>will you go on with your facebook?

>

သုံးစွဲသူများ လုံခြုံရေးအတွက် Facebook ပုံစံပြောင်းပြီ
မိုးမခအထောက်တော် အမှတ် ဝ၁ဝ
ဒီဇင်ဘာ ၁၁၊ ၂ဝဝ၉


(design by 010)

လူသုံးအများဆုံး လူမှုကွန်ယက်ဝက်ဘ်ဆိုက် Facebook က သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များ လုံခြုံရေးအတွက် ဗုဒ္ဓဟူးနေ့တွင် အပြောင်းအလဲများ ပြုလုပ်လိုက်သည်။

အပြောင်းအလဲများကြောင့် Facebook အသုံးပြုသူ သန်း ၃၅ဝ ကျော်သည် ၎င်းတို့၏ စာ၊ ဓာတ်ပုံ၊ ဗီဒီယိုတို့ကို ပစ်မှတ်ထားပြီး ခွဲခြား ထုတ်ပြန်နိုင်ပြီဖြစ်သည်။

သူငယ်ချင်း၊ သူငယ်ချင်း၏ သူငယ်ချင်း၊ Facebook သုံးသူအားလုံး စသဖြင့် နှစ်သက်ရာကို ရွေးချယ် ကန့်သတ်ရန် စီစဉ်ထားကြောင်း တွေ့ရသည်။

ဤအပြောင်းအလဲပြုလုပ်ရခြင်းမှာ တရှိန်ထိုး ထင်ပေါ်လာသော ပြိုင်ဘက် Twitter ကို အသာစီးရလိုသောကြောင့် ဖြစ်မည်ဟု အကဲခတ်တချို့က သုံးသပ်ကြသည်။ လူမှုရေး ကွန်ရက်တခုဖြစ်သော Twitter တွင် သုံးစွဲသူတဦးက စာရေးသား ထုတ်ပြန်ပါက ကျန် အသုံးပြုသူများထံသို့ ချက်ချင်း ရောက်ရှိနိုင်သည်။

အသုံးပြုသူကိုယ်တိုင် ပြင်ဆင်မှုများ ပြုလုပ်ရသဖြင့် အပြောင်းအလဲကို မနှစ်သက်သူများ ရှိသကဲ့သို့ လုံခြုံရေး ပိုမို စိတ်ချက်ရမည်ဟူသောအချက်ကြောင့် အပြောင်းအလဲကို ကြိုဆိုသူများလည်း ရှိသည်။

Facebook ကို တခါတရံမှသာ သုံးစွဲသူတဦးက ပြောင်းလဲမှုများနောက် လိုက်ပါခြင်း မပြုနိုင်ဟု ဆိုသည်။

“ဟုတ်လား။ တမျိုးကောင်းတာပေါ့။ အချိန်ကုန်မခံတော့ဘူး၊ ရပ်လိုက်တော့မယ်” ဟု ဘန်ကောက်မြို့မှ မြန်မာလူငယ်တဦးက ဆိုသည်။ အပြောင်းအလဲအတွက် သူ၏ စာမျက်နှာတွင် ပြင်ဆင်ရမည့် အချက်များမှာ ရှုပ်ထွေးလွန်းလှသည်ဟု သူက ညည်းပြသည်။

Facebook တွင် မိတ်ဆွေများနှင့် ဆက်သွယ်ပြောဆိုခြင်း၊ ဂိမ် ကစားခြင်းဖြင့် အချိန်များစွာ ဖြုန်းတီးနိုင်သကဲ့သို့ ဈေးကွက်ရှာဖွေရေးလုပ်ငန်းကိုလည်း လုပ်ကိုင်နိုင်သည်။

နိုင်ငံရေး လှုပ်ရှားမှုများတွင်လည်း Facebook ကို အသုံးပြုနေကြသည်။

ယခုနှစ်လယ်ပိုင်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်တွင် ရောက်ရှိနေစဉ် သူ၏ လွတ်မြောက်ရေး အတွက် ရည်ရွယ်သည့် ကွန်ယက် တခု Facebook တွင် ပေါ်ပေါက်လာရာ တရက် အတွင်း နိုင်ငံတကာမှ ထောက်ခံသူပေါင်း လေးသောင်း ကျော်သွားသည်။

facebook က အင်တာနက် မြန်နှုန်းနိမ့်သည့် ဒေသမှ ဖောက်သည်များ အဆင်ပြေရေုးကိုလည်း စီစဉ်ခဲ့ဖူးသည်။ စက်တင်ဘာလတွင် facebook Lite ဟု ခေါ်သော မြန်ဆန့် ပေါ့ပါးသည့် ဗားရှင်း တမျိုးကို ဖန်တီးပေးခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း facebook သုံးစွဲမှု သိသာစွာ များပြားလာနေသည်ဟု ရန်ကုန်မှ မိုးမခသတင်းထောက်တဦးက ပြောသည်။

Facebook သည် ၂ဝဝ၄ ဖေဖော်ဝါရီလတွင် အစပြုခဲ့ခြင်း ဖြစ်သောကြောင့် သက်တမ်း ၆ နှစ် ပြည့်တော့မည်ဖြစ်သည်။

Facebook အင်တာနက်စာမျက်နှာလုပ်ငန်းအတွက် ယခုအခါ ဝန်ထမ်းပေါင်း ၁ဝဝဝ ကျော် ခန့်ထားသည်ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တခု http://www.facebook.com/press/info.php?factsheet တွင် ရေးထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts