ရသဆောင်းပါးစုံ

ငြိမ်းချမ်းအောင် – မိဘမဲ့ ဒုက္ခသည်

 
ငြိမ်းချမ်းအောင် – မိဘမဲ့ ဒုက္ခသည်
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၁၅

သားရေ ရောက်တဲ့နေရာမှာတိုင်းမှာ မိဘရှာပါလို့၊ သက်ကြီးရွယ်အိုတွေကို မိဘတွေလို သဘောထားပါလို့ အသက်တွေ မရှည်ပေမဲ့ ဒုက္ခတွေ သမုဒ္ဒရာလိုကျယ်ပြန်တဲ့ ဘ၀တွေအကြောင်းကို မှာကြားတဲ့ ကျနော့်အဖေဆိုတာလည်း ငယ်ငယ်က တည်းက စစ်ပွဲကြောင့် မိဘမဲ့သွားရတဲ့ သားတယောက်ပါပဲ။

လွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၈ ခုနှစ်စပြီး လွတ်လပ်စွာ မိဘမဲ့ဖြစ်သွားသော၊ လွတ်လပ်စွာဒုက္ခသည် ဖြစ်သွားသော လွတ်လပ်စွာ ဘ၀တွေပျက်စီးသွားရသော မြန်မာနိုင်ငံသား ဘယ်လောက်များများ ရှိကြမလဲဆိုတဲ့ အရေအတွက် ကိန်းဂဏန်းတွေကို ကျနော် ရေတွက်ကြည့်တော့ ကိုယ်တိုင်လည်း ပါဝင်နေကြောင်း လွတ်လပ်စွာ စိတ်မကောင်းခြင်းများနဲ့ အရေအတွက် တခု ထည့်ပြီး တွက်လိုက်ရသည်။

မိမဆုံးမ၊ ဖမဆုံးမဆိုတဲ့ ရိုင်းဆိုင်းတဲ့စကားလုံးကို လွတ်လွတ်လပ်လပ် အလွယ်တကူ သုံးစွဲတတ်သော မြန်မာနိုင်ငံသား များကား လူတယောက် ရိုင်းစိုင်းသည်၊ လူတယောက် ဆိုးသွမ်းသည်ဆိုလျှင် မိဘကို ခေါင်းတပ်ပြီး လွတ်လွတ်လပ်လပ်ပင် ပုတ်ခတ်ဆဲဆိုတတ်ကြသည်။ မိဘမဲ့သောကလေးတယောက်မှ လူကြီးဖြစ်လာလျှင် သူ့အတွက် မိဘဆုံးမနိုင်ဖို့ အခွင့်အရေး ကို စစ်အာဏာရှင်တွေက ဖျက်ဆီးပစ်လိုက်ပြီဆိုတဲ့ တကယ့် တရားခံအစစ် စနစ်ဆိုးကို မတွေးမိကြဘဲ။ သူတို့ကိုယ်တိုင်က စစ်အာဏာရှင်ကဲ့သို့ပင် ပြုမူဆက်ဆံနေမိကြောင်း မတွေးတတ်ကြတော့။ မိဘမဲ့ ကလေးများမှ ဆိုးသွမ်းတတ်တာ မဟုတ် ကြ မိဘရှိရဲ့သားနဲ့ ပိုမိုဆိုးသွမ်းရက်စက်ကြသော သူများအား မြန်မာနိုင်ငံသား အများစုက ကွယ်ရာမှာ မကောင်းပြောလျှင် ပြောကြလိမ့်မည်။ ရှေ့တွင်တော့ လက်အုပ်ချီပြီး အဘဟုပင် ခေါ်ဝေါ်ကြသည်မှာလည်း စနစ်ဆိုးများကြားတွင် လူတွေ ပြောင်းလဲသွားခြင်းသာ ဖြစ်လိမ့်မည်။

တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး စကားကား မှန်သင့်သလောက်တော့ မှန်ပါသည်။ လူကား သူနီးစပ်ရာ အသိုင်းအ၀န်းက သူ့ကို ကောင်းရာဘက်သို့ ဆွဲခေါ်နိုင်သလို၊ ဆိုးရာဘက်သို့ တွန်းချနိုင်သည်။ မြန်မာနိုင်ငံသားတို့ကား မဟာလူသား ဗုဒ္ဓ၏ အဆုံးအမတွေကြားမှာ ကြီးပြင်းခဲ့ရသည်။ ဘုရားရှင်က ငါ့လို ကျင့်ကြံနိုင်လျှင်၊ ငါ့လို ဘုရားဖြစ်မည်ဟု မိန့်ကြားသွားသည်။ ကျေးညီနောင် ပုံပြင်တွင် မိဘမဲ့ ကျေးညီနောင် မုန်တိုင်းကြားမှာ ကွဲကွာသွားတဲ့အခါ သူခိုးကြားတွင်ရောက်သောကျေးက လူတွေ့လျှင် သတ်ဖို့ ပြောသည်။ ရသေ့ကြီးထံရောက်သည့် ကျေးက ယဉ်ကျေးပြုငှာစွာ ဆက်ဆံသည်။ ထိုပုံပြင်ကား ငယ်ရွယ်စဉ်ကပင် ကျောင်းတွင် သင်ကြားရသည့် မြန်မာနိုင်ငံသားတို့၏ သင်ပုန်းကြီး ဖတ်စာဖြစ်သည်။ သို့သော် မြန်မာနိုင်ငံသားတော်တော်များများက စစ်အာဏာရှင်တို့၏ အုပ်ချုပ်မှု့ ယန္တရားကြီးအောက်တွင် ကြီးနိုင်ငယ်ညှင်း၊ နင်ငတ် ငါချမ်းသာ စိတ်မျိုးမထားချင်ကြပါပဲ၊ ကမ္ဘာမီးမလောင်ပေမဲ့ သားသမီးကိုပါရောင်းစားရသည့်ဘ၀မျိုး ပြောင်းလဲသွားကြသည်။ ကလေး ငယ်တို့ကား မိမဆုံးမ ဖမဆုံးမဘ၀ကို ရောက်သွားကြတော့သည်။

ကျနော် ဒုက္ခသည် ဖြစ်ခဲ့သည်။ ဒုက္ခသည် ဖြစ်ရတဲ့အတွက် ကျနော် မသိမ်ငယ်။ ကျနော် ဒုက္ခသည် ဖြစ်ရတာ စစ်အာဏာရှင် စနစ်ကြောင့် ဖြစ်သည်။ ကျနော် တောခိုသည်။ လက်နက်ကိုင်လမ်းစဉ်ကို ယုံကြည်ခဲ့သည်။ ထို့အတွက်လည်း ယဉ်ကျေးသော ခေတ်ကြီးမှာ ကျနော် နောင်တမရ။ ကျနော့်အတွက် ရွေးချယ်စရာလမ်းက မရှိ။ ၈၈ အရေးတော်ပုံကြီးမှာ အဖေက တက် ကြွစွာ ပြည်သူတွေထဲက ပြည်သူတယောက်အနေနဲ့ ပါခဲ့သည်။ အဖေ့ကို ဖမ်းဖို့ ကျနော့်ကို ဓားစာခံလုပ်သည်။ ကျနော် ထွက်ပြေးရသည်။ အသက် ၁၄ နှစ်အရွယ် ကလေးတယောက် ကျောင်းတနှစ်ပျက်ပြီး ဟိုင်းကြီးကျွန်းက ဆွေမျိုးတွေကြားမှာ ရှောင်ပုန်းခဲ့နေခဲ့ရသည်။ အသက်ကြီးလာတော့ အဖေက စိတ်မချ၊ သူယုံကြည်ရာ သူညီအစ်ကိုများရှိရာကို ပို့သည်။ ကျနော် လက်နက်ကိုင်ပြီး စစ်အာဏာရှင်ကို တိုက်သည်။ စစ်အာဏာရှင်ကို တိုက်ရင်း တိုင်းရင်းသားအာဏာရှင်များ လက်အောက် မှာ တိုက်ဆိုတိုက်၊ ပြေးဆိုရင် ပြေး အမိန့်တွေအောက်မှာ ကျင်လည်ခဲ့ရသည်။

ကျောင်းသားတပ်မတော်သား ဆိုသည့် တနိုင်ငံလုံးအရေး လုပ်ရမည့် လူငယ်တွေ ထမင်းကျွေး နေစရာပေးသည့် တိုင်းရင်း သားခေါင်းဆောင်တွေ ဘယ်တော့ဖောက်ပြန်မလဲဆိုသည့် အရိပ်အခြည်ကို ကြည့်နေရသည့် ဘ၀ကို ကျနော်မပျော်၊ တော ထဲကရသည့် ငှက်ဖျားနောက်က ဘေးထွက်ဆိုးကျိုးတွေကြား ရောဂါဘယတွေ ထူပြောလာသည်ကို ကျနော်မခံနိုင်။ ထွက် ပေါက်ဖြစ်သည့် ဒုက္ခသည်အဖြစ် ကျနော်လျှောက်ခဲ့သည်။ ကျနော် ရန်သူ့ထံ လက်နက်ချခဲ့သည့်သူတယောက်မဟုတ်။ မလုပ်ချင်တော့၍ ထွက်လာခဲ့သူတယောက်သာဖြစ်သည်။ ရင်နာစရာတွေ သိပ်မပြောချင် မင်းတို့ကို ဘယ်သူမှ တော်လှန် ရေး လာလုပ်ခိုင်းတာမဟုတ်သလို၊ မင်းတို့ ဒုက္ခသည်လျှောက်ဖို့လည်း ထောက်ခံစာမပေးနိုင်ဘူးလို့ပြောတဲ့ ခေါင်းဆောင် တချို့ကို ကျနော် ကြုံခဲ့ရသည်။ ကျနော်ချစ်သော ကိုမိုးသီးဇွန်လည်း ထိုလမ်းစဉ်ချမှတ်ခဲ့သည်။ အခြေအနေအရ သူတို့ရဲ ဘော်တွေကို ချစ်ပေမဲ့ မူအရ ပြတ်သားခဲ့ကြသည်။

မိဘမဲ့ – ဒုက္ခသည် ထိုသူများအားလုံးသည် စနစ်ဆိုးတခု၊ ပျက်စီးနေသောအသိုင်းအ၀န်းတခု၊ ပြည်တွင်းစစ်များကြောင့် ဖြစ် ပေါ်လာရသည့် အပြစ်မဲ့ ဓားစာခံများသာဖြစ်ကြသည်။ လူသားတိုင်း တန်းတူအခွင့်အရေးရှိဖို့ တောင်းဆိုလျှင်၊ တရားဥပဒေ အရ မျှတအောင် ဆောင်ရွက်ပေးဖို့က ပြည်သူရွေးချယ်သော၊ ပြည်သူက ယုံကြည်စွာ တင်မြှောက်ခဲ့သော အစိုးရတရပ်၏ တာဝန်ဖြစ်သည်။ ကျနော် တို့ သားအဖ ဆုံးရှုံးခဲ့ရသော မိဘဆုံးမနိုင်ခွင့် အခွင့်အရေး နောက်မျိုးဆက်အားလုံး အပြည့်အ၀ ရနိုင်သော မြန်မာနိုင်ငံတော်ကြီး တည်ဆောက်နိုင်ကြပါစေ။

မောင်ကြီးငြိမ်းချမ်း @ ငြိမ်းချမ်းအောင်
ဒီဇင်ဘာ ၈၊ ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts