ကဗျာ

လင်းသက်ငြိမ် – နိုဝင်​ဘာ အနီ​ရောင်

 

လင်းသက်ငြိမ် –  နိုဝင်​ဘာ အနီ​ရောင်

(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၅
ဝုန်းကနဲထပွင့်​လာတဲ့ပန်း​တွေလို
မြင်​ကွင်း​တွေထဲ အနီ​ရောင်​​တွေ
ဒုန်းစိုင်း​ပြေးဝင်​လာကြတယ်

အဆင်းရနံ့အစစ်​အမှန်​​တွေနဲ့
စိတ်​နှလုံးအညစ်​အ​ကြေး​တွေကို
သန့်​စင်​ပစ်​လိုက်​ကြ​ပေါ့…

အိပ်​မက်​လို့ ထင်​တဲ့လူဟာ
ကျွန်​စိတ်​မကုန်​​သေးတဲ့လူလို့
အလင်း​ရောင်​ထဲ သဲသဲလှုပ်​လှုပ် ​နီပြတယ်

ပန်း မခင်းထားတဲ့လမ်းမှာ
ပန်း​တွေပွင့်​တာ တရားပါတယ်
ခြေ​ထောက်​ကြားကထိုးထွက်​လာတဲ့
ပန်းပွင့်​နီနီကိုကြည့်​ရင်း ​သွေးပျက်​​နေတာ ဘယ်​သူ​တွေလဲ…
တော်​လှန်​​ရေး အ​ဆောင်​အ​ယောင်​မှန်​သမျှကို ရွံမုန်းတဲ့သူ​တွေ​လေ

လက်​သန်းတိုင်းရဲ့ အပြာ​ရောင်​​တွေကို​ ထိတ်​လှန့်​တုန်​လှုပ်​စွာ​ငေးလို့

ကန့်​လန့်​အမဲကြီးကိုစုတ်​ဖြဲပစ်​လိုက်​ကြတဲ့
နိုဝင်​ဘာ

ကြောက်​စိတ်​ကိုအပိုင်းပိုင်းခုတ်​ထစ်​လိုက်​တဲ့
နိုဝင်​ဘာ

မျိုသိပ်​ထားရတဲ့ နာကျည်းမှုကို​ဖောက်​ခွဲပြလိုက်​တဲ့
နိုဝင်​ဘာ

အနီ​ရောင်​ကို​သွေးနဲ့ပုံ​ဆောင်​ခိုင်းနှိုင်းကြ​ပေမယ့်
နိုဝင်​ဘာမှာ အဲဒီပုံရိပ်​​ဟာ​ပြောင်းသွားပြီ

မတရားမှုကိုတွန်းလှန်​တဲ့အနီ​ရောင်
တိုင်းပြုပြည်​ပြု အနီ​ရောင်
လူမှန်​​နေရာမှန် ​အနီ​ရောင်
အနီ​ရောင်​….. အနီ​ရောင်​……
သမိုင်းအသစ်​​ မွေးဖွားသန့်​စင်​ခဲ့တဲ့ အနီ​ရောင်
ငါတို့ရဲ့ နိုဝင်​ဘာ အနီ​ရောင်​။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts