သားကြီးမောင်ဇေယျ ခေတ်ပြိုင်အတွေ့အကြုံ

သားကြီးမောင်ဇေယျ – သမိုင်းထဲက ရက် တရက်


Illustration – Than Htay Maung

သားကြီးမောင်ဇေယျ – သမိုင်းထဲက ရက် တရက်
(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၅

‘ဦးဇေရေ ကျနော်ပြန်လာပြီဗျာ့”

ကျနော့်နောက်ကျော ရုံးခန်းတံခါးဝ က အသံကြားလို့ လှည့်ကြည့်လိုက်တော့ လင်းဆက်အောင်။ ကျနော်တို့ DVB သတင်းထောက်။ အသားဖြူဖြူ ရွှေကိုင်းမျက်မှန် အောက်က သူ့အပြုံးက အောင်နိုင်သူ တို့ရဲ့ အပြုံး။  ခါတိုင်းလည်း သူနဲ့ကျနော် ရုံးမှာတွေ့နေကြ၊ အသွားအပြန် နူတ်ဆက်နေကြမို့ ဒီိလို နူတ်ဆက်တာမျိုးက မ’ဆန်း’ပေမယ့် ဒီလိုအချိန်၊ ဒီလိုအခါ ဒီလိုအခြေနေမှာတော့ ‘ထူး’ နေပါတယ်။

သူပြန်လာခဲ့တဲ့ နေရာက မကွေးတိုင်း။ တနည်းဆိုရရင် လမိုက်ည သန်းခေါင်ယံလို လူ့အခွင့်ရေး အလင်းရောင် လုံးဝ လုံးဝ မရှိတဲ့နေရာပါ။ သူသွားရတဲ့ တာဝန်က ရွေးကောက်ပွဲ သတင်းယူဖို့။ အထူးသဖြင့် ဒီမိုကရေစီရေး လူပ်ရှားသူတွေ ၊ သတင်းထောက်တွေကို အာဏာဓါးတ၀င့်ဝင့် နဲ့ ဘီလူးကြိမ်း ကြိမ်း လေ့ရှိတဲ့ ဦးဖုန်းမော်ရွေ ရဲ့ ရွေးကောက်ပွဲ ယှဉ်ပြိုင်တဲ့နယ်မြေပါ။

ဦးဖုန်းမော်ရွှေ အပိုင်စားနယ်မြေ ကို သူသတင်းသွားယူမယ်ဆိုကတည်းက ပိဋကတ်သုံးပုံ အကုန်လုံးရွတ်သွားဖို့ သူ့ကိုကျနော်မှာလိုက်ပါသေးတယ်။

‘အခြေအနေက ဘယ်လိုလဲ’

‘ သတင်းယူရမယ့် ဂွင်ထဲရောက်တော့ လူတွေက ကျနော့်ကို DVB ကသတင်းထောက် လင်းဆက်အောင် လာတယ်ဆိုပြီး ၀ိုင်းနူတ်ဆက်ကြတယ်။ သူတို့က ကျနော့်ကို တရင်းတနှီး နူတ်ဆက်လေ ကျနော်က ကြောက်လေပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် သတင်းယူရမယ့် မဲရုံက ဦးဖုန်းမော်ရွှေ မဲရုံလေ။ တစ်ယောက်ယောက်က ကျနော့်နောက်ကနေ အချိန်မရွှေး ခေါင်းကို ရိုက်ခွဲသွားနိုင်တယ်လေ။ ဦးဇေလည်းသိပါတယ် အခြေအနေကို’

‘သတင်းယူခွင့်ရောရှောရှောရှုရူ ရရဲ့လား’

‘ကျနော်မနက် ၅ နာရီခွဲကတည်းက မဲရုံပရ၀ဏ်ထဲရောက်နေတာ၊ မဲရုံတာဝန်ကျတွေက ဓါတ်ပုံမရိုက်ရဘူးဆိုလို့ တော်တော်အခြေအတင်ဖြစ်လိုက်သေးတယ်။ မဲရုံ ပရ၀ဏ် အတွင်းမှာ ဓါတ်ပုံရိုက်ခွင့်ရှိတယ်၊ မဲရုံထဲမှာသာ ဓါတ်ပုံရိုက်ခွင့် မရှိဘူးဆိုတာ မဲရုံတာဝန်ကျတွေ သဲသဲကွဲကွဲ သိပုံမရဘူး၊ အချိန်အတော်ကြာမှ အထက်ကခွင့်ပြုတယ်ဆိုပြီး ဓါတ်ပုံရိုက်ခွင့်ရတယ်။ ကျနော့်သတင်း နည်းနည်းနောက်ကျသွားတယ်ဗျာ’

သတင်းထောက်တိုင်းက သူတို့သတင်းကို မြန်မြန်တင်ချင်ကြတာ သဘာဝ ပါပဲ။

ကလောမြို့က သတင်းယူပြီးပြန်လာတဲ့ သတင်းထောက် ကိုစိုးသီဟ ကလည်း

‘သမ္မတ ရုံးက ၀န်ကြီးဦးတင်နိုင်သိန်း ၀င်ပြိုင်တဲ့ နယ်မြေမို့ အပြိုင်အဆိုင်ကတော့ ပြင်းထန်တယ်လို့ ဆိုနိုင်ပါတယ်။ ကျနော်စိတ် အနှောက်အယှက်ဖြစ်တာက ကျနော် ရောက်ရောက်ခြင်းပဲ အက် (စ) ဘီနဲ့ စအဖ က တောက်လျှောက် တကောက်ကောက် ကျနော့်နောက်က လိုက်နေပါတယ်။ ဆိုးတာက ကျနော်မိသားစုဝင်တွေကို ကျနော်ဘယ်ကိုသွားသလဲ၊ ဘယ်မှာအိပ်လဲ အခုဘယ်မှာလဲ ဆိုတာ မေးနေတော့ ကျနော့်မိသားစုဝင်တွေ စိတ်ပူလာတာပေါ့’

‘နောက်တခုက လမ်းပမ်း ဆက်သွယ်ရေးမကောင်းလို့ ကျနော်မသွားနိုင်တဲ့မဲရုံတွေ ရှိခဲ့တယ်။ ကလောမှာ တပ်ရင်းတပ်ဖွဲ ၁၇ ခုရှိတယ်။ တပ်မိသားစုတွေက ငါးထောင် ခြောက်ထောင်လောက်ရှိတယ်။ တပ်မတော်သားမိသားစုတွေ မဲပေးတဲ့ မဲရုံ ၂ ရုံကို ကျနော်ရောက်တယ်။ အေးဆေးပါပဲ။ ဒါပေမယ့် အရာရှိက ကြံခိုင်ဖွံဖြိုးရေးကို မဲထည့်ဖို့ ပြောလို့ ကြံခိုင်ဖွံဖြိုးရေးကို မဲထည့်ရတာလို့ ကျနော့်ကို တပ်မတော်မိသားစုဝင်တစ်ယောက်က လာပြောတာရှိတယ်။ ကြံခိုင်ဖွံဖြိုးရေးကို မဲမထည့်ချင်တဲ့သူတွေကတော့ ပယ်မဲဖြစ်အောင် တံဆိပ်တုံးကို နှစ်ခါသုံးခါ ထုလိုက်ကြတယ်လို့ ပြောကြပါတယ်။ ကြိုတင်မဲတွေကိုလည်း ကိုယ်စားထည့်တယ်ဆိုတဲ့သတင်းကြားလို့ မဲရုံကတာဝန်ရှိသူကိုမေးတဲ့အခါ တာဝန်ရှိသူက ငြင်းပါတယ်။ အများအားဖြင့် အေးဆေးပါပဲ။ ကြံခိုင်ရေး အကျီင်္ဝတ်ပြီး မဲပေးတာတွေရှိတယ်လို့ စွပ်စွဲတာတွေရှိတယ်။ တကယ်တော့ အစိမ်းရောင် အကျီင်္ဝတ်တာပါ။ ကြံခိုင်ရေးတံဆိပ်မပါပါဘူး။ အချို့တိုင်းရင်းသားတွေက မဲဘယ်လိုပေးရမယ်ဆိုတာမသိဘူး၊ အဲဒါကြောင့် အခွင့်အရေးဆုံးရူံးတာတွေရှိတယ်’

သူမျက်မှန် ကိုင်းအနက် ကိုပင့်ကာပင့်ကာနဲ့ ကျနော့်ကိုပြောပါတယ်။

မိထ္ထိလာက ရွေးကောက်ပွဲ သတင်းယူ ပြန်လာတဲ့ မခိုင်ပန်းနုပြောတာကတော့

‘ကျမသတင်းယူတဲ့နောက်ကို အက်(စ) ဘီတွေက တကောက်ကောက်လိုက်ပါတယ်။ အိမ်ကိုလိုက်ကြည့်တာတွေရှိပါတယ်။ မဲရုံမှာ မဲပုံးစောင့်ရင်း ည အိပ်ရတာရှိပါတယ်။ မိန်းကလေး အတွက်တော့ အခက်အခဲနည်းနည်းရှိတာပေါ့။ ကြံခိုင်ရေးမှာသတင်းယူရတာ သိပ်အဆင်မပြေဘူး၊ ကြိုပြောရတာရှိတယ်။ သူတို့မှာ အကြောက်တရားရှိတယ်။ အပြုသဘောဆောင်တဲ့ မေးခွန်းကိုတောင် သူတို့မဖြေရဲကြပါဘူး’

သူပြောနေကျ ပုံစံအတိုင်း မျက်စကိုချီကာ ချီကာနဲ့ ခတ်သွက်သွက်ပြောပါတယ်။ သူ့အသက်က ၂၀ ကျော်သာ ရှိသေးတာမို့ သူ့အမှုအရာရော လူပ်ရှားမှုတွေက သွက်လက်နေပါတယ်။

‘နောက်ပြီး ရွေးကောက်ပွဲ ပညာပေးတာ တော်တော်အားနည်းတယ်။ အမှားများတာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အမျိုးသားဒီမိုကရေစီအင်အားစု နှစ်ခုကို မဲပေးတာ မှားပေးမိတဲ့ သူများတယ်။ မြို့ပေါ်ကမဲတွေမှာ အဖွဲ့ချုပ်ကနိုင်ပေမယ့် ကျေးရွာဖက်ကမဲတွေမှာ ကြံခိုင်ရေးက သာပါတယ်။ အားလုံးအနေနဲ့ အဲဒီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှုံးပြီး ကြံခိုင်ဖွံဖြိုးရေးနိုင်ပါတယ်’

မိထ္ထိလာမြို့ဟာ ဘာသာရေးအဓိကရုန်းတွေဖြစ်ခဲ့တဲ့နေရာမို့ အဖွဲ့ချုပ်က ရူံးတာလို့ သုံးသပ်သူတွေပြောတာကို ကျနော် မှတ်သားခဲ့ဖူးပါတယ်။

ရန်ကုန် အရှေ့ပိုင်းခရိုင်မှာ သတင်းယူရတဲ့ ၀ါရင့်သတင်းထောက် မညိုမာသက်ကတော့

‘ကျမတို့ သတင်းဋ္ဌာကို ပြည်သူတွေက ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်းပြောရဲပါတယ်။ အဲဒါကြောင့် အင်တာဗျူးလုပ်ရတာအဆင်ပြေပါတယ်။ ရွေးကောက်ပွဲ တာဝန်ရှိသူတွေနဲ့ လည်း တွေ့ဆုံးမေးမြန်းခွင့် အလွယ်တကူရပါတယ်။ ထောက်လှမ်းရေးတွေကတော့ တကောက်ကောက်လိုက်ပါတယ်။ အရင်တုန်းကလိုပါပဲ’

‘ထူးခြားတာက မဲဆန္ဒရှင်တွေက သူတို့မဲပေးရမယ့် ကိုယ်စားလှယ် နာမည်ကို မသိကြဘူး။ အထူးသဖြင့် NLD ပေါ့နော်။ ခွပ်ဒေါင်းနဲ့ကြယ်ဖြူကိုပဲ သိတယ်’

‘ကျမသွားသတင်းယူတဲ့ မဲရုံတွေမှာ တိုင်းရင်းသားတွေအတွက် အထူးဂရုစိုက် ဆောင်ရွက်ပေးတာ တွေ့ရပါတယ်။ ကျမသိရသလောက်တော့ NLD က အနိုင်ရနေတယ်’

မညိုမာသက်ဟာ မပွင့်လင်းခင် ကာလကတည်းက ရွေးကောက်ပွဲသတင်းတွေကို DVB အတွက် စွန့်စွန့်စားစားသတင်းယူခဲ့သူမို့ အခုလိုပွင့်လင်းလာချိန်မှာ သတင်းယူရတာမို့ ခုလိုအခြေအနေမှာ သူ့အတွက် အခက်အခဲရှိတယ်လို့ မထင်တော့ပါဘူး။

က၀မြို့နယ်မှာ သတင်းသွားယူပြီးပြန်လာတဲ့ မသူသူအောင်ရဲ့ အတွေ့အကြုံက တော့

‘နယ်မှာ သတင်းရိုက်ခွင့် မပေးတာများပါတယ်။ ပါတီတွေကို အင်တာဗျူးဖို့ အခက်အခဲရှိပါတယ်။ အထူးသဖြင့် ကြံခိုင်ရေးပါတီပေါ့။ သူတို့က ဖြေခွင့်မရှိဘူးလိုပြောပါတယ်။

အင်တာဗျူးလုပ်တဲ့ အခါမှာလည်း ရဲထောက်လှမ်းရေးတွေက  အင်တာဗျူးဖြေတဲ့ ပြည်သူတွေ စောင့်ကြည့်တာတွေ၊ ဓါတ်ပုံရိုက်တာတွေရှိပါတယ်။ ဖုန်းလိုင်းမမိတဲ့ နေရာများတယ်။ အဲဒီနေရာရောက်အောင် မနည်းသွားရတယ်’

သူ့အသားတွေ နေလောင်ပြီး မဲသွားတာ ၊ သူ့ တကိုယ်လုံး လည်း အတော်သေးသွားတာကိုကြည့်ရင် သူပင်ပမ်းတာကို မှန်းလို့ရပါတယ်။

ကျနော် အခု ဆောင်းပါးရေးနေချိန်မှာ NLD က တနိုင်ငံလုံးမှာ မဲ အပြတ်အသတ်နိုင်နေပါပြီ။

ပထမ လွပ်လပ်ရေးတိုက်ပွဲတုန်းက မြန်မာပြည်သူတွေဟာ နယ်ချဲ့နဲ့ ဖက်စစ်ကို လက်နက်ကိုင်တိုက်ပွဲနဲ့ အနိုင်ယူခဲ့ပေမယ့် ဒုတိယ လွပ်လပ်ရေးတိုက်ပွဲမှာတော့ ပြည်သူတွေဟာ အာဏာရှင်ကို မဲ ပြားတွေနဲ့ အနိုင်ယူခဲ့ပါပြီ၊

သူတို့မဲပြားတွေဟာ မိုးရေစက် တွေလို တစက်ချင်း တစက်ချင်း စုစည်းကာ သမုဒ္ဓရာကြီး အဖြစ် ဖန်ဆင်းလိုက်ကြပါပြီ ။

သားကြီးမောင်ဇေယျ (၁၃-၁၁-၂၀၁၅)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts