ကဗျာ

သာဓုခေါ်ရန် ကြွတော်မူပါ

ကျော်မိုး (စကားဝါမြေ)
စက်တင်ဘာ ၁၂၊ ၂၀၁၂

လူ့ဘဝနေလာတဲ့ နှစ်တွေမယ်
အတွေးတွေက ဝဲလိုလယ်
အလွမ်းအဆွေးတွေက အသွယ်သွယ်
အမှန်တရားရှိဖို့က အလှမ်းဝေးနေတယ်။

အခွင့်သာလို့ လူဖြစ်ကြုံ
တွေ့ဆုံကြုံကွဲ လူမှုဝန်းကျင်ထဲ
ကန္တာရထဲကသစ်ပင်လို ကြိုးစားအသက်ရှင်
ညှိုးတစ်ခါ လန်းတစ်လှည့်
စိတ်မှာ ဒဏ်ရာများနဲ့ပြည့်ခဲ့။

အသားစားကျားနဲ့တောခွေးတွေပေါတဲ့
ဟောဒီ့ ပတ်ဝန်းကျင်
ဒို့အသက်ရှင်မှုက သားသမင်လို
အမြဲထိတ်လန့် ကျီးလန့်စာစား
ဘဝကို ခက်ခဲစွာမွေးဖွားလျှက်။

နှစ်တွေကြာဆွေးမြေ့
ဘဝရဲ့ အချိုးအကွေ့တွေများ
ငါဆိုတဲ့ အတ္တတံတားကိုခင်း
ရဲရဲကြီးလျှောက်နင်း
ဖောက်ပြန်ခြင်းစိတ်တွေသာပိုင်ခဲ့
ခြေလှမ်းတွေယိုင်နှဲ့
ယုံကြည်ချက်တွေ မဲ့လုမတတ်။

တည့်မတ်ပေးမည့်သူ အကူရှာ
ပတ်ဝန်းကျင်မှာ လူညာတွေပဲရှိ
ကျုပ်တို့က အများကောင်းစားရေးလုပ်တာပြော
“ကြက်ဆူတောမှာ မင်းမူ”
“သခွပ်ပင်က မီးတကျီကျီ”
အော်တတ်သူတွေလည်းရှိ
အမှန်တရားဆိုတာ ငတ်နေသူတွေပဲသိ
သိပ်ပညာရှိရင် ရေမျှောခံရ
အပြောမှန်က ရွာပြင်ထုတ်
ဖော်လန်ဖားတွေ အလုပ်ဖြစ်
ဆင်းရဲသားတွေကို ခုတ်ထစ်
အကုသိုလ်များသူတွေကို မိုးကြိုးမပစ်
ငတ်လို့၊ သတ်လို့၊ ရောဂါများလို့
လူတွေတဖြုတ်ဖြုတ်သေ
ခရိုနီတွေ ပိုချမ်းသာ
မသူတော်တွေ နေရာရ
ဒါ……လူ့ဘဝတဲ့လား …?။

“လဲနေသူကို ထူပေးပါ”
“အားနည်းသူကို အားပေးပါ”
“တစ်ဦးကမေတ္တာ တစ်ဦးကစေတနာ”
ကောင်းလိုက်တဲ့စကားတွေ
ကျင့်သုံးနေတဲ့လူတွေ ဘယ်မှာများရှိမလဲရှာကြည့်
စာအုပ်ထဲမှာပဲရှိဟန်တူရဲ့။

တောင်သူ၊ အလုပ်သမား၊ ပြည်သူများ
ဖေါင်စီးရင်းရေငတ်
မသေရုံစားပြီး မတ်တပ်ရပ်နေ
တိုင်းပြည်အတွက်လုပ်နေတယ်ကြွား
ပြည်သူ့ဆန်စားဝန်ထမ်းများကို ကြောက်နေရ
ရေကြီး၊ ငလျင်လှုပ်၊ မုန်တိုင်းမွှေ
သဘာဝဘေးဒဏ်တွေက နှိပ်စက်
သွေးပျက်နေတဲ့ပြည်သူ
ကူမယ့်၊ ကယ်မယ့်သူမရှိ
ဒါတွေကို စာနာမိပါရဲ့။

မသာရှိလာရင်တောင် မသင်္ဂြိုဟ်နိုင်
“ကျော်သူ” ကို လှိုင်လှိုင်ကြီးတ
ကူညီမစပါ အသနားခံ
အဲဒါ “လောကဓံ” လို့ သင်ပြောဦးမလာ …?

လေအေးစက်ထဲထိုင် လူ့မလိုင်တွေကတော့
ဘယ်ကိုယ်ချင်းစာတတ်မလဲ
ငတ်ရင် ဖား၊ ငါးရှာစား
မီးမလာ ဖယောင်တိုင်ရှာထွန်း
လုပ်ခလစာတိုးဖို့ ဝေလာဝေး
လယ်လုပ်သူ ကိုယ်ပိုင်လယ်မြေနဲ့ဝေး
တရားဥပဒေစိုးမိုးရေးက
ဓားပြသူခိုးတွေကိုပဲ ကာကွယ်ပေး
စီပွားရေးဦးတည်ချက်က
ဆင်းရဲသားတွေကိုလှောင်ပြောင်
ပညာရေးနဲ့ကျန်းမာရေးက
ကျောမွဲပြည်သူနဲ့လူငယ်တွေကိုပျယ်ရယ်ပြု
ငြိမ်းချမ်းရေးဆိုတာက
ပြည်သူတွေအိုးအိမ်ကို စွန့်ဖို့ပြု
ပြုပြုသမျှတွေကြောင့် နုခဲ့ရဘဝတွေမရေနိုင်။

မသွေမယိုင်မလဲ ဘဝတွေ မြဲနေဖို့
အတ္တ၊ မာနတွေကို ခဝါချပြီး
ကျုပ်တို့တတွေရဲ့ အသက်သွေးချွေးကို
ယုံကြည်ချက်၊ အနာဂါတ်မဲ့ သေတဲ့မသာတွေအကြောင်းပြု
ပြိတ္တာတွေကျွတ်ဖို့
ကောင်းမှုစု ရေစက်ချ အမျှပေး
ယ္ခုမနှေးပြုကြဆို့
ဂုဏ်သရေရှိလူကြီးမင်း၊ သူဌေးမင်းနဲ့
ခရိုနီအပေါင်းခင်ဗျား
ကျောမွဲများပေါင်းစု သွေးချွေးတွေကောင်းမှုပြုတဲ့
ကြီးမြတ်တဲ့အလှူပွဲ
ဆင်နွဲဖို့ကြွပါရန် နိဗ္ဗာန်ဆော်သြပါ၏။

ပရိတ်သတ်အဖုံဖုံ လူစုံကြွ
ရွာလယ်ကသုသာန်တစပြင်
ညနေရီမှောင်မှိုင်းနွားရိုင်းသွင်းချိန်
ပြည်သူရဲ့အလှူအိမ်မှာ
သွေးချွေးတွေအလှူပြု အမျှဝေတာကို
မကျွတ်မလွတ်သေးတဲ့ ပြိတ္တာကြီးများ
“သာဓု၊ သာဓု၊ သာဓု” သုံးကြိမ်ခေါ်
ကျွတ်လွတ်ပြီး ဆိုင်ရာဘုံဘဝသို့ကြွတော်မူပါ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts