးတယ်။ ချုပ်ပြောရရင်တော့ဗျာ၊ ဖြစ်လာနိုင်တဲ့ထိခိုက်မှုတွေဟာ  ရေရှည်အကျိုး၊ တစ်ခုလုံးအကျိုးနဲ့ယှဉ်ရင် မပြော ပလောက်ဘူး ထင်ပါတယ်။ ဒီနေရာမှာ ဆီမီးတိုင်နဲ့နှိုင်းပြီး ပြောချင်ပါတယ်။ ဆီမီးတိုင် တစ်တိုင်ကနေ နောက် ဆီမီးတိုင်တစ်ခုကို မီးကူးယူလို့ အဲဒိဆီမီးတိုင် ဘယ်လောက်ထိခိုက်သွားမလဲဗျာ။ ဟုတ်တယ်မို့လား။ အချိန်တန်လို့ သူငြိမ်းသွားရင်တောင် အဆင့်ဆင့်ကူးယူထားတဲ့ မီးတိုင်တွေမှာ သူ့မျိုးဆက်အလင်းရောင်တွေ ချန်ထားခဲ့နိုင်မယ့် ကိစ္စ မျိုးပါဗျာ။
ET             ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ ကိုင်း … ဒီကိစ္စကြီးအတွက် ခင်ဗျားမှာ အခုဘာရှိထားပြီလဲ။ ခင်ဗျားကကော … ။ ဒါလောက် ကြီးတာကြီးကို လုပ်နိုင်မယ်ထင်လား။
ဆြာထူး                 ကိစ္စက အခုမှ စိတ်ကူးအဆင့်မှာပဲ ရှိသေးတယ်ဆိုတော့၊ သိပ်အရေးပါတဲ့ သတင်းအချက် အလက်တွေကိုတောင် ပြည့်စုံအောင် မရှာနိုင်၊ မစုနိုင်သေးပါဘူး။ စက်ပစ္စည်းတွေဆို ဝေလာဝေးပေါ့။ ဘာမှ မယ်မယ် ရရ မရှိသေးပါဘူး။ နောက်ပြီး ကျွန်တော်က နည်းပညာရှင်၊ အတတ်ပညာရှင်တစ်ယောက်လည်း မဟုတ်ပါဘူး။ ဂုရုတစ်ပါး မဟုတ်သလို သူဌေးလည်းမဟုတ်ပါဘူး။ ပန်းချီကိုစိတ်ဝင်စားတဲ့ သာမန်အငြိမ်းစား ကျောင်းဆရာ တစ်ယောက်ပါ။ ဒါပေမယ့်ဗျာ ဒီကိစ္စမှာ အဲဒါတွေက အရေးမကြီးလှပါဘူး။ လုပ်မယ့်လူက အဓိကမဟုတ်ဘူးဗျ။ အကြောင်းအရာကသာ အဓိက။ ကျွန်တော် မလုပ်လည်း ဒီကိစ္စကြီးကို တစ်နေ့ အခြားသူတွေ လုပ်ကိုလုပ်လာကြမှာ။ ဖြစ်ကိုဖြစ်လာမှာပါ။ မယုံ စောင့်ကြည့်။
ET             ဟုတ်ကဲ့ပါ …။ ဒါနဲ့ နေပါအုံး ဒီကိစ္စ ခင်ဗျားကြိုးစားနေတယ်ဆို၊ ခင်ဗျား မလုပ်ရင် ဘယ်သူလုပ်မှာ တဲ့လဲ။
ဆြာထူး               ကျွန်တော့်လို ဆန္ဒရှိတဲ့သူတွေ ယုံကြည်တဲ့သူတွေ လုပ်ကြမှာပေါ့။ တစ်နည်းရှိတာက အခု ခင်ဗျားသိပြီ၊ အဲဒီကတဆင့် တခြားလူတွေ သိမြင်လာမယ်၊ သူတို့ဆန္ဒရှိမယ် ယုံကြည်မယ်ဆိုရင် ၀ိုင်းလုပ်ကြတာပေါ့။ ရွှေတွေလည်း မခေဘူးနော်၊ လျှော့မတွက်နဲ့။
ET             ကြားရတာဖြင့် ဇာတိမာန်တက်လောက်ပါရဲ့။ ထားပါတော့ဗျာ။ အဲဒီလို … ။
ဆြာထူး               ခဏလေးစောင့်ဗျာ ရဲဘော်ကြီး ကျွန်တော့်စကားမဆုံးသေးလို့။ ကျွန်တော့်မှာ မရှိတာတွေပြော ပြီးသွားတော့ ရှိတာတွေလည်း ထုတ်ပြောချင်သေးတယ်။
ET             ကြွားပါ ၊ အဲ … ပြောပါ ပြောပါ။ သိပါရစေ။
ဆြာထူး               ကျွန်တော့်မှာ စောစောကပြောခဲ့သလို ဘာမှမယ်မယ်ရရ မရှိသေးပေမဲ့ … ၊ ခေါင်းရှိတယ်။ အား လုံးနဲ့ ပေါင်းလုပ်ချင်စိတ် ရှိတယ်။ ခိုင်မာတဲ့ယုံကြည်ချက်ရှိတယ်။ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ သံဓိဌာန်ရှိတယ်။ ဒါ့အပြင် အချိန်ပြည့် ဒါပဲစဉ်းစားပြီး အားထုတ်ခိုင်းနေတဲ့ ပြင်းပြတဲ့ ဇော လည်းရှိတယ်ဗျာ။ ကဲ … ဘာလိုအုံးမလဲ။
ET             မလိုတော့ပါဘူး ကိုယ့်ဆရာ။ နောက်ဆုံးအနေနဲ့ ပြောချင်တာရှိရင်သာ ပြောပါခင်ဗျား။
ဆြာထူး                အေးဗျာ … လောကမှာ ဖြစ်သင့်ဖြစ်ထိုက်တာတွေဟာ တစ်နေ့ ဖြစ်ကိုဖြစ်လာရမှာပါ။ သေချာ ပါတယ်။ ကျွန်တော်တို့သုံးနေကျစကားနဲ့ပြောရရင် ပယောဂမှန်ရင် တုန်ဆင်းလာရမယ်ပေါ့ဗျာ။ (ဟုတ်ကဲ့။) ဒီကိစ္စမှာ ကျွန်တော့်ပြဿနာက ငွေ မဟုတ်ဘူး။ နည်းပညာ မဟုတ်ဘူးဗျ။ ပိုင်ရှင်ရဲ့ခွင့်ပြုချက်ရဖို့တောင် မဟုတ်ဘူး။ အဲဒါ တွေက ကျော်ဖြတ်နိုင်မယ်ထင်ထားတဲ့ ကိစ္စချည်းပါပဲ။ စဉ်းစားမိသလောက်တော့ မဖြေရှင်းနိုင်တာ မရှိသေးပါဘူး။ တကယ့် ပြဿနာက … အခု စိတ်ကူးဟာ ကိုယ့်ဟာကိုယ်ပဲ သစ်နေတာမျိုးလား၊ တကယ်ကော သစ်ရဲ့လား ဆိုတာ ပဲ။ ဒီမေးခွန်းကို ခုချိန်ထိ ကျွန်တော် ယတိပြတ် မဖြေနိုင်သေးဘူး။ ဒီတော့ ခင်ဗျား ဖြေပေးဗျာ။
နိုဝင်ဘာ ၁၊ ၂၀၀၉
(ပုံ – ဒီက ကူးယူပါတယ်။ ခွင့်ပြုချက် မတောင်းနိုင်ခဲ့။ http://www.skytopia.com/project/light/light.html )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts