>new journals in Rangoon

>

ဂျာနယ် စာစောင် အသစ်များ ထပ်မံထွက်ရှိ
သန်းစိုးလှိုင်
အောက်တိုဘာ ၁၆၊ ၂၀၀၉


အာဏာပိုင်တို့က ဂျာနယ်ထုတ်ဝေခွင့်အသစ်များ မကြာမီက ခွင့်ပြုလိုက်ရာ သတင်း၊ အားကစား၊ နည်းပညာ၊ ဘာသာရေး စသည့် ဂျာနယ်အမျိုးအစားများ ပါဝင်သည်ကို တွေ့ရသည်။

အပတ်စဉ်ထုတ် ဂျာနယ်လိုင်စင်သစ် အရေအတွက် ဒါဇင်နှင့်ချီ ထုတ်ပေးခဲ့သော၂၀၀၆ ခုနှစ်၏ နောက်ပိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ယခုလပိုင်း အတွင်း ထွက်ရှိလာသည့် ဂျာနယ်များ အနက် Computer User (ကွန်ပျူတာ သုံးစွဲသူများ လမ်းညွှန်) နှင့် Net Guide တို့သည် နည်းပညာ နှင့် ပတ်သက်သည့် ဂျာနယ်များ ဖြစ်သည်။

လအနည်းငယ်အတွင်း သတင်းဂျာနယ်များဖြစ်သည့် Yangon Monitor , Star News နှင့် Envoy News တို့ ထွက်ပေါ်လာတော့မည်ဟု သိရသည်။

အားကစား ဂျာနယ် ဖြစ်သည့် 1 Line Up ကိုလည်း လျှပ်တပြက် ဝိုင်းတော်သားများက ထုတ်ဝေရန် ပြင်ဆင်နေသည်ဟု ဆိုသည်။

မကြာမီသေးမီက The Myanmar Post, Venus News, ဖေးဘရိတ်နယူးစ် တို့အပြင် သတင်းတပ်ဖွဲ့မှ ထုတ်ဝေသည့် နွယ်သာကီ သတင်းဂျာနယ်တို့ ထွက်ပေါ်ခဲ့သည် ကိုတွေ့ရသည်။ ၂၀၀၅-၆ ခုနှစ်များကကဲ့သို့ ဂျာနယ် ထုတ်ဝေခွင့်ကို မည်သူမဆို လျှောက်ထားနိုင်သည့် အခြေအနေမျိုး မဟုတ်တော့ပေ။ ပြန်ကြားရေး ၀န်ကြီးဌာနက စိတ်ချယုံကြည်ရသူ၊ နီးစပ်သူများကို ခွင့်ပြုသည့် သဘောမျိုး ဖြစ်သည်ဟု ဂျာနယ်လောကတွင် ကောက်ချက်ချ ပြောဆိုနေကြသည်။

လာမည့်နှစ်တွင် ကျင်းပမည်ဟု ဆိုထားသည့် ရွေးကောက်ပွဲကို အမှီပြုပြီး ထုတ်ဝေမည့် သတင်းဂျာနယ်များလည်း ရှိနေသည်။ ဂျာနယ်ထုတ်ဝေခွင့် လျှောက်ထားသူများ အနက်မှ ရွေးကောက်ပွဲကို ထောက်ခံရေးသားသူများကိုသာ ထုတ်ဝေခွင့် ချပေးလိမ့်မည်ဟု မီဒီယာလောကသားများက ဆိုသည်။

နအဖ စစ်အစိုးရသည် ၂၀၀၆ခုနှစ်နောက်ပိုင်း မီဒီယာကို မီဒီယာနှင့် တိုက်ရမည် ဟူသည့် ဆောင်ပုဒ်ကို ကိုင်စွဲကာ ပြည်တွင်း ပုဂ္ဂလိကမီဒီယာများကို အသုံးချပြီး ၀ါဒဖြန့် ဆောင်းပါးများ မထည့်မနေရ ထည့်သွင်းစေခြင်း၊ ပြည်ပ အခြေစိုက် ရုပ်သံနှင့် ၀က်ဆိုက် သတင်းမီဒီယာများအား ပြည်တွင်း ပုံနှိပ် မီဒီယာများဖြင့် ပြန်လည် တုံ့ပြန်စေရန် ကြိုးစားခြင်း တို့ကို လုပ်ဆောင်ခဲ့သည်။

သို့ရာတွင် မြန်မာနိုင်ငံသား အများစုမှာ ပြည်ပ အခြေစိုက် မြန်မာဘာသာဖြင့် လွှင့်ထုတ်သည့် ရေဒီယိုကို စွဲစွဲမြဲမြဲ နားဆင်နေကြသည်ကို တွေ့ရသည်။ ပြည်တွင်းမှ တဦးချင်း အင်တာနက်သုံးစွဲသူများ၊ ပုဂ္ဂလိက ကုမ္ပဏီ ၀န်ထမ်းများ နှင့် တချို့သော အစိုးရ၀န်ထမ်းများလည်း အင်တာနက်ပေါ်မှ မြန်မာဘာသာ သတင်းဝက်ဆိုက်များကို နေ့စဉ်လိုလို ဖတ်ရှုလျက်ရှိကြသည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts