>Mar Mar Aye – 290

>“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၂၉ဝ)

အမေမြိုင်နိဂုံး
မာမာအေး

အောက်တိုဘာ ၁၈၊ ၂ဝဝ၉

“ – – – ဌာနအသီးသီးကို ကွပ်ကဲရတဲ့ လူကြီးလုပ်စားနေကြတဲ့သူတွေကြောင့် အစားထိုး မရနိုင်တဲ့ သူတွေ၊ ပညာရှင်တွေ အပေါ် ဒီလို အန္တရာယ်မျိုး မကျရောက်စေချင်လို့ ပြောဖြစ်တာပါ – – – ”


သောတရှင်များ ကျန်းမာတော်မူကြပါစ ရှင်။ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ – – ပြီးခဲ့တဲ့တပါတ်က အဆိုတော်ကြီး မေလှမြိုင်ဟာ ခုခေတ်ဆိုရင် ရှေ့တန်းလို့ ပြောရမယ့် ပြည်တွင်းစစ်ပွဲ ဖြစ်နေတဲ့ နေရာတွေ အလင်းဝင်ပွဲတွေ အထိ လိုက်ပါ ဖျော်ဖြေ တာဝန်ကျေခဲ့ရှာတယ်။ လက်ဝဲ လင်္ကျာတို့ ကြားညပ်တာလဲ ခံရတယ်။ နိုင်ငံကလဲ အသိအမှတ် ပြုတန်တာ ပြုပါတယ် လို့ ပြောပြခဲ့တာပါရှင်။

မာအေးတို့ချင်း ဆုံရတာကတော့ စိတ်ဓာတ်စစ်ဆင်ရေးတပ်က အရပ်သား အရာခံဗိုလ်(ပ) အဆင့်နဲ့ ဒုတိယမြန်မာပိုင်း အစီအစဉ်လို့ ခေါ်တဲ့ အသံလွှင့်ဌာနခွဲမှာ တာဝန် ချထားခဲ့လို့ပါ။ ရောက်နှင့်ပြီးဖြစ်တဲ့ အမေမြိုင်နဲ့ တွေရပြီပေါ့။ ဦးလေး ဂီတာတင်အုန်းနဲ့ ညီမတော်တဲ့ အဆိုတော် ခင်သိန်းဆွေ တို့လဲရှိကြပါတယ်။ သူတို့ကိုတော့ ဂီတာတင်အုန်းအဖွဲ့ အသံလွှင့်ဖို့ သီချင်းတိုက်တဲ့အခါ ဖေဖေနဲ့ လိုက်လိုက်သွားတာနဲ့ သိပြီးသား ဖြစ်နေပါတယ်။ အသက် သိပ်မကြီးသေးပေမယ့် ဘီးကျော့ပတ်ဆံထုံးနဲ့ ဆေးပေါ့လိပ်နဲ့ သနပ်ခါး အဖွေးသားနဲ့ မျက်နှာမော့မော့နေတတ်တဲ့ မေလှမြိုင်ကို သူတို့တခန်းလုံးက ချစ်စနိုးစွာ အမေမြိုင်လို့ဘဲ ခေါ်ခဲ့ကြလေတော့ မာအေးကလည်း အမေမြိုင်ပဲပေါ့။ သူ အခေါ်ခံရတဲ့ အမေဂုဏ်နဲ့ အညီလဲ နေတတ်တယ်ရှင့်။ အချင်းချင်းရဲ့ သောကဒုက္ခကိုလဲ ကူညီ ပါဝင် ခံစားတတ်တဲ့မြိုင်လို့ ပြောရမယ့် သူပါရှင်။

မာအေးတို့ အလုပ်က ဇာတ်လမ်းတွေမှာ သရုပ်ဆောင် ပြောပေးတာ၊ စာမူ ရေးပေးတာ၊ အသံလွှင့် အစီအစဉ်တွေ ကြေညာပေးရတာကတော့ ပိုများတာပေါ့။ အသံလွှင့်တဲ့အခါ On Air ဆိုတဲ့ စာတန်းကလေးကို စက်ခန်းထဲက စက်ဆရာက ဖွင့်ပေးလိုက်မှ ကြေညာတဲ့သူက ကြေညာရတာကိုးရှင့်။ သီချင်းဖြစ်ဖြစ်၊ အစီအစဉ် တခုခုဖြစ်ဖြစ် အဖွင့်ကို တခါပြော၊ ပြီးသွားရင် အပိတ်သဘော တခါ ပြောရပါတယ်၊။ ဘယ်လောက်ပဲ ပြောတဲ့ အသံလွှင့်တဲ့ အတွေ့အကြုံရှိရှိ On Air မီးကလေး ဖြတ်ကနဲ ပွင့်တာနဲ့ ရင်ထဲမှာ ဒိတ်ခနဲ လှပ်သွားတာကို ခံစားကြရတဲ့သူချည်း ပါဘဲ။ ပြောတာမှားများသွား ရင်လဲ ခေါင်းကို အကြီးကြီး ဖြစ်သွားတာမျိုး ရှင့်။ မာအေးတို့ အားလုံး ဒီလိုဘဲ ခံစားကြရပါတယ်။ အမေမြိုင်ကတော့ လုံးဝ မဖြုံဘူး။ တကယ့်ကို မတုန်လှုပ်တာ။ မှားလဲမှားပေါ့ ဘာတတ်နိုင်တာ မှတ်လို့ ဆိုတာလို ခပ်တည်တည်ဘဲ၊ အလွန်ရဲတဲ့ အမေပါ။

တနေ့တော့ သူ အစီအစဉ်တခု မှားခဲ့ပါတယ်။ အဲဒီနေ့က မွန်းတည့် ၁၂ နာရီ မကြေညာခင် သီချင်းမဒေသာ အသံ လွှင့်ရမယ့်အစား အဲဒါရဲ့ နောက်မှ လွှင့်ရမယ့် အစီအစဉ် တခုကို ကျော်ပြီး လွှင့်ချလိုက်တာပါ။ ဒီတော့ မွန်းတည့် ၁၂ နာရီ ရှိပါပြီ ဆိုတာ ကြေညာရတဲ့ အချိန်မှာ အစီအစဉ်က မပြီး မပြတ် ဖြစ်သွားတာမို့ နည်းနည်းတော့ အရုပ် ဆိုးတာပေါ့လေ။

၁၉၇၃ ခုနှစ် သြဂုတ်လ (၁၂)ရက်နေ့က မာအေး ခွင့်ရက်ရှည် ယူပြီး ရုံးတာဝန် ထမ်းဖို့ရာ ပြန်လာတော့ အမေမြိုင် ဆီက ပြန်လွှဲရမှာမို့ အသံလွှင့်ရုံကို မွန်းလွဲ (၂) နာရီ လောက်က ရောက်သွားတဲ့ အခါမှာ အမေမြိုင်က ‘ ဒီနေ့ ငါထီပေါက်တယ်အေ့၊ ညွှန်ချုပ်က နောက်ဆုံး သတိပေးတာတဲ့၊ ခေါ် ကျိန်းတာပေါ့အေ။ ငါ့တသက်မှာ ဒီအမိန့်မျိုး ဒီအသံမျိုးနဲ့ ဒီလို ဆက်ဆံတာမျိုး ခံရလိမ့်မယ်လို့ မထင်ခဲ့ဘူး။ မမျှော်လင့်ဘူး’ လို့ ပြောပြီး ငိုပါတယ်။ အမြဲ ကြည်လင် တောက်ပ အားကောင်းလှတဲ့ အမေ့ မျက်ဝန်းဟာ ရှက်ဒေါသနဲ့ နီမြန်းနေတယ်။ ဒါနဲ့ သူ စိတ်ပြောင်းပါစေတော့လို့ ချစ်စပယ် ယူလာတဲ့ အမေမြိုင်အတွက် လုံချည်လေးကို ဝိုင်းပြီး အတိုင်း ယူကြပြီးတော့ မာအေးလဲ အသံလွှင့်ဘို့ ညနေလေးနာရီ မထိုးခင် စက်ခန်းကိုဝင်၊ အမေမြိုင်လဲ ရုံးချိန် ကုန်တော့ ပြန်တာပေါ့။

မာအေးနောက်က တာဝန်ကျ အသံလွှင့်သူဟာ ချစ်စပယ်ပါ။ အားလုံးဟာ ညဆယ်နာရီခွဲမှာ ပြန်ကြရပါတော့။ မာအေးက အခန်းတခုမှာ နောက်နေ့အတွက် အသံကူး၊ သီချင်းရွေး လုပ်ရပါတယ်။ ဒီအချိန်မှာ တာဝန်မှူးကြီး တာဝန်ကျတဲ့ ဦးလေးကြီးက အပြေးအလွှား ရောက်လာပြောတယ်။ အမေမြိုင် ဆုံးသွားကြောင်း ဖုန်းလာလို့ ချစ်စပယ် ငိုနေတယ်၊ ငိုသံကြီး နဲ့ ပြောကို မပြောနိုင်တော့လို့ မာအေး ဂျူတီ ဆက်ဝင်ပေးဘို့ လာခေါ်တာ တဲ့။ အင်းလေ ပြည်သူ့အလုပ်အကြွေး မာမာအေးဘဲဟာ ဝင်ပေးရမယ်ပေါ့။ ရင်ထဲမှာတော့ နာတာတာ၊ ဟာ တာတာ၊ မယုံချင်လိုက်တာ။ တာဝန် ပြီးတော့ မျက်ရည်လဲ စီးပြီးပေါ့။

ပထမတော့ အမေ့အိမ် ကန်လမ်း တံတားဖြူနားကဆီကိုလိုက်သွားတယ်။ အမေ့ကို တက္ကသိုလ် ဆေးရုံခေါ်သွားတာ တဲ့။ သူငယ်ချင်း သတင်းဖတ်တဲ့ မမြနှစ်လဲပါလာတော့ ဆက်လိုက်သွားကြတာပေါ့။ ကုတင်ပေါ်မှာ အမေက အိပ်ပျော်နေသလိုလေး လာပို့ကတည်းကအတိုင်း ပါတဲ့။ ဆေးကုဘို့ မမီလိုက်ပါဘူးလို့ ဆေးရုံဝန်ထမ်းတွေက ပြောပါတယ်။ ပြဿနာကတော့ ဆေးရုံကြီး ရေခဲတိုက်ကို ပို့ဘို့ အခက်အခဲပါဘဲ။ ဆေးရုံကားက ခေါ်မရ အော်မရ။ တာဝန်ရှိလူကြီး မင်းတွေဆီ ဖုန်းဆက်ရတာကလဲ ဟန်မကျ၊ ဒေါသဖြစ်ရ။ တိုင်းပြည်အတွက် တာဝန်ကျေခဲ့တဲ့ အဆိုတော်မ ပါ။ ခုခါကျတော့ မဖေးမကြတော့ဘူးလား။ သူ့အစား တအား စိတ်နာပါတယ်ရှင်၊ တကယ်ဆို မေလှမြိုင်ဟာ ပြန်ကြားရေးနဲ့ အသံလွှင့် ဦးစီးဌာနမှာ လက်ရှိအမှုထမ်း နေဆဲ အနုပညာရှင်ဝန်ထမ်းပါ။

ညသန်းခေါင်ကျော်မှာ သက်ရှိ မိန်းမရွယ်နှစ်ယောက်နဲ့ သက်မဲ့ မိန်းမသားတယောက် အဖြစ် ဗျို့ဟစ် ခေါ်ပြချင်ပါတယ်။ နောက်ဆုံးမှာ ကြံရာမရတော့ အထူးအရာရှိ အဖြစ် တာဝန်ကျခဲ့ဖူးတဲ့ ဗိုလ်ကြီးတဦးကို လှမ်းပြီး အကူအညီ တောင်းရတယ်။ ဒါကြောင့် ဗောက်(ခ) ဝက်ကွန် စစ်ရောင် မိုက်ကရိုဘတ်(စ)တစီး ရောက်လာတော့ အမေမြိုင့်ကိုပါ အတူ တင်ခေါ်ခဲ့ပြီး ရေခဲတိုက် အရောက် ကိုယ်တိုင် ပို့ခဲ့ရပါတယ်။ အပြင်ကပါဘဲ၊ အထဲအထိတော့ မဝင်ဝံ့ဘူးရှင့်။

မေလှမြိုင်ဟာ ခေါင်းကိုက် ဝမ်းနာတောင် သိပ်ဖြစ်တဲ့သူ မဟုတ်ပါဘူး။ သူ့အသံ အတိုင်းဘဲ မာလိုက်တာမှ ဒေါင်ဒေါင်မည်ပါ။ စိတ်ထိခိုက်မှု လွန်ကဲလို့ ရင်ကွဲ ပက်လက်ဖြစ်ပြီး စောစီးစွာ ကြွေရရှာတယ် လို့ တသသ ခံစားမိပါတယ်။ ဒါဟာ မေလှမြိုင်ရဲ့ တကယ့် အဖြစ်အပျက် ကိုယ်တွေ့မို့ ပြောမိတာပါဘဲ။ သူတပါးကို ထိခိုက်စေလိုတဲ့ ဆန္ဒနဲ့ ပြောပြတာ မဟုတ်ပါဘူးရှင်။ ဌာနအသီးသီးကို ကွပ်ကဲရတဲ့ လူကြီးလုပ်စားနေကြတဲ့သူတွေကြောင့် အစားထိုး မရနိုင်တဲ့ သူတွေ၊ ပညာရှင်တွေ အပေါ် ဒီလို အန္တရာယ်မျိုး မကျရောက်စေချင်လို့ ပြောဖြစ်တာပါ။ မေလှမြိုင်ရဲ့ နိဒါန်းမှာ ဆရာဇော်ဂျီရဲ့ ကဗျာနဲ့ အဝင်မှာ အဆင်လခဲ့တာမို့ ခုလို မြိုင့်နိဂုံး အချိန်မှာ ချောရုံလှရုံ သက်သက် မင်းသမီးတလက် ဖြစ်တဲ့ မေရီမြင့်တုန်းက အထူးအစီအစဉ် ရေဒီယိုက လွှင့်ပေးတာမျိုး မေလှမြိုင် အစီအစဉ်လေးတခု အသံလွှင့်ပေးဘို့ အကြံပေးမိတာဟာလည်း ဖြစ်မလာခဲ့ပါဘူးရှင်။ ဘယ်လိုဘဲဖြစ်ဖြစ် အမေမြိုင်ဟာ သူဆိုခဲ့တဲ့ သီချင်း တပုဒ်ထဲကလိုနေမယ့် အနုပညာသမားပါ။ ကြွေရှာခဲ့တာ (၃၆)နှစ်ရှိခဲ့ပြီ။ သူရကန် အရောင်မှိတ်သော်လည်း သူ့အတိတ်ကတော့ ရှိဆဲပါရှင်။


“xxx မှတ်မိသေးတော့သလေ၊ သတ္တိသွေးတွေ မွေးထုတ်ခဲ့ပေ (တို့ ဗိုလ်ချုပ်အောင်ဆန်းလေ)၂ xx (ရာဇဝင် သမိုင်း တခေတ် ဆန်းသစ်လာပေ)၂ xx တို့ပြေ၊ တို့မြေ၊ တို့ရဲ့ အခြေတွေ တည်ဆောက်ခဲ့ရပေ၊ နားမျက်စေ့တွေ ဖွင့်လှစ်ခဲ့ပေ xx လွတ်လပ်တဲ့ ထွဋ်မြတ်စံဌာန xxxx” [အာဇာနည်နေ့ မမေ့သင့်ပေ]


[ မူရင်း – BBC အသံလွှင့်ဌာန၊ မြန်မာပိုင်း အစီအစဉ် ]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts