>Maung Swan Yi – Nephrology in NY

>

“နယူးယောက် ကျောက်ကပ်ဆေးရုံသို့”

မောင်စွမ်းရည်
နိုဝင်ဘာ ၁၉၊ ၂ဝဝ၉

အောက်တိုဘာ ၁၁ ရက်၊ ဆေးရုံကို တက်ရတယ်
အရင်တခါ တက်ရတာက၊ ရန်ကုန်မှာ “ကျောက်ကပ်ဆေးရုံ”
အခုတခါ တက်ရတာက၊ နယူးယောက်မှာ “ကျောက်ကပ်ဆေးရုံ”
နယူးယောက်မှာ၊ “ကျောက်ကပ်ဆေးရုံ” မခေါ်
“ယူရိုလော်ဂျီ” တဲ့။

ဗမာပြည်မှာ ဘာသာပြန်ရင်၊ “ကျင်ငယ်ဗေဒဆေးခန်း” လို့
အမှန်းနဲ့ ဘာသာပြန်မလား၊ အရမ်းမဲ့ ဘာသာပြန်မလား
အရပ်သားခေါ်ပုံနဲ့၊ “ဆီးဆေးရုံ” ပဲ ခေါ်မလား မသိ။
သမားတော်ကိုတော့ ၊ “ယူရိုလော်ဂျစ်” တဲ့။
လူနာကိုတော့ “ယူရိုလော်ဂျာ” ခေါ်မှာလား မပြောတတ်။

နယူးယောက်မှာ
အနောက်ပြင်လား၊ မြောက်ပြင်လားမသိ
“ကွင်း” လို့ ခေါ်တွင်၊ “ဘုရင်မရပ်ကွက်” ရှိလေရဲ့။
ဘုရင်မရပ်ကွက်မှာ၊ ဗမာလဲပေါ
တရုတ်လဲပေါ၊ ကုလားလဲပေါ
မပေါတာက အမေရိကန်ပဲ။
အဲဒီ ဘုရင်မရပ်ကွက်မှာ၊ ငါနေတယ်။
ဘုရင်မရပ်ကွက်ကနေ၊ ဘရွတ်ကလင်းကို
မနက်ခင်း လမ်းရှင်းရှင်း ခပ်နွေးနွေးမှာ
ခပ်ဖြေးဖြေးနဲ့၊ ချွေးမက ကားမောင်းပို့တယ်
ချွေးမယောက်ျား၊ ငါတို့သားကတော့
ကားလဲမမောင်းတတ်၊ နွားလဲ မမောင်းတတ်
အားလဲ မအားလပ်တော့
နတ်ဒေဝါယူပါလို့၊ ပူစာနေလေရဲ့။

ကုလားထိုင်လေးလုံးမှာ၊ လေးယောက်လုံးပဲ
စုရုံးနားနေ၊ ငိုက်မလို့ ပြင်တုန်း၊
ရွှင်ပြုံးတဲ့ အဖြူမဖောင်းဖောင်း ပလုပ်ပလောင်းက
ဦးခေါင်း တညွတ်ညွတ်နဲ့
ရွှတ်ရွှတ်ရှက်ရှက်ပြောဆိုရင်း
အတွင်းကို ကြွဖို့ ငါ့ကို ပင့်ဆောင်သွားလေရဲ့။
“အင်္ဂလိပ်စကား၊ တတ်သလား” တဲ့၊
“ဘာစကားတွေ ပြောသလဲ” တဲ့။
“ဘယ်ရပ်ဘယ်ရွာ၊ ဘယ်ကလာတဲ့၊ ဘာလူမျိုးလဲ” တဲ့
ပုဆိုးကို ထမီအမှတ်နဲ့၊ စကတ်ဝတ်သလား၊ ဘာလားပေါ့။
ငါသည်ကား ဦးသန့်ရဲ့ နိုင်ငံသား၊ ဒေါ်စုရဲ့နိုင်ငံသား၊
ဗမာပြည်ဘွား၊ သာကီတပါးပေါ့၊
ဗမာစကားကို ပြောကြောင်း၊
အင်္ဂလိပ်စကားကိုလည်း ပေါင်မုန့်စား ရေသောက်
မတောက်တခေါက်၊ နည်းနည်းလောက်ပြောနိုင်ကြောင်း
ခေါင်းတကုတ်ကုတ်၊ နှာခေါင်းတရှုတ်ရှုတ်နဲ့
လျှာလိပ်သံ၊ အာထိပ်သံတွေထုတ်ပြီး
ပလုပ်ပလောင်း ပြန်ဖြေတယ်။
နားလည်ဟန်မတူပေမဲ့
သူတို့ထု၊ သူတို့ထောင်းသမျှနဲ့
သူတို့လု၊ သူတို့တောင်းသမျှကို
ကျွန်ုပ်က သဘောတူကြောင်း
လက်မှတ်ပေါင်း လေး ငါး ဆယ်ခုကို
ဘုမသိ ဘမသိနဲ့ ပေမယ့် သိလေပြီးဟန်မျိုးနဲ့
ခပ်လောလောထိုးခိုင်းတော့
ခိုင်းတိုင်းပဲ ခပ်လောလောထိုးပေးလိုက်ခဲ့တယ်။
ငါ့အသက်၊ ငါ့မွေးနေ့၊ ငါ့မွေးရပ်၊ ငါ့ရောဂါ
ငါစားတဲ့ဆေး၊ ငါမတဲ့တဲ့ဆေး၊ အကုန်မေးတယ်။
သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ လေးဘက်နာ၊ ဆီးချို
ဟိုအနာ၊ ဗိုလ်အနာတွေ၊ ငါ့မှာ မရှိ။
ဗိုက်ခွဲ၊ ရင်ခွဲ၊ ဘင်ခွဲဖူးတာ ဘာညာ ရှိမရှိ။
ကျောက်ကပ်အတု၊ နှလုံးအတု၊ အသဲအတု
တခုခု၊ အတုတပ်ထားခြင်း ရှိမရှိ
သိလိုသမျှ မေးတယ်။
မေးသမျှ ဖြေဆဲ၊ ဗမာပြည်ထဲမှာတုန်းက
ပြုံးစရာ ကဗျာတပုဒ်၊ ငါလုပ်ခဲ့တာပြန်တွေး
တရေးရေးနဲ့ပြုံးမိတယ်။
ငါ ကဗျာစပ်တာက “ကျောက်ကပ်ဆေးရုံ” တဲ့။
ဆေးရုံမှာ အကြာကြီး ဇိမ်ခံရင်း
ဆီးပြွန်တံတလျှောက်၊ ကျောက်တလုံး ဇီးစေ့အရွယ်
တလည်လည်နဲ့ ရှုပ်တာမို့၊ ဖယ်ထုတ်ဖို့ ဓားနဲ့ခွဲတာကို
“ယူရီတာရို လစ်သိုတမီ” တဲ့၊
ဒီကဗျာကို မောင်သာနိုးက၊ “ဒါမျိုးမှ မော်ဒန်” တဲ့
မလျော်ကန်သလား၊ လျော်ကန်သလား
မတော်လှန်ငြားဘဲ၊ မော်ဒန်သမား ဖြစ်ခဲ့ပေါ့
ခေတ်ကဖြင့် ထူးသလားလဲမသိ၊ ရူးသလားလဲမသိ
“မူးမိရင် ရှူစရာ”၊ မော်ဒန်ကဗျာရပကွ လို့
ညတွင်းချင်း စိတ်သန်၊ အိပ်ချိန်တန် မအိပ်ဘဲ
အင်္ဂလိပ်လိုတောင် ဘာသာပြန်ခဲ့သေးသတဲ့။

အရင် လုပ်တာက “ယူရီတာရို လစ်သိုတမီ” တဲ့။
အခု လုပ်တာက “လစ်သို ထရစ်ပစီ” တဲ့။
အရင် ဟာက၊ ဗိုက်ကိုခွဲ ဗိုက်ထဲက ကျောက်ကို ထုတ်တာ။
အခု ဟာက၊ ကျောက်ကိုခွဲ ဗိုက်ထဲမှာ ချေ၊ ရေနဲ့မျှောတာ။
အရင်တခါက –
ဆေးရုံ ဆင်းတက် တကျပ်
ဆေးထဲ့ ညင်သာ တကျပ်
အိုးထိုး ခွက်သွန် တကျပ်
ဆီးပိုက်ဖြုတ်တပ် တကျပ်
ဆီးပုလင်း ဖြုတ်တပ် တကျပ်
တောရိတ် ချုံရှင်း တကျပ်
ကိုယ့်နားသူလာ တကျပ်
သူ့နားကိုယ်သွား တကျပ်
တိုးတိုး တကျပ်၊ ကျယ်ကျယ် တကျပ်
ခြေတို့ လက်တို့ တကျပ်
မီးတခြစ် တကျပ်၊ ဆီးတညှစ် တကျပ်
ထိုင် တကျပ်၊ ထ တကျပ်
မလှုပ်က တကျပ်၊ လှုပ် တကျပ်
တကျပ် တကျပ်နဲ့၊ လာဘ် အသေးအဖွဲ
ရေးရဲသလောက်နဲ့၊ နောက်စပ်စပ်ကဗျာ
ရေးဖူးတာကို၊ ငါသတိရ၊
တပိုဒ်နှစ်ပိုဒ် တပိုင်းတစ
နှုန်းချိစရာတွေ၊ ပြုံးမိတာတွေပ။
ဟိုတုန်းက ဟိုလိုပေးရလို့
ဟိုလိုပဲ ရေးခဲ့ရ။
ဒီမှာတော့ ဘာမှ မပေးရ
ပေးချင်းပေးရင်၊ အရင်းရှင်တွေက စိုက်ပေးရပြီး
ပေးရတဲ့စရိတ်ကို၊ မယ်ဒီကိတ် တဲ့
စရိတ်မျှပေးရာ၊ ဘာမှ မလိုဘူး
ပေးပါ ဆိုရင်လဲ၊ ပေးစရာ ငွေမရှိဘူး
ပြေးစရာ သဲကန္တာရ၊ ရေခဲကန္တာတွေက
မြေမဆုံး၊ မိုးမဆုံး၊ အဆုံးမရှိ ပြေးပါဘိ။
အရင်တခါက၊ စင်မှာတင်ပြီး ဓားနဲ့ခွဲတာ
အခု တခါက၊ စက်မှာတင်ပြီး အိပ်ခိုင်း
တဒိုင်းဒိုင်းနဲ့ ထုနှက်၊ စက်နဲ့လှိုင်းပုတ်၊
လှုပ်ပြီးချေ၊ ချေပြီးချွေတာ။
အရင် တခါက၊ ချုပ်ရာနဲ့ချုပ်ရိုးနဲ့
အခု တခါက၊ ချုပ်ရာမရှိ၊ ချုပ်ရိုးမရှိ
မရှိပေမဲ့ မဲကွက် နာကျင်၊ သေချင်ဖွယ် အတိ
ဆေးပြယ်မှ မသေးငယ်တာ သိရ
တည်မိတဲ့ ကျောက်ခဲက၊ တလက်မ သာသာ
တခါနဲ့ ထုချေလို့ မကြေမမွ
နောက်လမှာ တခါခေါ်မတဲ့
သြော် – ဒုက္ခ။
ကျောက်ကပ်မှာ စွဲလာတဲ့
ကျောက်ခဲဆိုတာက၊
စိန်ခဲ၊ မြခဲ၊ ပတ္တမြားခဲ မဟုတ်
ပန်းခြင်း ကျောက်ခဲလဲ မဟုတ်
လမ်းခင်း ကျောက်ခဲလဲ မဟုတ်
ထုချေပြီး ထုတ်တော့၊ ဘာလုပ်လို့မှ မရ
သဲမွနဲ့သွေးစ၊ သေးထဲကပါရင် နာကျင်တာမို့
ဆီးရွှင်မှာ ကြောက်ကာမှ၊ သောက်စရာဆေးက
ရေအေးအေး ခြောက်ခွက်၊ ရှစ်ခွက်
တခွက်မှလဲ မလျော့ရဘူး၊ တစက်မှလဲ မလျော့ရဘူး တဲ့
ထူးထူးခြားခြား နိုင်ငံခြားပါရဂူ
ယူရိုလိုဂျစ်၊ ရေးခြစ်ပြီး ပေးရစ်တဲ့ ဆေးပေတကား။
သြော် – ဇရာ မရဏ၊ သံဝေဂနဲ့
ခါးက ဝေဒနာ၊ နားကလဲ ဇဝေဇဝါနဲ့
ခါလဲခါ၊ ကြာလဲကြာ၊ နာလဲနာလို့
ဟာလဲဟာ၊ ဆာလဲဆာသမို့
နာကျင်ခံပြင်း၊ သွားလေသူ သူငယ်ချင်းတို့ကို
ချက်ချင်းပဲ သတိရ၊ နှုတ်ကလဲ
ဒုက္ခ ဒုက္ခ နဲ့ အော်ရင်း
“သူငယ်ချင်းတို့ရေ
မင်းတို့က သေရုံသေတာ
ငါ့လောက် မနာဘူးဟဲ့” လို့
ထထဲ့ပြီး လူနာညည်းတော့
ဇနီးသည် လန့်တကြား
သူ့ယောက်ျား ရူးသွားပေါ့အထင်နဲ့
ရင်ထုပြီး ငိုကြွေးရင်ပဲ
ဆေးရုံက လူနာတွေ၊
ဝေဒနာ မတိုးရအောင်၊ တရှိန်ထိုးပြေးထွက်
ကားပေါ်ကို အပြေးတက်ခဲ့ရပါကြောင်း။ ။


မောင်စွမ်းရည်

၁၂ အောက်တိုဘာ ၂ဝဝ၉


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts