>The Geek – T0 Ko Zarganar – 4 Legged Election and Parliament

>

ကိုဇာဂနာ ဖတ်ဖို့ ဟာသ
ခြေလေးချောင်း ရွေးကောက်ပွဲနဲ့ လေးဘက်ထောက် လွှတ်တော်
 
ပျော်တော်ဆက်သာဂိ
မတ် ၂၁၊ ၂၀၁၀
ကိုဇာဂနာရေ …
          အရင်တုန်းကတော့ သခင်ဘသောင်းရေးတဲ့ ခြေလေးချောင်း တော်လှန်ရေးဆိုတဲ့ ဘာသာပြန် သရော်စာတပုဒ် ဖတ်ဖူးတယ်။ အာဏာရှင်ကိုလူဆိုး လူသားတွေကို ၀က်တွေက တော်လှန်ပြီး တွန်းလှန်လိုက်တာမှာ တိရစ္ဆာန်ထုကြီးတခုလုံးက တခဲနက်ထောက်ခံခဲ့ကြတဲ့ အကြောင်းလေ။

  နောက်တော့ ၀က်တွေကလည်း “တိရစ္ဆာန်တွေအားလုံး သာတူညီမျှရေး”ကနေ “၀က်တွေက တိရစ္ဆာန်အားလုံးထက် ပိုပြီး သာတူညီမျှရမည်” ဆိုတဲ့ ဆောင်ပုဒ် ပြောင်းသွားကုန်ကြတဲ့အကြောင်း၊ ၀က်တွေလည်း အာဏာရှင်တွေ ဖြစ်ကုန်ပြီးတဲ့နောက် တိရစ္ဆာန်တွေအပေါ်မှာ လူသားတွေနဲ့ ပေါင်းပြီး အုပ်ချုပ်၊ မင်းလုပ် အနိုင်ကျင့်ကုန်ကြတဲ့ အကြောင်းလေဗျာ။ ဖတ်ဖူးမယ် ထင်ပါရဲ့။

          အခုလည်း တော်လှန်ရေးဆိုတဲ့စကားလုံးက ခေတ်မစားတော့ဘူးကိုးလေ။ တော်လှန်ရေးဆိုတာက စွန့်လွှတ်၊ စွန့်စား၊ သွေးတွေ၊ ချွေးတွေ၊ အသက်တွေ၊ အချိန်တွေ၊ အင်အားတွေ ရင်းနှီးမြုပ်နှံရတယ် မဟုတ်လား အကို။ တော်လှန်ရေးဆိုတာမှာ စားရေ ရိက္ခာတို့၊ သင်တန်းလက်မှတ်တို့၊ ခရီးသွားလာခွင့်တို့၊ လက်ညိုးထိုးရာ ကိုယ့်ဥစ္စာဖြစ်တို့၊ ဂုဏ်ထူးဆောင်လက်မှတ်တို့၊ ရာထူးဌာနတို့ မပါမှတော့ ၂၁ ရာစုအ၀င်မှာ လေးနဲ့မြားကို ထားခဲ့ရုံတင်မကဘူး၊ လူတချို့ကော၊ ၀က်ကောင်တွေပါ တော်လှန်ရေး ခါးဝတ်ပုဆိုးကိုပါ ချွတ်ခဲ့ကြပြီနဲ့ တူပါရဲ့။
          ဘယ်လိုပဲ မသိချင်ယောင်ဆောင်နေခဲ့သည် ဖြစ်ပါစေ၊ ကဲ လာပါပြီဗျား … ရွေးကောက်ပွဲကြီး။ ခြေလေးချောင်းတော်လှန်ရေးဟာ အဖြေမဟုတ်ဘူးဆိုရင် ခြေလေးချောင်း ရွေးကောက်ပွဲဟာ အဖြေလို့ ဆိုကြလေတော့မလား။ အံမယ် – သခင်ဘသောင်းတောင် တက် တခေါက်ခေါက်ဖြစ်တော့မယ်။ သူ့နံမယ်ဟာ ခေတ်နောက်ကျသွားပြီး သာဂိထွင်လိုက်တဲ့ ခြေလေးချောင်း ရွေးကောက်ပွဲ ဆိုတဲ့ စကားလုံးက ခေတ်စားကုန်တော့မယ် ဆိုပြီးတော့ …
          သို့သော်လည်း ဆရာကြီးရဲ့ ဘာသာပြန်စာအုပ်ထဲက တရားကိုယ်သဘောကတော့ မပျက်ပါဘူး ဆိုတဲ့အကြောင်း ပြန်ပြီးတော့ ဖြေရှင်းရမှာပေါ့လေ။ ခြေလေးချောင်းတွေရဲ့ တော်လှန်ရေးဆိုတာ (၀က်တွေရဲ့ တော်လှန်ရေးကို ပြောတာပါ …) နောက်ဆုံးမှာ အာဏာရှင်အဖြစ်နဲ့ အဖတ်တင်သွားသကဲ့သို့ ခြေလေးချောင်းတွေရဲ့ ရွေးကောက်ပွဲဆိုတာ အဆုံးမှာလဲ အာဏာရှင်တွေ စိတ်တိုင်းကျ ဖြစ်သွားမှာပါပဲ ဆိုတာ မြေကြီးလက်ခတ် မလွဲပါ … လို့။
          ခြေလေးချောင်းလို့ ပြောရတာက ရွေးကောက်ပွဲဆိုတဲ့ ထွက်ပေါက်က ကျဉ်းလွန်း ကြပ်လွန်းလှတော့ ၂၁ ရာစုအ၀င်မှာ လေးနဲ့ မြားကို ချ၊ တော်လှန်ရေးဆိုတဲ့ ခါးဝတ်ပုဆိုးကိုပါ ချွတ်ပြီး လံကွတ်တီလောက်ပဲ ကျန်တော့တဲ့ သိက္ခာကလေး ၂ ပြားဖိုးလောက်နဲ့ အဲသည်အပေါက်ကို တိုးရတဲ့ နေရာမယ် သာမန်မတ်မတ်ရပ်ပြီး ရင်ကော့ပြီး ၀င်လို့မရတာကြောင့် အဲသည် ရွေးကောက်ပွဲ ထွက်ပေါက် ကျဉ်းကျဉ်းလေးကို လေးဘက်ထောက်ပြီး ၀င်တိုးရတဲ့ အဖြစ်ကို ပြောချင်တဲ့ သဘောပါ ကိုဇာဂနာရယ့်။
          ရွေးကောက်ပွဲဆိုတာကို မဲပေးချင်လွန်းလို့ ကျနော်တို့လည်း စောင့်မျှော်နေတာပါ ကိုဇာဂနာ။ အနှစ် ၂၀ ကြီးများတောင် ရှိခဲ့ပါပြီ။ ဒီတခါပေးလိုက်တဲ့ မဲဟာ ဟိုလွန်ခဲ့တဲ့ အနှစ် ၂၀ က မဲများလိုတော့ အဟောသိကံမဖြစ်ဘူး ဆိုတဲ့အကြောင်း အိမ်နားက ရပ်ကွက်လူကြီးက အိမ်မှာ သန်းကောင်စာရင်း စစ်ရင်းနဲ့ တရားဟောသွားသေးတယ်။
အခုချိန်ဟာ နည်းပညာခေတ်ဖြစ်နေတော့ အင်္ဂါဂြိုလ်နဲ့အမီ ခေတ်မီဖွံဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီး ဖြစ်နေတဲ့ မြန်မာပြည် ဖြစ်တဲ့အတွက်ကြောင့် လို့ သူက အာဘောင်အာရင်းသန်တော့ သာဂိက “အဘရဲ့ ကမ္ဘာနဲ့ အမီ လုပ်ပါ။ ဘယ်က အင်္ဂါဂြိုလ်တွေ ဘာတွေ ဖြစ်ကုန်တာလဲ” လို့ မေးခွန်းထုတ်မိတော့ အဲသည် ကြံ့ဖွတ်ကြီးက “ဟေ့ကောင် … အင်္ဂါဂြိုလ်မှာ မီးလာတယ်တို့၊ ရေမှန်တယ်တို့ မင်း ကြားဖူးသလား၊ အင်္ဂါဂြိုလ်မှာ အင်တာနက်တွေ မြန်နေပြီလို့ မင်း သိသလား။ ငါတို့ တပ်မတော်မြန်မာပြည်ကြီးဟာ ကမ္ဘာအဆင့်ကို ကျော်ပြီး အခြားသော ဂြိုလ်တွေလိုမျိုး ဖြစ်နေပြီဆိုတာ ဆိုလိုရင်း ဖြစ်တယ် …” လို့ ဟောက်လိုက်လို့ မောင်သာဂိလည်း အသာလေး ကုပ်နေရပါသဗျား။
အဲ … စကားက ဘယ်ရောက်သွားပါလိမ့်။ အော် သူက လွန်ခဲ့တဲ့ အနှစ် ၂၀ က မဲတွေဟာ ပြည်သူတွေက မသုံးစွဲတတ်တော့၊ စည်းကမ်းမရှိတော့ ဘယ်သူ့အတွက်မှ မဟုတ်ဘဲ အလဟသဖြစ် အကျိုးယုတ်ကုန်တယ်တဲ့။ အဲသည်မဲတွေရထားတဲ့ သူတွေကိုလည်း တပ်မတော်က လိုက်လံ ပညာပေး၊ စည်းရုံး၊ စည်းကမ်းနည်းလမ်းနဲ့ ညီညွတ်အောင် လိုက်လုပ်ရတာ အလွန်ပင်ပန်း ဆင်းရဲလှတယ် တဲ့။ တခါတခါ လက်လွန်သွားရင် အဲသည်တုန်းက အမတ်တွေ ပျက်စီး ပျောက်ပျက် ဖြစ်ကြရတယ်တဲ့။ အဲသည်တော့ သည်တခါမှာတော့ဖြင့် အရင်ကလိုမဖြစ်ကြရအောင် ကျနော်တို့ရဲ့ မဲတွေကို တပ်မတော်က သင့်တော်တယ်လို့ ကြိုတင်သတ်မှတ် ဆုံးဖြတ်ထားတဲ့ စည်းကမ်းရှိတဲ့ ငြိမ်ဝပ်ပိပြားတဲ့ ၀က်တွေ (အဲလေ) ကိုယ်စားလှယ်ကြီးတွေဆီကို လုံခြုံစိတ်ချစွာ စည်းကမ်းတကျ ရောက်ရှိသွားအောင် ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ပြောသွားတယ် ကိုဇာဂနာ ရေ …။
သူပြောတဲ့ ပုံအရဆိုရင်တော့ ကျနော်တို့တတွေက ကျနော်ဆီမှာ ရှိတဲ့ မဲလက်မှတ်တွေကို တပ်မတော်စစ်အစိုးရကြီးထံ ကြိုတင်အပ်နှံထားရမယ့် သဘောဖြစ်နေတော့ ကျနော်လည်း ကျနော်ရဲ့ မဲဆန္ဒနယ်မှာ လာရောက်ယှဉ်ပြိုင်မယ့် အမတ် သို့မဟုတ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကိုကော ကြိုတင်မသိရဖူးလား လို့ အမေးရှိမိတာပေါ့ နော်။ အဲသည်မှာ ကျနော်တို့ရဲ့ ကြံ့ဖွတ် ရပ်ကွက်လူကြီးက သာဂိကို အလွန်သနားစရာကောင်းတဲ့ သတ္တ၀ါလေး တကောင်လို အပေါ်စီးက ကြည့်ပြီးတော့ “အစိုးရ ရှိနေမှန်းတောင် မသိရတဲ့ အစိုးရဟာ တိုင်းပြည်အတွက် အကောင်းဆုံး အစိုးရ ဖြစ်တယ်ဆိုတာ မင်း မသိဘူးလားကွာ …” ဆိုပြီး အော်ဟစ် မြည်တမ်းတော့တာပါပဲဗျာ။
တပ်မတော်ကြီးက ကျနော်တို့အပေါ်မှာ စည်းကမ်းနည်းလမ်းတကျ မေတ္တာ ဂရုဏာ စေတနာများစွာ ထားပြီးသကာလ အဲသည် ရွေးကောက်ပွဲကြီးက ပေါ်ထွန်းလာမယ့် အမတ်မင်းများနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ပြည်သူလူထု မျက်မှောက်မှာ ရှိနေမှန်းတောင် မသိရအောင် ဖန်ဆင်းထားပြီး သာယာဝပြောအောင် လုပ်ထားမယ်ဆိုတဲ့အကြောင်း … အင်္ဂါဂြိုလ်နဲ့တောင် ရင်ဘောင်တန်းနိုင်တဲ့ ခေတ်မီသူကြီးက ရှင်းပြလိုက်တော့တာပါပဲ ကိုဇာဂနာ။
ကျနော်တို့အတွက်ကတော့ အားရှိစရာတွေချည်းပဲ အကိုရေ။ တပ်မတော်ကြီးရဲ့ ခြေလေးချောင်း ရွေးကောက်ပွဲကြီးပြီးသွားရင် ရှိနေမှန်းတောင် မသိရတဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေတဆင့် အကိုတို့ကို အကျဉ်းထောင်ထဲကနေ လွှတ်ပေးဖို့၊ လွှတ်မပေးသေးရင်လည်း အင်္ဂါဂြိုလ်တို့ ဘာတို့က ထုံးတမ်းများနဲ့အညီ ဂြိုလ်တုစလောင်းများ တပ်ဆင်ခွင့်၊ အင်တာနက်သုံးခွင့်၊ ဒီထက်ပိုပြီး စေတနာရှိခဲ့ရင်လည်း ထောင်ပြင်က မိသားစုများကိုပါ ထောင်တွင်းသို့ ပြောင်းရွှေ့နေထိုင်ခွင့် စသည့် အခွင့်အရေးတွေ ပေးပြီး ခေတ်မီဖွံဖြိုးတိုးတက်သော စည်းကမ်းရှိတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ် ချီတက်ဖို့ ဘယ်သူ ဘယ်ဝါကို လိုက်လံပြောဆို တောင်းပန်ရမလဲတောင် မသိတော့ပါဘူး အကိုရယ်။
အော … ရပ်ကွက်က ကြံ့ဖွတ်လူကြီးတောင် မသိသေးတဲ့ တပ်မတော်ဘုရင်မင်းတြားကြီး ဗိုလ်သန်းရွှေရဲ့ အကြံအစည်ကိုတော့ မောင်သာဂိက သိထားသဗျ။ အဲဒါကိုတော့ သတင်းပေးလိုက်ပါရစေဦး။ အဲသည် ခြေလေးချောင်းရွေးကောက်ပွဲကြီးက တင်မြှောက်လိုက်တဲ့ လွှတ်တော်ကြီးရဲ့ အမည်သစ်က – “လေးဘက်ထောက် လွှတ်တော်” တဲ့ခင်ဗျ။
ခြေလေးချောင်းတွေကို ရွေးကောက်ထားမှတော့ လေးဘက်ထောက်လွှတ်တော်ကြီးပေါ့လို့ ပြောချင်လည်း ပြောပေါ့ဗျာ။ တကယ်ကတော့ ဗိုလ်သန်းရွှေက သူအပင်ပန်းခံ တည်ဆောက်ထားတဲ့ ကြပ်ပြေး နေပြည်တော်ကြီးနဲ့ အဲသည်က ကြပ်ပြေးနေပြည်တော်လွှတ်တော်ကြီးတခုလုံးကို အဲသည်က အမတ်မင်းကြီးတွေကို စေတနာ ၃ တန် ပြဋ္ဌာန်းပြီး ပေးအပ် စွန့်လွှတ်ခဲ့မှာ တဲ့ဗျ။
သူတို့တပ်မတော်မင်းဆက်နဲ့ အသိုင်းအ၀ိုင်းအားလုံးကတော့ သူတို့ချင်း ကုလားဖန်ထိုးပြီး မောင်ပိုင်စီးထားတဲ့ မြို့တော်ရန်ကုန်ကြီးမှာ တခမ်းတနား ပြန်လည် ကြွချီ သိမ်းပိုက် နေထိုင်ကြတော့မှာတဲ့ ခင်ဗျား။ မန္တလေးနဲ့ ရတနာပုံ ပြင်ဦးလွင် နန်းမြို့တော်ကြီးတွေမှာလည်း အသီးသီး အသက အသက ခွဲခြမ်းစိတ်ဖြာပြီး ခံစား စံစားနေကြဦးမှာ ဖြစ်ပါတယ် တဲ့။
တပ်မတော်ဟာ သူတို့စိတ်တိုင်းကျ တည်ဆောက်ထားတဲ့ နေပြည်တော်၊ အခြေခံဥပဒေနဲ လွှတ်တော်ကြီးကို စည်းကမ်းတကျ၊ စနစ်တကျ ပေးအပ်ချမှတ် လွှဲအပ်တော့မယ်ဆိုတာကို အတွင်းလူတွေတောင် သေချာမရိပ်မိသေးတော့ ဒီစာကို ခိုးဖတ်မိတဲ့ ထောင်ဝန်ထမ်း ထောက်လှမ်းရေးကတော့ ရင်သပ်ရှုမော ဖြစ်ကုန်တော့မှာပဲ။
ဟိုးအရင်ကတည်းက ပညာရှင်ကြီးတွေက ဒီကြပ်ပြေးဒေသဟာ မြန်မာပြည်ရဲ့ ငလျင်ကြောကြီးဖြစ်တယ် ငလျင်ဗဟိုချက်ကြီးဖြစ်တယ် ဆိုတာ ဟောခဲ့ ပြောခဲ့ပြီးသား ဖြစ်တယ် မဟုတ်လား ကိုဇာဂနာ။ မင်းတြားကြီး ဗိုလ်သန်းရွှေကလည်း ဒီယုံမြင်လို့ ဒီခြုံထွင်ခဲ့တာဆိုတာ အခုတော့မှ ခင်ဗျားတို့ ရိပ်မိကြပြီ မဟုတ်လား။ အခု ၂၀၁၀ မှာ  အမြန်ဆုံးနည်းနဲ့ ခြေလေးချောင်း ရွေးကောက်ပွဲကြီးကို ကျင်းပ၊ ပြီးတာနဲ့ အမတ်မင်းများကို ကြပ်ပြေးနေပြည်တော်က လွှတ်တော်ကြီးထဲကို ထည့်လိုက်တဲ့အခါမှာ လွှတ်တော်ထဲက အမတ်မင်းတွေမှာ အရေးတကြီး ပထမဦးဆုံး လုပ်စရာကတော့ လေးဘက်ထောက်လိုက်ဖို့ပဲ ဖြစ်တယ်လေ အကို …
ဟို ငလျင်ဒဏ်က ကာကွယ်ရေး လမ်းညွှန်ထဲမှာ ပါတယ် မဟုတ်လား။ ငလျင်လှုပ်ခဲ့သော် စာပွဲအောက်၊ ခုံများအောက်သို့ ၀င်ရောက် ပုန်းခို၍ အကာအကွယ်ယူပါ လို့ ဆိုထားတော့။ ကျနော်တို့ ခြေလေးချောင်း ရွေးကောက်ပွဲက အမတ်မင်းများဟာ လွှတ်တော်ကြီးရဲ့ စာပွဲတွေ ကုလားထိုင်တွေအောက်မှာ လေးဘက်ထောက်လို့ ငလျင်ဒဏ်က ကာကွယ်ရေး လေ့ကျင့်နေကြတာ မြင်ယောင်မိလို့ “လေးဘက်ထောက်လွှတ်တော်” လို့ သမုတ်လိုက်မိတာပါ ခင်ဗျာ။
ကဲ … ကိုဇာဂနာရေ … တပ်မတော်ရဲ့ လွှတ်တော်ကြီးထဲမှာ သူတို့ကို လေးဘက်ထောက်ပြီး ထားရစ်ခဲ့ ပေါ့ …

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts