>Maung Yit – No Credit to MoeMaKa, Please

>

မိုးမခ က လို့ မပြောလိုက်ပါနဲ့

မောင်ရစ်

အောက်တိုဘာ ၆၊ ၂၀၀၉

စာမရေးတာ အတော်ကြာပေါ့နော်။ စာမရေးတတ်တော့လည်း ကာတွန်းပဲ ဆွဲနေရတာပေါ့ ခင်ဗျား။ ဒီတခါတော့ မှတ်စုတိုထွာလေးတွေ ရေးရင်းနဲ့ စာဖတ်သူတွေ၊ ၀ိုင်းတော်သားတွေဆီကိုလည်း ပြန်ကြားစာတွေ ရေးရင်းနဲ့ စာရေးလိုက်ပါရဲ့။

ဒီနှစ်မှာ မိုးမခစာနယ်ဇင်းအဖွဲ့ ၆ နှစ် ပြည့်ပါတယ်။ ပရိသတ်ကြီးနဲ့ ၀ိုင်းတော်သားတွေဆီက ဖုံးတွေ၊ ကြေးနန်းတွေ၊ အီးမေးတွေ၊ မွေးနေ့လက်ဆောင်ကဒ်တွေ အလျံပယ်ကြီးရလို့ ၀မ်းမြောက်ကြောင်း ဒီနေရာကနေ ပြောချင်သော်လည်း ဒီနှစ်လည်း မနှစ်ကလိုပဲ ဘာမှ မရတဲ့အတွက် တိတ်တိတ်ဆိပ်ဆိပ်နဲ့ ပြီးလိုက်ရတာပေါ့ဗျာ။ ၀ိုင်းတော်သားတွေက စေတနာ့ဝန်ထမ်း၊ တမြို့ တရွာ တနိုင်ငံဆီမှာ ဆိုတော့ ဘယ်လိုမျိုး ဇာချဲ့ချင်လို့ ရမှာတုံးလေ။ သို့သော်လည်း အခုလို စေတနာ့ဝန်ထမ်း စာနယ်ဇင်းအဖွဲ့ကလေးမှာ ၀ိုင်းတော်သား ၁၀ ဦးကျော်လောက်နဲ့ (ကိုဇာနည်ဝင်း စကားနဲ့ ပြောရရင်) ကြီးတော်နွားကျောင်းနေရတာ စားကျက်ကြီးတောင် အတော် ကျယ်လှမင့်ပါကလားလို့ ဆိုလိုက်ချင်ပါရဲ့။ ဆက်ပြီး အားပေးကြပါဦး၊ ဆက်ပြီး ၀ိုင်းကြပါဦးလို့ တောင်းပန်လိုက်ပါတယ် ခင်ဗျား။

မိုးမခရဲ့ ဒီမိုကရေစီရေးကူညီမှုရန်ပုံငွေလည်း ၂၀၀၇ ကတည်းက စခဲ့တာ အခုဆိုရင် ၂ နှစ်ပြည့်ပါတယ်။ မိုးမခချစ်သူ ပရိသတ်ရဲ့ အလှူငွေတွေ၊ ကူငွေတွေကို မြန်မာပြည်က ဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊ အကျဉ်းစံတွေ၊ မိသားစုတွေနဲ့ စာနယ်ဇင်းသမားတွေကို အတတ်နိုင်ဆုံး နဲသည် များသည် မဟူ ကူညီအားပေးမှု ပြခဲ့တာလည်း ပုံမှန်ကလေးတော့ သွားနေဆဲပါပဲဗျာ။ စာမူခ မရတဲ့၊ လုပ်အားခ မယူတဲ့ ၀ိုင်းတော်သားတွေကြောင့် ရသမျှကို လှူနိုင်တယ်လို့ အလေးဂရုပြုလိုက်ပါရဲ့။

လွန်ခဲ့တဲ့ ၃ နှစ်ပြည့် ၂၀၀၆တုံးက ဆရာတွေဖြစ်တဲ့ ဦးတင်မိုး၊ ဦးစွမ်းရည်တို့နဲ့ မိတ်ဆုံပွဲ၊ ပြီင်္းတော့ ၂၀၀၇ တုံးက ဆရာဦးတင်မိုး ကွယ်လွန်ခြင်း ၆ လ ပြည့် ဆရာမောင်စွမ်းရည်၊ ဦးဝင်းဖေ၊ ကြေးမုံဦးသောင်း၊ ဆရာတင်မောင်သန်းတို့နဲ့ စာပေဟောပြောပွဲ၊ ၂၀၀၈ မှာတော့ ဆရာစွမ်း၊ ဆရာဦးဝင်းဖေ၊ ဒေါ်မာမာအေး၊ ဆရာအောင်ဝေး၊ ဆရာဉာဏ်ဦးမောင်တို့နဲ့ မိတ်ဆုံပွဲ စသည်ဖြင့်တို့ကို လုပ်နိုင်ခဲ့ပေမယ့် ၂၀၀၉ မှာတော့ မိတ်ဆုံပွဲမလုပ်နိုင်သော်ငြား စာပေဟောပြောပွဲ တခု အကြောင်းပြုပြီး စာရေးဆရာမများ (မိုးမခမှာလည်း စာလေး ပေလေး ကူညီရေးပေးဖူးသူ) မေငြိမ်း၊ ခက်မာ၊ ခိုင်မာကျောဇော၊ စမ်းစမ်းတင်တို့နဲ့ မိတ်ဆက်တွေ့ဆုံပွဲကလေးတော့ ဖြစ်ခဲ့ပါရဲ့။

အေးဗျာ … နောက်ဆိုရင်တော့ မိတ်ဆုံပွဲတွေ၊ မိတ်ဆက်ပွဲတွေ မလုပ်တော့ဘူး။ ခရီးလမ်းစာရိတ် မတတ်နိုင်ဘူး ကိုးဗျာ။ မိုးမခဇရပ်ရဲ့ စခန်းပွဲပဲလုပ်တော့မယ်။ ဗိုလိုဆိုရင်တော့ MoeMaKa Residence Program ပေါ့။ မိုးမခ ၀ိုင်းတော်သားများ၊ ပင်တိုင်များနဲ့ ဆရာများကို ဖြစ်တဲ့နည်းနဲ့ အရောက်လာဖို့သာ ဖိတ်လိုက်ပါရဲ့၊ ၁၂ လ ရာသီ။ ရက်သတ္တပတ်လောက်တော့ မိုးမခဇရပ်မှာ တည်းခိုပါ။ တွေ့ကြဆုံကြတာပေါ့။ အဲဒါပဲ တတ်နိုင်မယ် ထင်ပါရဲ့ ဗျာ။

မြန်မာပြည်တွင်းက ၀ိုင်းတော်သားတွေကိုတော့ ၂၀၁၀ ပြီးရင် တွေ့ကြမယ်လို့ ချွေးသိပ်ထားပါတယ်။ အံမယ် … တချို့က အဟုတ်မှတ်နေတာဗျာ။ အင်း … အင်း … တဲ့ ခေါင်းတညိတ်ညိတ်နဲ့။ ၂၀၁၀ ပြီးရင် တွေ့မယ်လေတဲ့။ ကြိုက်တဲ့ ဟင်းတွေ ချက်ထားမယ်တဲ့။ ပြီးတော့ မြန်မာပြည်အနှံ့ ဘုရားစုံဖူးကြရအောင် တဲ့။ ပြောပုံ ပြောပုံ။

ဟုတ်ပါ့ဗျာ။ တချို့က တော်တော် အကောင်းမြင်နေတာဆိုတော့ ဟိုပြည်တွင်းက ဘယ်စာစောင်မှာ ဆိုလဲ မသိပါဘူးဗျာ။ မိုးမခမှာ ဖော်ပြပြီး စာအုပ်အဖြစ် ပုံနှိပ်ဖူးတဲ့ ကွယ်လွန်သူ ဆရာကြီး ကြေးမုံဦးသောင်းရဲ့ အာစရိယအဆူဆူ ဆောင်းပါးတွေကို တရားဝင် ဖော်ပြနေတယ်ဆိုပြီး လက်လာ တို့ကြတယ်။ ဒါဟာ ပြည်သူ့ဆိုင်ကထုတ်တဲ့ ပလေကပ်လုံခြည်ကို နေရောင်အောက်မှာ ၀တ်ပြလိုက်သကဲ့သို့ မြန်မာပြည်မှာ ထရန်စပေရန်စီ (မြင်သာထင်သာရှိမှု၊ ပွင့်လင်းမှု၊ ဒိုးယိုပေါက်ရှိမှု) ရှိနေပြီကို သက်သေပြတာပဲ ဆိုပြီး လာ လာ ပြောကြတယ်။

အဲသည်လို ပြည်တွင်းမှာ စာတွေ၊ စာမူတွေ ပြန်လည်ဖော်ပြခွင့်ရအောင် ဘယ်လိုလုပ်ရမလဲလို့ အကြံဉာဏ်လာတောင်းသူတွေကလည်း မရှားဆိုတော့ ဟိုမိုးမခ၀ိုင်းတော်သား ရန်လိုကျွဲ ဆိုတဲ့ ကလောင်သစ်ကလေးက အကြံဉာဏ်ပေးတာ မဆိုးဖူးဗျ။ လိုက်နာချင်လည်း လိုက်နာကြည့်ပေါ့နော်။

ပြည်ပက စာမူရှင်တွေအနေနဲ့ ပြည်တွင်းမှာ “ပါ” ချင်ကြရင် အသေပြ ဖို့ လိုပါသတဲ့။ သေပြီးရင် စာမူပါမယ့် အလားအလာ ရှိပါသတဲ့။ အဲ ခက်တာတခုက သေပြီးတော့မှတော့ သွားလေသူစာမူရှင်ကို ဘယ်လိုမျိုး အကြောင်းကြားရ မလဲဆိုတာက ပြဿနာပါ။ အင်း … တမလွန်ကို လှမ်းပို့လို့ရတဲ့ အီးမေးတို့၊ ဘာတို့ ရှိရင်တော့ အကောင်းသား။

မိုးမခကိုလည်း အဲသည်လို ဖော်ပြပြီးသား စာမူတွေကို ခွင့်ပြုချက်မတောင်းဘဲ၊ ညွှန်းဆိုမှု မပြုဘဲ ပြည်တွင်းမှာ ကြိတ်ပြီးတော့ ဖော်ပြနေတာကို ဘယ်လို သဘောရသလဲ ဆိုတာကို မီဒီယာကြီးတွေ ဖြစ်တဲ့ စီအင်အင်တို့၊ ဖောက်က်စ်တို့၊ ချယ်နယ်နယူးအေးရှားတို့က မေးကြပါတယ်။ မိုးမခနဲ့ နီးနီးစပ်စပ်နေတဲ့ မြန်မာမီဒီယာတွေကတော့ အဖက်တောင်လုပ်ပြီး မမေးကြဘူးခင်ဗျ။ မောင်ရစ်ကလည်း မြန်မာလိုတောင် သိပ် စကားမပီ၊ စာလုံးပေါင်းသတ်ပုံ မမှန်တဲ့သူ၊ ဗိုလို လာမေးတော့ ဝေလာဝေးပေါ့ ခင်ဗျာ။ ရက်စ် နိုး ဗဲရီးဂွတ်လောက် ပြောတတ်တဲ့ ငနဲဆိုတော့ ခေါင်းယမ်းသာ ပြခဲ့တာပေါ့လေ။

တကယ်တမ်းကတော့ မြန်မာလိုသာ ပီပီသသ ဖြေခွင့်ရှိမယ်သာ ဆိုရင် – မိုးမခက လို့ မပြောတဲ့ အတွက် ကျေးဇူးတင်ကြောင်း၊ ယခုကော နောင်ပါ မိုးမခက … ဆိုတာက ဖွင့်မပြောစေချင်ကြောင်း ပြောလိုက်ချင်တာပါ။ ပြည်တွင်းက ၀ိုင်းတော်သားတွေခင်ဗျာ လုံခြုံရေးအရ ကျနော်တို့ ကျမတို့က မိုးမခ ကပါ ခင်ဗျာတို့ မိုးမခ ကပါ ရှင်တို့ မလုပ်နိုင်ကြပါဘူး။ နံမယ်မခံ၊ ဂုဏ်တွေ ဒြပ်တွေ၊ ခရက်ဒစ်တွေ မယူဘဲ လုပ်ကိုင်ပေးနေကြရတာပါ။ အဲသည့်အတွက် ဟိုနံမည်နဲ့ ဟိုစာစောင်ကနေပြီးတော့ မိုးမခကပါ လို့ နံမယ်သုံး၊ ညွှန်းဆိုလိုက်မယ် သာ ဆိုရင် ငါးပါး မှောက်ရချည်ရဲ့ ခင်ဗျား။ အောင်မယ်လေး … ဒင်းတို့ကများ မိုးမခကပါလို့ ဆိုလိုက်မယ်သာ ဆိုရင် ငါတို့တတွေ နံမယ် ပျက်ရချည်ရဲ့လို့ စိတ်ပူမိ၊ ရင်လေးမိလို့ပါ ခင်ဗျား။

တခါက စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်က သူ့မိတ်ဆွေတဦးနဲ့ ပြောသလိုမျိုးပေါ့ခင်ဗျာ။ စစ်အစိုးရ အာဏာသိမ်းထားတဲ့ သတင်းစာမှာ စာမူပါလို့ ဂုဏ်ယူတဲ့စကား လာပြောတဲ့ စာရေးဆရာကို ဆရာမကြီးက နားချပါတယ်။ ဘုရားလူကြီးဆိုပြီး သိက္ခာတွေ ဘယ်လောက်ရှိရှိ၊ သီလတွေ ဘယ်လောက် စောင့်တယ် ပြောပြော၊ ရပ်ကွက်ထဲက ဖာအိမ်ရှေ့ သွားထိုင်နေရင်တော့ ဘယ်သူကမှ အကောင်းပြောကြမှာ မဟုတ်ပါဘူး … မောင်ဘယ်သူရယ် … တဲ့။

အဲသည်လိုပါပဲ ခင်ဗျာ …။ အောင်မယ်လေး … ဖာအိမ်ရှေ့မှာ သွားထိုင်ပြီးတော့ မိုးမခက ပါလို့ ပြောသွားတာ မခံနိုင်လို့ … ၂၀၁၀ ထဲမှာလည်း ဆွဲမထည့်ကြပါနဲ့ ခင်ဗျား။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts