>Changing Faces in Burma

>

မျက်နှာခွဲစိတ်ပြုပြင်သူ မြန်မာပြည်တွင် တနေ့တခြား ပိုမို များပြားလာ

မိုးမခအထောက်တော်၊ ရန်ကုန်
နိုဝင်ဘာ ၂ဝ၊ ၂ဝဝ၉

လူ့အလို နတ်မလိုက်နိုင်သော်လည်း ရန်ကုန်မှ ပုဂ္ဂလိကအထူးကု ဆေးရုံများကလိုက်နိုင်ပါသည်ဟု ဆိုနေကြသည်။
ရုပ်ရှင်သရုပ်ဆောင်တချို့နှင့် ငွေကြေး တတ်နိုင်သူတချို့သည် ပိုမို ဆွဲဆောင်မှု ရှိစေရေးအတွက် ရန်ကုန်တွင်ပင် မျက်နှာ ခွဲစိတ် ပြုပြင်မှုများ ပြုလုပ်နေကြသည်။
ပြည်ပသို့ သွားရောက်ခြင်းမပြုဘဲ မြန်မာပြည်တွင်းတွင် ခွဲစိတ် ပြုပြင်နိုင်သဖြင့် ကုန်ကျစရိတ် များစွာ သက်သာသည်ဟု ရန်ကုန်မြို့ ပန်းလှိုင် ပုဂ္ဂလိကအထူးကု ဆေးရုံမှ ဆရာဝန်တစ်ဦးက မိုးမခကို ပြောသည်။
“ဆေးရုံကို လာတာကတော့ အရွယ်စုံပဲ။ အများအားဖြင့်တော့ မျက်ရစ်ဖော်ချင်တဲ့သူ၊ နှာခေါင်းပြင်ချင်တဲ့သူက အများစုပေါ့” ဟု အဆိုပါ ဆရာဝန်က ရှင်းပြသည်။

ဝိုင်းစုခိုင်သိန်း


ယခင်က နှာခေါင်းအနည်းငယ် ပြားသူ အဆိုတော်၊ သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းသည်လည်း ပန်းလှိုင်ဆေးရုံတွင် ခွဲစိတ်မှု ခံယူခဲ့သူ ဖြစ်သည်။

“ဝိုင်းစုက ငယ်ငယ်ကတည်းက နှာခေါင်းက အားနည်းတာကို အကုန်လုံးက ပြင်ခိုင်းတယ်။ သွားပြတော့ ပြင်ဖို့ရယ်လို့ မဟုတ်ဘူး။ ပန်းလှိုင်မှာ သွားပြရင်းနဲ့ ဆရာဝန်နဲ့ ဘယ်လိုပြင်ရင် ကောင်းမလဲလို့ သွားတိုင်ပင်ရင်းနဲ့ နာရီဝက်လောက် နေတော့ ခွဲလိုက်တာ” ဟူသော ဝိုင်းစုခိုင်သိန်း၏ ပြောကြားချက်ကို ဇွန်လ ၃ ရက်နေ့ထုတ် နံနက်ခင်း ဂျာနယ်တွင် တွေ့ရသည်။
နှာခေါင်း နှင့် မျက်နှာ အစိတ်အပိုင်းတချို့ ပြုပြင်ထားသူများ အနုပညာလောကတွင် အများအပြား ရှိသည်ဟု ဆိုသည်။ သို့သော်လည်း အားလုံးက လူသိရှင်ကြား ထုတ်ဖော်ပြောကြားမှု မပြုကြပါ။
အငယ်တန်းမင်းသမီးတဦးဖြစ်သူ ဆုပန်ထွာကမူ သူ၏ အပြောင်းအလဲကို လျှို့ဝှက်ထားခြင်း မရှိပေ။
“Sakura (ဆေးရုံ) က ဆရာမကို သမီးက မင်းသမီး၊ မျက်နှာ အရမ်းပြောင်းသွားလို့ မရဘူးလို့ ဘာလိုနေလဲ မေးတော့ နှာခေါင်းပြင်လိုက်၊ မျက်ခုံးလေးပါ နည်းနည်းမြှင့်လိုက် တဲ့။ သူက တာဝန် ယူတယ် ဆိုတော့ နှာခေါင်း ပြင်လိုက်တယ်။ နှာခေါင်း ပြင်ပြီးတဲ့ အချိန်မှာ မျက်ခုံး ပြင်စရာ မလိုတော့ဘူး တဲ့” ဟု ရန်ကုန်မြို့ထုတ် people မဂ္ဂဇင်းကို ပြောကြားခဲ့သည်။
“ပြင်ပြီးတော့ မှန်ပေးကြည့်တယ်။ မကြိုက်သေးရင် ပြင်ပေးဦးမယ်။ အရမ်း မြင့်နေလား။ နိမ့်နေလားပေါ့။ အဲဒီ အချိန်မှာ ထပ်မပြင်ချင်လောက်အောင်ကို နှာခေါင်းလေးက ပွတာ စောင်းတာ မရှိတော့ ကြိုက်တယ်၊ ကြိုက်တယ် သမီးကြိုက်တယ် ဆိုပြီး ဘယ်လိုပြောရမှန်း မသိအောင်ကို ကြိုက်သွားတာ။ – – – အသက်ကြီးလာလို့ ဒီပုံစံ မလိုချင်တော့ဘူး အရင်အတိုင်း ပြန်ဖြစ်ချင်တယ် ဆိုရင် ဆီလီကွန် ပြန်ထုတ်လို့ ရတယ်။ – – – သုံးလေးခါ ဆွေးနွေးပြီးမှ ပြင်တာ။ Side Effect တွေ ကြောက်လို့” ဟု ဆုပန်ထွာက ဆိုသည်။

ဆုပန်ထွာ

ရှင်ဖုန်း (ဓာတ်ပုံ – အေးဇော်မိုး၊ စက်မှု)


ထင်ရှားသည့် အဆိုတော်တဦးဖြစ်သူ ရှင်ဖုန်းကလည်း ခွဲစိတ်ပြုပြင်ထားကြောင်း people မဂ္ဂဇင်းသို့ပင် ကိုယ်တိုင် ပြောကြားထားသည်။

“ရှင်ဖုန်း နှာခေါင်း ပြင်ထားတယ်လေ။ နှာခေါင်း မပြင်ခင်က အပြင်မှာ သိပ်မသိသာပေမယ့် ဓာတ်ပုံရိုက်တဲ့အခါ၊ မိတ်ကပ်လူးတဲ့အခါမှာ သိပ် အဆင်မပြေဘူး။ ပြင်ပြီးတဲ့ နောက်ပိုင်းမှာတော့ ဓာတ်ပုံ ရိုက်ရတာရော မိတ်ကပ်လိမ်းရတာရော အားလုံး အဆင်ပြေသွားတယ်” ဟု သူက ဆိုသည်။
ပြုပြင်ထားသော်လည်း ဘေးထွက်ဆိုးကျိုးများမရှိသဖြင့် နှစ်သက်မိသည်ဟု အဆိုတော်က ပြောပြသည်။
သို့သော်လည်း ကုသမှု မခံယူမီ ခွဲစိတ်ပေးမည့်ဆရာဝန်များ၊ ဆေးရုံများ၏ ယုံကြည် စိတ်ချရမှု အနေအထားကို သေချာစွာ စုံစမ်းသင့်သည်ဟု ဆရာဝန်တဦးက မှတ်ချက်ချသည်။

မျက်နှာပြုပြင် ခွဲစိတ်မှု ခံယူကြသူမှာ အမျိုးသမီးများသာ မဟုတ်ပေ။ အပြောင်းအလဲ လိုလားသူများတွင် အမျိုးသားတို့လည်း ပါဝင်နေသည်ဟု ပန်းလှိုင်ဆေးရုံမှ ဆရာဝန်က မိုးမခကို ပြောသည်။

အမျိုးသားများက မျက်နှာ ပြုပြင်ခြင်းအပြင် အမာရွတ် ဖျောက်ခြင်း၊ လျော့တွဲနေသည့် အသားအရေကို ဆွဲတင်းခြင်း၊ ပူသောဗိုက် ချပ်သွားစေရန် အဆီထုတ်ခြင်းတို့ကို အများဆုံး ပြုလုပ်ကြသည်ဟု ဆိုသည်။ အမျိုးသား ဖောက်သည်များ တနေ့တခြား များလာသည်ဟု သိရသည်။

မြန်မာ နှင့် အာရှနိုင်ငံများတွင် လူကြိုက်များနေသည့် ကိုရီးယား ရုပ်သံ ဇာတ်လမ်းတွဲများထဲမှ သရုပ်ဆောင် အများစုသည်လည်း မျက်နှာ ခွဲစိတ် ပြုပြင်ထားသူများ ဖြစ်သည်။ ကိုရီးယား ယဉ်ကျေးမှု မြန်မာပြည်တွင် ကြီးထွားလာခြင်းကလည်း မျက်နှာခွဲစိတ် ပြုပြင်သူ များပြားလာသည့် အကြောင်းရင်းတခု ဖြစ်ဖွယ်ရှိကြောင်း မဂ္ဂဇင်း အယ်ဒီတာ တဦးက သုံးသပ်သည်။
တချို့က အိမ်နီးချင်း ထိုင်းနိုင်ငံသို့ သွားရောက်ပြီး ပြုပြင်သည်ဟု သိရသည်။ ပြည်ပနိုင်ငံများတွင် ထိုင်းရှိ ဆေးရုံများက ဈေးနှုန်း ပိုမို သက်သာသည်ဟု ဆိုသည်။
အိန္ဒြာကျော်ဇင် (ဓာတ်ပုံ – ဝဏ္ဏခွာနီး)

သရုပ်ဆောင် အိန္ဒြာကျော်ဇင်သည် လွန်ခဲ့သည့် လေးငါးနှစ်ကနှင့်မတူဘဲ ရုပ်ရည် ပြောင်းလဲလာသဖြင့် ခွဲစိတ်ပြုပြင်မှုများ ပြုလုပ်ထားဖွယ်ရှိသည်ဟူသော ယူဆချက် တချို့လည်း ထွက်ပေါ်နေသည်။ သို့သော်လည်း အိန္ဒြာကျော်ဇင်ကမူ မျက်နှာ ပြုပြင်ထားခြင်း မရှိကြောင်း ငြင်းဆိုသည်။

“မျက်နှာပြောင်းသွားတယ် ဆိုတာက အသက်ကြီးလာလို့ ပြောင်းသွားတာပါ။ အသက်အရွယ်အလိုက် ရုပ်က ပြောင်းတယ်လေ” ဟု အိန္ဒြာကျော်ဇင်က ပြောကြားကြောင်း စက်တင်ဘာ ၈ ရက်နေ့ထုတ် ပေါ်ပြူလာဂျာနယ်တွင် ဖော်ပြထားသည်။
သို့သော်လည်း သူ၏ မျက်နှာအသွင်အပြင်ကို အကယ်ဒမီ မင်းသမီးချောက စိတ်တိုင်းကျခြင်း မရှိပေ။
“အမှန်တော့ လုပ်ချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်မျက်နှာမှာ ဘာမှ စိတ်တိုင်း မကျဘူး။ ပြင်မယ် ဆိုရင် ကိုယ်က ပြင်ချင်တာတွေ အများကြီးပဲ။ ပြင်တော့ မပြင်ရသေးပါဘူး” ဟု သူက ပေါ်ပြူလာကို ပြောသည်။

၇-၁-၂ဝဝ၉ ရက်နေ့ထုတ် နံနက်ခင်း သတင်းဂျာနယ်မှ သတင်းတပုဒ်တွင် မင်းသမီးဝါဝါအောင်က ပလပ်စတစ် ဆာဂျရီ ပြုလုပ်ထားပုံကို ရှင်းပြထားသည်။

(ထိပ်ဆုံးတွင် ဖော်ပြထားသော ဝါဝါအောင်၏ ဓာတ်ပုံမှာ လျှပ်တစ်ပြက်ဂျာနယ်မှ ဖြစ်သည်။ ဝိုင်းစုခိုင်သိန်း၊ ဆုပန်ထွာတို့၏ ဓာတ်ပုံများကို အင်တာနက်စာမျက်နှာများမှ ရယူသည်၊ ဓာတ်ပုံဆရာအမည်များ မသိရပါ။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts