>Rangoon Street Journalist – News on 1st Week of Dec 2009

>

ရန်ကုန်ရှုခင်း ၊ ဒီဇင်ဘာ ပထမပတ်
လမ်းလျှောက်ဂျာနယ်လစ်၊ ရန်ကုန်
ဒီဇင်ဘာ ၆၊ ၂၀၀၉

ရန်ကုန်မြို့မီး (ပျက်) မှန်ပြီ

 ဘာကြောင့် အမေရိကန် သင်တန်းဆရာမ နှင်ထုတ်ခံရသလဲ

ရန်ကုန်မြို့မီး (ပျက်) မှန်ပြီ
          ရန်ကုန်မြို့ရဲ့ လျှပ်စစ်မီးပေးတဲ့စနစ် နိုဝင်ဘာလ တလလုံး ပျက်ချင်တဲ့ အချိန်ပျက်၊ လာချင်တဲ့ အချိန်ပြန်လာနဲ့ ဖြစ်နေရာကနေ ဒီဇင်ဘာလဆန်းထဲ ရောက်တဲ့အခါမှာတော့ “မီးပျက်တာ ‘မှန်’ သွားပြီ …” လို့ မြို့ခံတွေက နောက်ပြောင်ပြော ဆိုနေပါတယ်။
          သတင်းဂျာနယ် ၊ အင်တာနက် ၀က်ဆိုက် သတင်း အချို့ကလည်း မီးအပြည့်အ၀ ပေးတော့မည်၊ မီးအပြည့်အ၀ပေးရန် ညျွန်ကြားထား စတဲ့သတင်းတွေ ဖေါ်ပြနေကြတော့ မြို့နေလူထုအနေနဲ့ မီးပဲ မှန်တော့မလားလို့ မျှော်လင့်သူကလည်း မျှော်လင့် နေကြတာမို့လို့ တယောက်ယောက်က မီးမှန်တော့မယ်လို့ ပြောလိုက်ရင် `ဟုတ်လား၊ တကယ်လား´လို့သိချင်ဇောနဲ့ ပြန်မေးကြပါတယ်။ အဲဒီအခါမှ ပြောတဲ့သူက `ဟုတ်တယ် ပျက်တာ မှန်သွားပြီ၊ အရင်လို မဟုတ်ပဲ သူ့အချိန်နဲ့ သူပျက်တော့မယ်´ လို့ဖြေတဲ့အခါမှ ရယ်ပွဲဖွဲ့စရာ ဖြစ်သွားပါတော့တယ်။
          နိုဝင်ဘာလကုန်ပြီးနောက်ပိုင်းမှာ ရန်ကုန်မြို့လယ် မြို့နယ်တွေမှာ လျှပ်စစ်မီးကို နေ့ခင်းမှာ ၆နာရီ တောက်လျှောက် ဖြတ်ပြီး ညဘက်မှာတော့ အများအားဖြင့် အပြည့်လာလေ့ရှိပါတယ်။ နံနက် ၆နာရီ ကနေ နေ့လည် ၁၁ခွဲ၊ ၁၂နာရီထိ တပိုင်းနဲ့ နေ့လည် ၁၁ခွဲကနေ ညနေ ၅နာရီထိ တပိုင်းခွဲထားပြီး ဒီနေ့ နံနက်ပိုင်း လာရင် နောက်ရက်မှာ မွန်းလွဲပိုင်းမှာလာမယ့် သဘောပါ။
          တနှစ်လုံးမှာ တလသာရှိတဲ့ ရန်ကုန်ရဲ့ ဆောင်းရာသီ ဒီဇင်ဘာလမို့ လေအေးပေးစက်တွေ မလိုသေးပေမယ့် မီးအလင်းရောင်အတွက်၊ လုပ်ငန်းတွေအတွက် မီးစက်တွေမောင်းကြတဲ့ အသံနဲ့ ရန်ကုန်မြို့ဟာ ဆူညံစည်ကားနေပါတယ်။
          ပြည်တွင်းဂျာနယ် စာမျက်နှာများပေါ်မှာလည်း `ဘက်ထရီအိုး အရောင်းသွက်လာ၊ မီးစက်ဝယ်ယူမှုများပြားလာ ´စတဲ့ သတင်းတွေဟိုနားဒီနား တွေ့နေရပါပြီ။ မြန်မာပြည် ဂျာနယ်စာမျက်နှာတွေမှာ သတင်းကို စာဖတ်သူ (စာပေစိစစ်ရေးမှ စာဖတ်သူ) နားခံသာအောင် ရေးရပါတယ်။ မီးတွေပျက်ပြီလို့ ရေးရင် စိစစ်ရေးက စာဖတ်သူက ဖတ်ရတာ ရင့်သီးတာမို့လို့ မီးစက်ရောင်းအားကောင်းလာ ဘက်ထရီရောင်းအားတက်လာ စတဲ့ အသုံးအနှုန်း တွေသုံးပြီးနားခံသာအောင် ရေးရပါတယ်။
          အဲလိုပဲ ကုန်ဈေးနှုန်းတက်ပြီလို့ ရေးမယ့်အစား ကုန်ဈေးနှုန်းပြောင်းလဲ လို့ရေးရပါတယ်။ ဒေါ်လာနဲ့မြန်မာလဲနှုန်းမှာ ဒေါ်လာဈေးကျရင် မြန်မာငွေ တန်ဖိုးတက်လို့ ရေးရပါတယ်။
          အခုလည်း မီးပုံမှန် ပျက်တယ်ဆိုတာကို မီးပုံမှန် ဖြစ်ပြီလို့ ပြောကြရေးကြ မှာကို နားထောင်ရဖတ်ရဦးမှာပါ။
 ဘာကြောင့် အမေရိကန် သင်တန်းဆရာမ နှင်ထုတ်ခံရသလဲ
          လွန်ခဲ့တဲ့ သီတင်းပတ်က ရန်ကုန်မြို့ အမေရိကန် စင်တာမှာ အင်္ဂလိပ်စာ သင်ပေးနေတဲ့ အမေရိကန် နိုင်ငံသူ Christina ကို မန္တလေး မြို့မှာ ပြုလုပ်တဲ့ သင်တန်းအပြီး မြန်မာနိုင်ငံမှ နှင်ထုတ်ခဲ့ပါတယ်။ ဘာအကြောင်းကြောင့် တိုင်းပြည်မှ နှင်ထုတ်သလဲဆိုတာကို မသိရှိရပေမယ့် မန္တလေးမြို့မှလုပ်တဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ သင်တန်းကိုမန္တလေးမြို့မှ အန်အယ်လ်ဒီပါတီဝင် အချို့ကတက်ရောက်ခဲ့တာ ကြောင့် ဖြစ်နိုင်တယ်လို့ ရန်ကုန်မြို့မီဒီယာ အသိုင်းအ၀ိုင်းက ကောက်ချက်ချပြောဆိုနေပါတယ်။
          ယခုနှစ် ဆန်းပိုင်းမှ စတင်ပြီး မြန်မာနိုင်ငံ အမေရိကန် သံရုံးက ကြီးမှူးပြီး ပြုလုပ်တဲ့ သတင်းစာပညာ သင်တန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ သင်မယ့်သင်တန်း ဆရာကိုယ်ရေးအချက်အလက်တွေ အထိပြန်ကြားရေးဝန်ကြီးဌါန လက်အောက်က စာပေစိစစ်ရေးကို ကြိုတင်အသိပေးပြီး ဆောင်ရွက်ခဲ့တာပါ။ ဟိုယခင်ကနဲ့ မတူပဲ အတိုင်းအတာတခုအထိ ပူးပေါင်းဆောင်ရွက်တဲ့ သဘောလည်းဖြစ်ပါတယ်။
          အဲဒီနောက် မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်းအဖွဲ့ (MWJA Myanmar Writers and Journalists Association) က အမေရိကန် စင်တာနဲ့ ပူးပေါင်းပြီး သတင်းစာပညာ သင်တန်းဖွင့်လှစ်တာ ယခုဆို သုံးခုမြောက်တောင် ရှိနေပါပြီ။ အဲဒီလိုဆိုတော့ အမေရိကန် စင်တာနဲ့ မြန်မာ နအဖ အစိုးရ အကြားဆက်ဆံရေးဟာ ချောမွေ့နေပြီလားလို့ ထင်စရာပါ။
          သို့ပေမယ့် မထင်မှတ်တဲ့ အဖြစ်အပျက်တခု  ပြီးခဲ့တဲ့ မေလထဲမှာ ဖြစ်ပျက်ခဲ့ပါတယ်။ အမေရိကန် စင်တာမှာ သတင်းစာပညာ လာသင်တဲ့ ဆရာနှစ်ဦးကို မန္တလေးမြို့က အရီးတောင်းလက်ဘက်နဲ့ အကြော်စုံပိုင် တဲ့နေရာကို သွားလည်ပတ်ပြီးတဲ့အခါ မြန်မာနိုင်ငံမှ နှင်ထုတ်ခဲ့ပါတယ်။
          ရန်ကုန်မြို့မှာ စာပေနဲ့ စာနယ်ဇင်းအဖွဲ့နဲ့ အမေရိကန်စင်တာတို့ပူးပေါင်းပြီး ပြုလုပ်တဲ့ သတင်းစာပညာ သင်တန်းတွေမှာလည်း စာပေစိစစ်ရေးက ၀န်ထမ်းနှစ်ဦး၊ အက်စ်ဘီ (ရဲနှဲ့ သတင်းတပ်ဖွဲ့) ကနှစ်ဦး ထည့်သွင်းလေ့ရှိပါတယ်။ အဲလို ဘာကြောင့်ထည့်သွင်း ရသလဲဆိုရင် သင်တန်းမှာသင်တာတွေဟာ နအဖ အစိုးရကို ထိခိုက်တာ၊ နိုင်ငံရေးနဲ့ နှီးနွယ်တာ မပါဝင်ဘူးဆိုတာကို စာပေစိစစ်ရေးအဖွဲ့အနေနဲ့ရော ရဲတပ်ဖွဲ့အနေနဲ့ပါ တာဝန်ခံနိုင်အောင် ဆိုတဲ့ရည်ရွယ်ချက် ဖြစ်တယ်လို့ သင်တန်းကိစ္စ တာဝန်ယူထားသူတဦးက ပြောပါတယ်။ ဆိုလိုတာက သင်တန်းနဲ့ ပတ်သက်ပြီး အထက်ကို အစီရင်ခံစာတွေ အမျိုးမျိုးတက်ခဲ့ရင် သင်တန်းမှာ ပါဝင်တက်ရောက်နေတဲ့ တာဝန်ကျသူ အက်စ်ဘီတွေအနေနဲ့ အဖြစ်အပျက်ကို ရှင်းပြနိုင်အောင် ရည်ရွယ်တာပါ။
          အထက်ပါ အချက်အလက်တွေကို ကြည့်ရင် နအဖ အစိုးရရဲ့ ၀န်ကြီးဌါန တခုနဲ့ တခုအကြားမှာ ပူးပေါင်းဆောင်ရွက်မှု လုံးဝမရှိပဲ၊ အထက်ကလည်း အဲဒီလို ကွဲပြားနေတာကို သူ့ရဲ့ လုံခြုံရေးအတွက်သဘောကျ နှစ်ခြိုက်နေပုံပါ။
          ၂၀၀၄ ခုနှစ်မှာ ဖြုတ်ထုတ်သတ် လုပ်လိုက်တဲ့ စစ်ထောက်လှမ်းရေးခေတ် နောက်ပိုင်းမည်သည့် ထောက်လှမ်းရေး အဖွဲ့ကိုမှ အာဏာအပြည့်အ၀မပေးထား တော့ပဲ ခွဲခြားအုပ်ချုပ်ထားပါတယ်။ ဥပမာ အက်စ်ဘီနဲ့ စစ်ဘက်ရေးရာလုံခြုံရေးရာ အဖွဲ့ (စရဖ) ကိုသီးခြားစီ တာဝန်ပေးထားပြီး အောက်ခြေ၊ အလယ်နဲ့ အထက်အထိ သတင်းဖလှယ်မှု ၊ ပူးပေါင်းဆောင်ရွက်မှု မရှိကြပါဘူး။
          ယခု လတ်တလော အဖြစ်မှာလည်း အမေရိကန် စင်တာနဲ့ ပြန်ကြားရေး  ၀န်ကြီးဌါန လက်အောက်က စာပေစိစစ်ရေး အဖွဲ့တို့အကြား အတိုင်းအတာတခုအထိ နားလည်မှုယူကာ သင်တန်းပေးတာတွေ လုပ်ဆောင်ခွင့်ရ နေပေမယ့်လည်း မန္တလေးမြို့မှာ ကျင်းပတဲ့ အဖြစ်အပျက်ကို ကြံဖွံ့၊ ရဲနဲ့ စရဖ သတင်းပေးသူ တဖွဲ့ဖွဲ့က အစီရင်ခံချက် နေပြည်တော်ကို ရောက်ရှိသွားပြီး နေပြည်တော်က အမိန့်နဲ့ နိုင်ငံနှင်ဒဏ် ပေးစေခဲ့တာလို့ ရန်ကုန်မှ အကဲခတ်သူတဦးက ကောက်ချက်ချပါတယ်။
          ပြီးခဲ့တဲ့ လတွေမှာ အမေရိကန် နိုင်ငံရဲ့ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ကွတ်ကမ့်ဘဲလ် မြန်မာနိုင်ငံလာရောက်ပြီး ထိပ်ပိုင်းခေါင်းဆောင် အချို့၊ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အခြားအဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွားခဲ့ပါတယ်။ အမေရိကန်နဲ့ မြန်မာအစိုးရတို့ ဆက်ဆံရေး တော်တော်ကောင်းလာပြီလားလို့ ထင်မှတ်ခဲ့ကြပါတယ်။ သို့ပေမယ့် ယခုလို သီတင်းပတ်အနည်းငယ် အကြာမှာ အမေရိကန် နိုင်ငံသူ သင်တန်းဆရာကို နိုင်ငံက နှင်ထုတ်လိုက်တာက အံ့သြစရာဖြစ်နေပါတယ်။ အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေး ကောင်းစေချင်နေတယ်လို့ ယူဆနေကြတဲ့ အချိန်မှာ ယခုလုပ်ရပ်က အမေရိကန် သံရုံးနဲ့ စင်တာအပေါ်မှာ ယခင်ကလိုပဲ မျက်ခြေမပြတ် စောင့်ကြည့်နေဆဲဖြစ်ပြီး တစုံတရာ အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ ပတ်သက်တယ်လို့ ထင်မြင်ယူဆရင် လျင်မြန်စွာ အရေးယူဆောင်ရွက်တယ် ဆိုတာထင်ရှားနေပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts