>Mar Mar Aye – 299

> ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ် ၂၉၉

ကိန္နရာချောင်းခြား ဖြေနိုင်ပေါင်
မာမာအေး
ဒီဇင်ဘာ ၂၂၊ ၂ဝဝ၉


သောတရှင်တို့ရေ – ရှေ့မှာ ဂီတစာဆိုတော် အိမ်ရှေ့စံ မိဖုရား၊ ကနောင်မင်းရဲ့ လှိုင်ထိပ်ခေါင်တင် အကြောင်းတွေ၊ သီချင်းရဲ့နောက်ခံတွေ အတော်များများ ပြောထားပြီး ဖြစ်ပေမယ့် ကျန်ခဲ့လို့မဖြစ်တဲ့ တေးတပုဒ် ရွေးထုတ်ပြောရပါဦးမယ်ရှင်။

သီချင်းနာမည်က ‘ဖြေနိုင်ပေါင်’ လို့ ခေါ်ကြတာပေါ့။ မဟာဂီတထဲမှာ လူကြိုက်များတဲ့ ပတ်ပျိုး တပုဒ်ပါပဲ။ အလင်္ကာကျော်စွာ စောင်းဦးဘသန်းရဲ့ သင်ပြ ညွှန်ကြားမှုအောက်မှာ ‘လူ့မနှော’ နဲ့ ‘ညှင်းလေကသွေး’ ဆိုပြ အသံလွှင့်ပြီးတဲ့နောက် ဆိုခိုင်းတဲ့ တတိယမြောက် သီချင်းဟာ ‘ဖြေနိုင်ပေါင်’ ပတ်ပျိုးပါရှင်။ လက်ဦးဆရာ စန္ဒရား ရွှေတိုင်အေး အိမ်မှာ နေရင်း မဟာဂီတာ နားရည်ဝလာတဲ့ မာအေးဟာ ‘ဖြေနိုင်ပေါင်’ကို ကောင်းကောင်း ဆိုနိုင်တာနဲ့အမျှ စွဲစွဲလန်းလန်း ရင်းတွင်းပန်းသဖွယ် ခံစား သိမ်းဆည်းထားခဲ့ပါတယ်။

လေမိုးပြင်းထန် သောင်းတိုက်ညံသော်၊ မောင်ခေါ် မထူး မယ်မထူးနှင့် ကစင့်ကလျား ချောင်းရေခြားခဲ့တဲ့ သနားဖွယ်ရာ ကိန္နရီ ကိန္နရာမောင်နှံရဲ့ အလွမ်းမေတ္တာဘွဲ့ ဖြစ်နေလို့ပါရှင်။ ငယ်စဉ်ကလည်း အမကြီးမလှရွှေ ဆိုခဲ့တဲ့ ‘စန္ဒကိန္နရီ’ကို စွဲတာမျိုးပေါ့။ မာအေးကိုယ်တိုင်ကိုက လွမ်းမောရတဲ့ ခံစားချက်မျိုး ကြိုက်တတ်တယ်။ ကရုဏာမေတ္တာ ရသမျိုးကို ပေးလည်း ပေးချင်တယ်။ ယူလည်း ယူချင်တဲ့ဉာဉ် ရှိတယ်လေ။

ကိန္နရီ ကိန္နရာ ဆိုတာကို စဉ်းစားလိုက်တိုင်း ဒဏ္ဍာရီလား တကယ်လား စိတ်မှာ ဝိုးဝါး ဦးဏှောက်စားတယ် ရှင့်။ ဒါနဲ့ ပတ်သက်ပြီး လူကိုယ်နဲ့ငှက် တွဲယှက်ရေးသားတဲ့ ပုံတွေလည်း တွေ့ရ၊ သာမန်လူသား နန်းဝတ်နန်းစားတွေနဲ့ ပုံထုတ်ထားတာတွေလည်း တွေ့ရတော့ ဘာသတ္တဝါထဲ ထားရ ခေါ်ရမှာလဲပေါ့နော။ ငှက်တမျိုးမျိုး ဖြစ်မယ် ဆိုရင်လည်း လူသားတွေက ဘာဖြစ်လို့ လိုချင်မက်မက် ပေါင်းဖက်ချင်ရတာလဲ။ အင်း – ရေသူမလို ဖြစ်မှာပေါ့ လို့ပဲ အူလယ်လယ်နဲ့ အတွေးဖြတ်ရသကိုး ရှင့်။ ကိန္နရီ ကိန္နရာတွေကို မမြင် မတွေ့နိုင်သော်လည်း ရှိခဲ့တာကိုတော့ မငြင်းနိုင်ပေဘူးရှင်။ မာအေးတို့ မြတ်ဗုဒ္ဓက ပါရမီဖြည့်ဘက် ဖြစ်တဲ့ ယသော်ဓယာ ဗိမ္မာဒေဝီ မိဖုရားဟာ ဘုရားဖြစ်တဲ့ ဘဝမှာသာ သစ္စာရှိတာ မဟုတ်ဘူး၊ နုစဉ်ကာလ အလောင်းတော် ဘဝထဲက ကိန္နရာ ဖြစ်စဉ်ကပင် သစ္စာရှိတဲ့ မိန်းမမြတ် ဖြစ်ပေတယ် လို့ ဟောကြားတော်မူတဲ့အကြောင်း ပြောပြခဲ့တာ ပြန်သတိရလိုက်ပါနော်။ မာအေးတို့ မိန်းမသားများ ဖြစ်ချင်ကြတဲ့ တော်လေးဝဝင် စာရင်းမှာ ‘အမရာ’၊ ‘ကိန္နရီ’၊ ‘မဒီ’၊ ‘သမ္ဘူလ’ လို့ ခေါ်တဲ့ ဘုရားအလောင်းတော် ကိန္နရာဘဝက ကြင်ယာ သက်ထား ဖြစ်ပါတယ်။

အခု မာအေးပြောမယ် ဆိုတဲ့ ‘ဖြေနိုင်ပေါင်ပတ်ပျိုး’ ထဲက လှိုင်ထိပ်ထားရဲ့ ဇာတ်ရုပ် ကိန္နရီနဲ့ တော်လေးဝဝင် ကိန္နရီတို့ဟာ မတူပါဘူးရှင်။ တော်လေးဝ ကိန္နရီက သူ့ချစ်လင် ကိန္နရာ မျှားခလို့ မရဏလမ်း လှမ်းသည့်တိုင်အောင် မနွမးတဲ့သစ္စာ တိုင်တည်တာကြောင့် သိကြားမင်း လာဆင်းကယ်ရတဲ့ ကိစ္စပါ။ ဖြေနိုင်ပေါင် ကိန္နရီကတော့ ချစ်သူနှစ်ဦး တူပျော်မြူးတုန်း ရုန်းရင်းဆန်ခတ် လေမုန်တိုင်း အတင်းဖြတ်တာကြောင့် ချောင်းကျရေ ကမ်းတဖက်စီ တညကလေး ကွာခြားခဲ့ရတာကို ပြန်ပြီး တွေ့နေကြတာတောင်မှ နှစ်ပေါင်း ၇ဝဝ မျက်ရည်မိုးရွာ မဖြေနိုင်ရှာဘူး ဆိုတဲ့ ကိစ္စပါရှင်။ နောင်တော့ အသေးစိတ် ပြောဖို့ ကြုံဦးမှာပေါ့နော်။

ကာလပေါ် သီချင်းထဲက တယောကိုပါ ရေးစပ်တဲ့ ‘ပုံပမာ’ သီချင်းဟာလည်း ဒီ ကိန္နရာချောင်းခြား ဇာတ်လမ်းပါပဲ။ အဆိုတော် ကိုမင်းသူရဲ့ လူကြိုက်များခဲ့တဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်ရှင်။ ကဲ – ရှင်းရတာတွေ များနေလို့ သီချင်း မကြားလိုက်ရဘဲနေမှာစိုးလို့ ဆိုပြမယ် လုပ်ခါမှ မောင်နေဝါလေး ပို့ပေးထားတဲ့ တီးလုံး CD က ရှာမတွေ့။ ဒုက္ခ ဒုက္ခ ရင်မကျ ဖြစ်နေတုန်း ကံကောင်းလို့ နယူးယောက်က မောင်အောင်ဝင်း ဖုန်းဝင်လာလို့ ပြန်တီးပို့ခိုင်းခဲ့ရတယ်။ ဒါကြောင့် ချစ်ဆွေတို့ကို ဆိုပြနိုင်တာမို့ ကျေးဇူး တင်လိုက်ပါနော်။ ယူကေက မောင်ကလေး နေဝါကိုလည်း တောင်းပန်ပြီး ပြန်တောင်းရဦးမယ်ရှင်။ ဖြေနိုင်ပေါင်ရဲ့ အထွက်ကလေးကို စတင် နားဆင်ပါရှင်။

‘ဖြေနိုင်ပေါင်’ – – – တွေမှိုင်ယောင် – – ၊ တောသာတဲ့သည့် သည်မြိုင်ချောင် xxx – –

မဟာဂီတထဲက သီချင်းမို့ စစချင်း စာလုံးကို ယူပြီး ဖြေနိုင်ပေါင်လို့ ခေါ်ကြတာပါရှင်။ သီချင်း ကောက်နှုတ်ချက်လောက်နဲ့ ကျေနပ်ပါ လို့ ကြိုပြီး ပြောထားပါရစေနော်။ လိုတာလောက်ပဲ ဆိုပြပါမယ်။ အားလုံး ဆိုပြရင် ဆယ့်ငါးမိနစ်လောက်ရှိမှာမို့ပါ။

အိုပမ်းဘွယ့်သာ အိန်န္ဒာမြင့် မင်း၊ တင်းပသေလာ၊ ဘယ်ငြိုးတော် ဖန်လေသိ၊ မယ့်ကို မုန်းတယ်လေး၊ ချုန်းစွေဖွဲ့ရွာ xxx

ဒီတပိုဒ်ကတော့ ဘယ်အငြိုးနဲ့ မုန်းလို့ ချုန်းစွေ ရွာသွန်းတာလဲပေါ့ရှင်။ နောက်တပိုဒ် ဆက်နားထောင်ပါဦး။

မိုးရောလေပါ၊ သေလာ မြေပြင်စောင်းမျှလေ၊ ရှစ်တိုင်း ဝန်းအုံ၊ ရှစ်တိုင်း ဝန်းအုံ၊ သုန်သုန်လေပြေ လောင်းပါလို့လေး။

[ မူရင်း – BBC အသံလွှင့်ဌာန၊ မြန်မာပိုင်း အစီအစဉ် www.bbcburmese.com]



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts