>Hay Man ThaZin

>

တက္ကသိုလ်ဆရာတဦး မှာဖူးသည့် ကော်ဖီ
ဟေမန်သဇင်
ဒီဇင်ဘာ ၇၊ ၂၀၀၉
          ဒီနေ့အတန်းထဲမှာ ကျောင်းသားတွေဟာ စာသင်တာကို စိတ်မ၀င်စားနိုင်ကြဘူး။ သူတို့ရဲ့ စာမေးပွဲအဖြေလွှာတွေ ပြန်ပေးမှာဆိုတော့ အရမ်းကို စိတ်လှုပ်ရှားနေကြတယ်။ သူတို့တွေ စိတ်လှုပ်ရှားနေပုံကို တွေ့ရတော့ ဟိုးအရင်က ကျောင်းသားဘ၀ကို ပြန်ပြီး သတိရမိတယ်။
          ဟိုးတုန်းက စာမေးပွဲတော်တော်များများဟာ unseen လို့ခေါ်တဲ့ တိုက်ရိုက်ပုစ္ဆာမဟုတ်တဲ့ မေးခွန်းတွေ မေးတတ်ကြတယ်။ ဒါ့အပြင် အောင်ချက်ရာခိုင်နှုန်းကလည်း ဌာနအလိုက် ၅၀ ကနေ ၇၅၊ ၈၀ % လောက် အထိပဲ ရှိတတ်ကြတယ်။ စာမေးပွဲဖြေခါနီးမှာ ဖတ်ရှု့လေ့လာဖို့ ကျောင်းပိတ်ပေးလေ့လည်း ရှိတယ်။ အဲဒီလို ကျောင်းမပိတ်ခင်လေးမှာ ဌာနဆိုင်ရာ ဆရာကန်တော့ပွဲတွေ လုပ်လေ့ရှိတယ်။ တနှစ်တာလုံး ကျောင်းသူ ကျောင်းသားတွေအပေါ် စေတနာထား စာသင်လိုက်၊ ဆုံးမစရာ ရှိရင် ဆိုဆုံးမလိုက်နဲ့ ကျောင်းသူ ကျောင်းသားတွေအပေါ်ထားတဲ့ မေတ္တာ၊ စေတနာတွေကို ပြန်ပြီး အလေးဂရုပြု၊ ဂါရ၀ပြုတဲ့ ဆရာကန်တော့ပွဲတွေပေါ့။
          အဲဒီ ဆရာကန်တော့ပွဲတွေမှာ ဆရာတွေကို ကန်တော့ပြီးရင် ကျောင်းသားအားလုံးကို ကိုယ်စားပြုတဲ့ ကျောင်းသားတယောက်က ဆရာတွေကို ကျေးဇူးတင်စကားပြောလေ့ရှိတယ်။ အများအားဖြင့်တော့ ဆရာ ဆရာမတွေရဲ့ ဂုဏ်ကျေးဇူး စေတနာတွေကို အထူးကျေုးဇူးတင်ကြောင်းနဲ့ အမှားတွေ ရှိခဲ့ရင်လည်း ခွင့်လွှတ်ပါ ဆိုတဲ့အကြောင်းပေါ့။
          ဒါ့အပြင် အရေးကြီးဆုံးအနေနဲ့ မထည့်မဖြစ် အမြဲထည့်ပြောတဲ့ စကားလည်း ရှိသေးတယ်။ ဒါကတော့ “အကယ်၍များ ကျောင်းသားများဖက်က ကြိုးစားပမ်းစား ကျက်မှတ်လေ့လာခဲ့ပေမဲ့ အခြေအနေအကြောင်းကြောင်းကြောင့် စာမေးပွဲမှာ ခြေချော်လက်ချော် ဖြစ်ခဲ့သော် ဆရာ၊ ဆရာမများဖက်က သနားညှာတာနားလည်စွာဖြင့် အဖြေလွှာများကို သက်သက်ညှာညှာ စစ်ပေးဖို့ အနှုးအညွတ် တောင်းပန်ပါသည် ခင်ဗျား …” ပေါ။ အဲဒီလို ပြောအပြီးမှာ ဆိုရင်တော့ ကျန်တဲ့ကျောင်းသားတွေကလည်း  ခေါင်းတညိတ်ညိတ်နဲ့ ၀ိုင်းပြီး ထောက်ခံပါကြောင်း ပြလေ့ရှိကြတယ်။
          ကျေးဇူးတင်စကားပြောလို့ ပြီးရင်တော့ ဌာနမှူးပါမောက္ခက ပြန်ပြီး ဆုပေးစကား ချီးမြှင်လေ့ရှိတယ်။ ဆရာကြီးရဲ့ ချီးမြှင့်တဲ့စကားလေးတွေထဲက အမြဲတန်း သတိရစေတဲ့ စကားလေးရှိတယ်။
          ဌာနမှူးဆရာကြီးက ပြုံးပြုံးနဲ့ ပြောပါတယ်။ ကျောင်းသားတွေရဲ့ ဂါရ၀တရားကို ရှေ့ထားပြီး ဆရာ ဆရာမတွေရဲ့ စေတနာတွေကို တုံ့ပြန်တဲ့အတွက် ၀မ်းသားကြည်နူးဖြစ်ရတဲ့အကြောင်းကို ဦးဆုံးပြောပါတယ်။ ပြီးတော့မှ …
          “ဆရာ ဆရာမတွေကလည်း ကျောင်းသားတွေအပေါ် အမြဲစေတနာထားပြီး အားလုံးကို အောင်စေချင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆရာကြီးပုံပြင်လေး အဖြစ်အပျက်လေး တခု ပြောပြချင်ပါတယ်။
          တချိန်တုန်းက … တဲ့ … External ဖြစ်မယ့် ကျောင်းသားတွေကို စာမေးပွဲ စစ်ရတော့မယ်။ အဲဒီကျောင်းသားက external ဖြစ်တဲ့အတွက် ဒီစာမေးပွဲဟာ သူ့ဘ၀အတွက် အရေးကြီးဆုံးအချိန်ပေါ့။ အောင်ခဲ့ရင် တက္ကသိုလ် ဆက်တက်ရမယ်။ ကျ ခဲ့ရင် ဘာဘွဲ့မှ မရဘဲ ကျောင်းက ထွက်ရတော့မယ်။ ဒါကြောင့် ဆရာတွေ ခေါင်းချင်းရိုက်ပြီး ဒီကျောင်းသား အောင်နိုင်အောင် ဘယ်လိုမေးခွန်းမျိုး ထုတ်ကြမလဲ ဆိုပြီး တိုင်ပင်ကြသတဲ့။ ဒါပေမယ့် ကျောင်းသားက ညံ့လွန်းတာကို သိထားတော့ အတော် အကြပ်ရိုက်ကြရတယ်။
          ဒါကြောင့် သူဖြေနိုင်မယ့် အလွယ်ဆုံးမေးခွန်းလေးတခုပဲ မေးမယ်။ ဒီလိုနဲ့ အလွယ်ဆုံးမေးခွန်းလေးတခုရဖို့ ခက်ခက်ခဲခဲ စဉ်းစားလိုက်ကြတော့ ဝေါဟာရတခုကို အင်္ဂလိပ်လို ပေါင်းခိုင်းမယ်။ အဲဒီစကားလုံးဟာ နေ့စဉ်သုံး ဖြစ်ရမယ်။ အများသုံးလည်း ဖြစ်ရမယ်။ မခက်တဲ့ စကားလုံးလည်း ဖြစ်ရမယ် ဆိုပြီး ဘက်ပေါင်းစုံ ဒေါင့်စေ့အောင် လွယ်ဖို့အတွက် စဉ်းစားလိုက်ကြတာ နောက်ဆုံး “ကော်ဖီ” ဆိုတဲ့ စကားလုံးကို ရွေးလိုက်တယ်။
          ကဲ … အင်္ဂလိပ်လို ကော်ဖီကို စာလုံးပေါင်း၊ အဲဒီအထဲက တလုံးသာ မှန်ပါစေ၊ အောင်စေပေါ့။ ဒါနဲ့ အားလုံးက ၀မ်းသာအားရနဲ့ ကျောင်းသားလေးကို ခေါ်ပြီး စာလုံး ပေါင်းခိုင်းလိုက်တယ်။ အညာမှာ ကြီးလာတဲ့ ကိုယ်တော်ချော ကျောင်းသားက အညာလေသံနဲ့ အားပါးတရ ပေါင်းလိုက်တယ်။ “KARPHY !!!” (ကာဖီ) တဲ့။ …”
          ဆရာကြီးက ပြောရင်း ရယ်ရင်းနဲ့ပဲ …
          “ဆရာတို့က မင်းတို့ကို အောင်စေချင်ပါတယ်။ ဒါပေမဲ့ ကော်ဖီကို ကာဖီလို့တော့ စာလုံး မပေါင်းမိစေနဲ့ပေါ့ကွာ …” တဲ့
          ကျောင်းသားတွေက ဆရာကြီးရဲ့ ပုံပြင်ကလေးကို တ၀ါးဝါးနဲ့ ပွဲကျကုန်ပါတယ်။
          ဒီပုံပြင်လေးဟာ ခေတ်တွေ  စနစ်တွေ နေရာ ဒေသတွေ၊ အချိန်ကာလတွေ ဘယ်လိုပြောင်းပြောင်း၊ ဘယ်မှာ ဖြစ်ဖြစ် အမြဲတန်း အသက်ဝင်နေဆဲပါပဲ။
          စာမေးပွဲအဖြေလွှာစာရွက်တွေ ကျောင်းသားတွေဆီ ပြန်မပေးခင် ဒီပုံပြင်လေးကို လက်ဆင့်ကမ်း ပြောပြခဲ့ပါတယ်။ အရှေ့ရယ် အနောက်ရယ်မှ မဟုတ်၊ ဘယ်နေရာမှာ ဖြစ်ဖြစ် ကျောင်းသားဆိုတဲ့အထဲမှာ Coffee ကို Karphy လုပ်မယ့် ကျောင်းသားတွေကလဲ အစဉ်ရှိတတ်စမြဲ မဟုတ်ပါလား။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts