>
မြတ်သောမေတ္တာရှင်နှင့် တဒင်္ဂ
လောအယ်စိုး
စက်တင်ဘာ ၂၃၊ ၂၀၀၉
နင်းလို့ကတော့ အဆင်ပြေသေးတယ်။ ပိုင်ရှင်ဖြစ်သူ နှစ်ကာလရှည် သစ္စာရှိစွာ အသုံးပြုခဲ့ပုံရသည့်၊ အသစ် စက်ဘီးတစင်းကိုလည်း ဘယ်လိုမှဝယ်ဖို့ မတတ်နိုင်ရှာသူ တဦး မဟုတ်ပါလား။
“ငါ့တူ သွားစရာရှိလို့ နင်းချင်ရင် ယူထားလိုက်။ ဦးလေး ဒီနေ့ တောင်ယာကို လမ်းလျှောက်သွားလိုက်မယ်”
“ဟုတ်ကဲ့ ကျေးဇူးပါပဲ”
ဟု ၎င်းကို ပြောလိုက်ရင်း နံနက်ခင်းကတည်းက ဒီစက်ဘီးကို ယူထားခြင်းဖြစ်သည်။
အမျိုးသမီး ကျန်းမာရေးဆရာမတဦး အနေဖြင့် ကျနော်၏ မိခင်ဖြစ်သူသည် ကရင်ပြည်နယ်၏ ကျေးလက် အတော်များများကို လုပ်ငန်း တာဝန်ဖြင့် ပြောင်းခဲ့ရသည်။ ယခုလည်း ဘားအံနှင့် မြ၀တီကားလမ်းပေါ်ရှိ သာယာကုန်းကျေးရွာလေးသို့ တာဝန်ဖြင့် ရောက်ရှိနေခြင်း ဖြစ်သည်။ တရွာလုံးလိုလို ပအိုဝ့်လူမျိုးများ စုစည်းကာ နေထိုင်ကြသည်။ စပါး မြေပဲ စသည့်သီးနှံများကို ရာသီအလိုက် စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုကာ ရိုးသားစွာ နေထိုင်ကြသည်
နယ်မြေကလည်း မအေးချမ်းတော့ နှစ်ဖက်လက်နက်ကိုင်များ အကြားတွင် ရွာသူ ရွာသားများခမျာ အဆင်ပြေသလို ဆက်ဆံရခြင်းဖြင့် နေထိုင်ကြရရှာသည်။ မိခင်ကြီးလည်း ဤသာယာကုန်းကျေးရွာသို့ လုပ်ငန်းတာဝန်ဖြင့် ရောက်ရှိနေသည်မှာ တနှစ်နီးပါး ရှိသွားပြီးပဲ။ ညီအငယ်ဆုံးနှင့် ကျနော့်ကို ဘားအံမြို့တွင် ထားခဲ့ကာ ၎င်းက ဤရွာသို့ တဦးတည်း ရောက်ခဲ့ခြင်း ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ဒီတခေါက်တော့ အရောက်သွားမည်ဟု ဆုံးဖြတ်ပြီး သာယာကုန်းရွာလေးကို ဘားအံမှ ကျနော် ထွက်လာခဲ့ခြင်း ဖြစ်သည်။ အိန္ဒု၊ သာယာကုန်း၊ ၀ဲကရင် ကျေးရွာများအကြား ခရီးသည်ကားများကို ဓါးပြတိုက်၊ ပစ်ခတ် သတ်ဖြတ်နေခြင်းများကလည်း ဤနေရာဝန်းကျင်တွင် မကြာခဏဆိုသလို ဖြစ်ပေါ်နေဆဲ။
ယခု ဤ မောင်ဗမာစက်ဘီး တပတ်ရစ်ဖြင့် နာရီဝက်နီးပါး နင်း၍ ခရီးပြုရမည့်နေရာ – တွေ့ဆုံရန် ကြိုးစားမည့် ပုဂ္ဂိုလ်ထူးကြီးအတွက် ကျနော် အချေအတင် မိမိဘာသာ စဉ်းစား၍ ဆုံးဖြတ်နေခြင်းပါ။
“သွားဖို့ သင့်တော်ပါ့မလား”
“ငါ့ကိုရော လက်ခံတွေ့မှ တွေ့ပါ့မလား”
“ဟိုကို ရောက်မှ..မတွေ့ရရင် ငါလည်းအမော”
စသည့် စသည့် အတွေးများက တရစပ်။ ဘာပဲဖြစ်ဖြစ် ယတိပြတ် ဆုံးဖြတ်လိုက်သည်။
“ငါ ဟိုကို အရောက်သွားမယ်”
ကျနော့်ရင်ထဲတွင် အဆိုပါ ပုဂ္ဂိုလ်မြတ်ကြီးကို တွေ့ဆုံဖို့အတွက် မှန်ကန်သော ခံယူချက်ရှိသည်။ မှန်သော သစ္စာတရားဖြင့် တွေ့ဆုံလိုခြင်း ဖြစ်သည်။ ထိုပုဂ္ဂိုလ်ထူးကြီးကို မျက်နှာချင်းဆိုင် တွေ့ဆုံဖူးချင်သည်။ ထိုကြောင့် စက်ဘီးကိုနင်း၍ သာမညတောင်ခြေသို့ အရောက်လာခဲ့ခြင်းဖြစ်သည်။
သာမညတောင်သည် ယခု ကျနော် ရောက်ရှိနေသော သာယာကုန်းကျေးရွာအနီးတွင် တည်ရှိသည်။ လွန်ခဲ့သော ရှစ်နှစ်ကျော် ကတည်းက ကျနော် သာမညဆရာတော် အကြောင်း ကြားဖူးသည်။ ဓါတ်ပုံများလည်း တွေ့မြင်ဖူးသည်။ သို့သော် တခါဘူးမျှ ကြုံဆုံ၍ ကိုယ်တိုင် မမြင်ဘူး။
မိခင်ကြီး အိန္ဒုကျေးရွာတွင် တာဝန်ကျစဉ် အနယ်နယ်ရပ်ဝန်းမှ ဘုရားဖူးကားများ ဖြတ်သန်းသွားသည်ကို နေစဉ်နှင့်အမျှ မြင်တွေ့ဖူးသည်။ အမှန်ပါ … ထိုစဉ်က စိတ်ဝင်စားခြင်း စိုးစိမျှ မရှိခဲ့။
ယခု ဤသာယာကုန်းရွာကို ရောက်ခိုက် ဘယ်လိုဖြစ်သွားသည် မသိ။ မိမိကိုယ်ကိုလည်း အလွန် အံ့သြမိသည်။ ကျနော် သာမညဆရာတော်ကြီးကို အလွန်အမင်း မျက်နှာခြင်းဆိုင် တွေ့ဆုံလိုသော စိတ်က တားဆီး ချုပ်တည်း၍ မရတော့ပါ။ ထို့ကြောင့် မနေ့ညကတည်းက မိခင်၏ လုပ်ဖေါ်ကိုင်ဖက် သားဖွားဆရာမကြီး၏ ခင်ပွန်းထံမှ စက်ဘီးကို ခေတ္တ အသုံးပြုဖို့ မေတ္တာရပ်ခံ လိုက်ရခြင်း ဖြစ်သည်။ ရွာမှ လေးဆယ့်ငါးမိနစ်ခန့် စက်ဘီးနင်းရသည်။ ကုန်းအတက် များသဖြင့် လမ်းလျှောက်၍ စက်ဘီးကို တွန်းရသည်။ စက်ဘီး နင်းလိုက်၊ ဆင်း တွန်းလိုက်ဖြင့် သည်လိုနှင့် သာမညတောင်ခြေသို့ ရောက်သည်။
တောင်ခြေမှ အင်္ဂတေလှေကားများအတိုင်း တလှမ်းချင်း တက်လိုက်မိသည်။ ရင်သပ်ရှု့မော လွမ်းမောဖွယ် အရှေ့ဘက်ဆီက ဒေါနတောင်တန်း ပြာလဲ့လဲ့ကို လွင့်မျှောနေသော တိမ်ဆိုင်များအကြား လှမ်း၍ မြင်ရသလို အနောက်ဘက်မှ ဇွဲကပင်တောင်ကြီးကလည်း ခန့်ထည်ထည်နှင့် ထင်ထင်ရှားရှား။ သဘာဝရှုမျှော်ခင်းက လှပနေသလို ကရင်ပြည်နယ် အတွင်းရှိ ပြည်သူလူထုတွေ၏ ဘ၀များလည်း ထပ်တူထပ်မျှ ငြိမ်းချမ်းသာယာလိုက်ခဲ့ရင် ဘယ်လောက်များ ကောင်းလိမ့်မလဲ ဟု တွေးလိုက်မိသည်။
ဒေါနတောင်တန်း ပြာပြာအောက်မှာ အူထနေသော ယမ်းငွေ့တွေ့ကလည်း လွင့်မျောနေဆဲ။ သွေးစိမ်းရှင်ရှင်တွေ စစ်မြေပြင်မှာ မရပ်တမ်း စီးဆင်းနေဆဲ။ သားသေ လင်ဆုံး အမျိုးသမီးများနှင့် အမိမဲ့ အဖမဲ့ ကလေးငယ်များတို့၏ မျက်ရည်များကလည်း ၎င်းတို့၏ ပါးပြင်ပေါ်ဝယ် စွတ်စို နေဆဲ။
“အော်..ကျနော်ချစ်သော ကရင့်ဌာနေ ဘယ်သောအခါမှ ငြိမ်းချမ်းမှာလဲ” ဟု ၀မ်းနည်း လှိုက်ဖိုစွာ တွေးမိလိုက်သည်။ ဆရာတော်ကြီး၏ ကျောင်းသင်္ခန်းရှေ့ကို ရောက်တော့ ထိုအတွေးအမျှင်တန်းများ ပြတ်သွားတော့သည်။
တကယ့် အံ့သြဖွယ် …
တခါးနှစ်ချပ်က အရံသင့် ပွင့်လို့။ ကျနော်၏ ရှေ့တွင် ဆရာတော်အား လာရောက်ဖူးမျှော်သည့် မည်သည့် ဘုရားဖူးဧည့်သည် တစုံတဦးကိုမျှ မတွေ့။ ကျနော့်နောက်တွင်လည်း တစုံတဦးမျှ မမြင်။ သို့နှင့် ကျနော်လည်း ဆရာတော်ကြီး၏ ကျောင်းသင်္ခန်းအတွင်းသို့ မဆိုင်းမတွ တိုက်ရိုက် ခပ်မြန်မြန် တက်သွားလိုက်တော့သည်။
အုတ်ကျောင်းသင်္ခန်းအတွင်းသို့ ရောက်တော့ ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်နေသော သာမညဆရာတော်ကြီးအား ဘွားခနဲ တွေ့လိုက်ရသည်။ ဆရာတော်ကြီး၏ လက်ဝဲဖက်ခြေရင်းတွင် ကိုရင်ကြီးတပါးက ထိုင်လို့။
ကျနော်လည်း ဆရာတော်ကြီး၏ ရှေ့တွင် ရို့ရို့ကလေး ရိုသေစွာ ဒူးထောက်၍ ထိုင်လိုက်ရင်း ဆရာတော်ကြီးအား ပြုံးပြလိုက်သည်။ မေတ္တာဓာတ် အပြည့်ရှိသော တည်ငြိမ်သော မျက်နှာထားဖြင့် ဆရာတော်ကြီးက ကျနော်၏အပြုံးအား တုံ့ပြန်သည်။
ပြီးတော့လည်း ကျနော့်အား ပြုံး၍
“မင်းက ခရစ်ယာန်လား”
“တင်ပါ့ … ဘုန်းဘုန်း”
“မင်း ငါ့ဆီကို ဘာလာလုပ်တာလဲ”
“ဘုန်းဘုန်းက နာမည်ကြီးတော့ တပည့်တော်ကလည်း အရမ်း တွေ့ချင်လာတာနဲ့ လာတွေ့တာပါ။ တခြား ဘာမှ ရည်ရွယ်ချက် မရှိပါဘူး။ ဒါပေမဲ့ တပည့်တော် ဘုန်းဘုန်းကို မြင်လိုက်ရတာနဲ့ စိတ်ထဲမှာ အေးမြသွားသလို ခံစားရပါတယ်”
ဟူ၍ ကျနော်ပြောလိုက်သည်။ အမှန်ပါ ကျနော့်တွင် ထိုရည်ရွယ်ချက်အပြင် တခြား ဘာတခုမှ မရှိပါ။ ဆရာတော်ကြီး၏ အပြုံးသည် ကျနော့်ရင်ကို အမှန်ပင်ငြိမ်းချမ်း၍ အေးမြစေခဲ့သည် မဟုတ်ပါလား။
ထိုအခိုက် ကိုရင်ကြီးက ကျနော့်အား သကြားလုံး သုံးလုံး ပေးပါသည်။ ဆရာတော်ကြီးက တည်ငြိမ်သော အပြုံးဖြင့် –
“မင်း ငါ့ဆီက ချဲနံပါတ် လာတောင်းတာလား”
“ဟာ … မဟုတ်ပါဘူး ဘုန်းဘုန်း။ တပည့်တော် ချဲလည်း မထိုးပါဘူး ဘုန်းဘုန်းကို အရမ်းမြင်ဖူးချင်တဲ့ ရည်ရွယ်ချက်ပဲ တပည့်တော်မှာ ရှိတာပါ”
သာမညဆရာတော်ကြီးသည် ပြုံး၍ ကျနော့်အား
“အေး …ငါလည်း ဘာချဲနံပါတ်မှ မပေးပါဘူး။ လူတွေက ငါ့ကို ချဲနံပါတ်ပေးတယ်လို့ ထင်ကြတယ်။ ငါပေးတဲ့ သကြားလုံးတို့ ငှက်ပျောသီးတို့ကို အတိတ်နိမိတ်တွေ ကောက်ပြီး ချဲထိုးကြတာ၊ အံမယ် တချို့ကလည်း ပေါက်လိုက်သေး …”
ဟုဆိုကာ ဆရာတော်ကြီးက ရယ်သည်။
“အခု မင်းကို ငါပေးတဲ့ သကြားလုံးက မင်းရှေ့ ငါ့ကို လာဖူးသွားတဲ့ လူတွေ လှူသွားတာ။ အခု မင်းကို ငါ ပြန်ပြီး လှူတာ”
“တင်ပါ့”
“မင်းတို့ ခရစ်ယာန်တွေလည်း မေတ္တာတရားက အဓိက မဟုတ်လား။ ငါတို့ ဗုဒ္ဓဘာသာတွေလည်း မေတ္တာတရားဟာ အရေးအကြီးဆုံးပဲ။ လူ အချင်းချင်း သတ္တ၀ါ အချင်းချင်း မေတ္တာတရား ထားကြဖို့ အရေးအကြီးဆုံး မဟုတ်လား”
“တင်ပါ့”
“ရော့ ရော့ ဒါ နေ့ကောင်း ရက်မြတ် ရွေးတဲ့ အချိန်ဇယားစာရွက်။ ယူသွားပြီးတော့ ဟိုဇရပ်မှာ အသားလွတ်စတုဒီသာ ကျွေးတယ်။ သွားစား”
“မင်းလည်း အသားလွတ်စားနော်”
ဟု ကျနော့်ကိုထပ်မံ၍ မိန့်ဆိုပါသည်။ တွေ့ဆုံချိန် ငါးမိနစ်ခန့်သာ ကြာမြင့်မည်ဟု ကျနော်ထင်ပါသည်။ ဆရာတော်ကြီးပေးလိုက်သော သကြားလုံးများနှင့် ရက်ကောင်းနေ့မြတ်ရွေးသော အချိန်ဇယား စာရွက် နှစ်ရွက်ကိုယူ၍ ကျနော်လည်း ဆရာတော်ကြီး၏ ကျောင်းပေါ်မှ ကြည်နူး ၀မ်းမြောက်စွာဖြင့် ဆင်းလာခဲ့ပါသည်။
“ငါ့တူ ဆရာတော် ဘာနံပါတ် ပေးလိုက်သလဲ”
ကြည်နူးမှုအရှိန်ကလေး ပျောက်လွင့်သွား၍ ထိုအမျိုးသမီးကြီးကို ကျနော်စိုက်၍ ကြည့်လိုက်မိသည်။ အသက်လေးဆယ်ကျော် အရွယ် ဆရာတော်ကြီး၏ ကျောင်းသင်္ခန်း ရှေ့တွင် ရို့ရို့ကလေးထိုင်လျက်သား။
“ဘာနံပါတ်မှလည်း မပေးပါဘူး။ သကြားလုံးပဲ ပေးလိုက်တာပါ”
ဟု ကျနော် ပြောလိုက်သည်။
“ဟာ… ဟုတ်လား.. သကြားလုံးက ဘယ်နှစ်လုံးလဲ”
“သုံးလုံး ”
ထိုအမျိုးသမီးကြီးလည်း ထိုသကြားလုံးအရေအတွက်ကို ချဲထီအတွက် နိမိတ်ကောက်ယူဦးမည် ထင်သည်။ ကျနော်သည် ဆရာတော်ကြီးပြောသည့် အတိုင်း ဧည့်သည်များကို ထမင်းကျွေးသော အဆောက်အအုံထဲ အသားလွတ်ဟင်းလျာများကို မြိန်လျှက်စွာ စားပြီး သာယာကုန်းကျေးရွာသို့ စက်ဘီးကလေးကိုနင်းလျက် ကျေနပ်ကြည်နူးစွာဖြင့် ပြန်လာခဲ့တော့သည်။
ဆရာတော်ကြီးနှင့် တွေ့ဆုံခဲ့ပြီး ၁၉၉၁ ခုနှစ် နိုဝင်ဘာလတွင် ကျနော်လည်း ရန်ကုန်တက္ကသိုလ်သို့ ရောက်သည်။ သာမညတောင်ခြေသို့ ထိုကာလတွေအတွင်း တခါမျှ ခြေဦးမလှည့်ဖြစ်တော့။
မြန်မာနိုင်ငံ၏ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးကားများ သာမညတောင်ခြေတွင် ပို၍ များလာပြီး စည်ကားလာသည်။ လူနေအိမ်ခြေများ သောင်းဂဏန်း အရေအတွက်ရှိသွားပြီ ဆိုတာကိုလည်း သိသည်။
သို့သော် … ကျနော် မရောက်ဖြစ်တော့ပါ။
သာမညဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းသည် ဘက်စုံသာသနာပြုလုပ်ငန်းကြီး ဖြစ်သည်။ နိဗ္ဗာန်ရောက်ကြောင်း လောကုတ္တရာရေး အပြင် ဒေသခံပြည်သူလူထုများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ဆရာတော်ကြီးသည် လမ်းများ ခင်းပေးသည်။ ဒေသခံပြည်သူများကလည်း မိမိတို့၏ မြတ်သောလုပ်အားဒါနဖြင့် ဆရာတော်ကြီးနှင့်အတူ ကုသိုလ်ယူကြသည်။
သာမညတောင်ခြေအနီး ရပ်ဝန်းကျေးရွာမှ အစိုးရ၀န်ထမ်းများ၏ ချို့တဲ့သော ဘ၀များကို ဆရာတော်ကြီးသည် စာနာ၍ ၎င်းတို့အားလည်း လစဉ် ငွေကြေး ထောက်ပံ့သည်။ ဆရာတော်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ဂယက်ကြောင့် ဗိုလ်ချုပ်ကြီးများ မျက်မာန်ရှကာ ဆရာတော်ကြီး၏ ဓာတ်ပုံများကို အစိုးရပိုင်သတင်းစာများတွင် ဖေါ်ပြခွင့်မပြုရန် ညွန်ကြားချက်များလည်းရှိသည် လို့ ကျနော်သိရှိရပါသည်။
မိခင်ကြီး တဖန် အစိုးရတာဝန်ဖြင့် မြစ်ကမ်းပါးမှ သစ်ပင်များပမာ ထိုင်းမြန်မာနယ်စပ် မြ၀တီမြို့သို့ ပင်စင်ယူသွားသည်အထိ တာဝန် ထမ်းဆောင်ပြန်တော့ တက္ကသိုလ်ကျောင်းပိတ်တိုင်း အိမ်သို့ပြန်သောအခါ သာမညတောင်ကို အဝေးပြေး ကားသမားများက ဆရာတော်ကြီးအား ရည်မှန်း ဦးတိုက်ပြီးမှ ခရီးဆက်သည်။ ထို့ကြောင့် သာမညတောင်ခြေတွင် ကားများ အစဉ် ခေတ္တရပ်သည်။ သို့သော်လည်း တောင်ပေါ်သို့ ကျနော်မရောက်ဖြစ်ခဲ့တော့။
၁၉၉၅ ခုနှစ်က အညာမြေနှင့် ရှမ်းပြည်ဘက်မှ အတန်းဖေါ်များနှင့်အတူ ဘားအံမြို့သို့ အလည် ရောက်စဉ် ၎င်းတို့ကလည်း ကရင်ပြည်နယ်သို့ ရောက်ခိုက် ဆရာတော်ကြီးအား ဖူးချင်သည်ဟု ဆို၍ ၎င်းတို့အား သာမညတောင်ပေါ်သို့ လိုက်ပါပို့ဆောင်ပေးခဲ့သည်။ အကြောင်းကံ မသင့်သောကြောင့် ၎င်းတို့ခမျာ ဆရာတော်ကို ဖူးခွင့် မကြုံခဲ့ရှာပေ။
အမိရန်ကုန်တက္ကသိုလ်၏ စာသင်ခန်းမှ ပညာရှာ အလုပ်သင် သတင်းထောက်အဖြစ် လောက တက္ကသိုလ်တွင်း ရုန်းကန် ကြိုးစားနေရသော အချိန်တွင် ဆရာတော်ကြီး၏ ကျန်းမာရေး အခြေအနေကြောင့် ရန်ကုန်သို့ကြွလာပြီး ဆေးကုသမှု ခံယူသည်ကိုလည်း ကြားရပြန်သည်။
အလွတ်သတင်းထောက် ဘ၀အဖြစ် ကရင်ပြည်နယ်မှ ပြည်သူလူထု၏ဘ၀ကို ကျနော် ဓာတ်ပုံလာရိုက်ရင်း ခရီးကြုံအဖြစ်၂၀၀၃ ခုနှစ် နိုဝင်ဘာလအတွင်း ကျနော် သာမညတောင်ခြေသို့ တဖန် ရောက်ခဲ့ပြန်သည်။ ဤတကြိမ်တွင် သာမညဆရာတော်ကြီးအား ရာနှ့င်ချီသော ဘုရားဖူး ပရိသတ်တို့၏ အပူဇော် ခံနေစဉ် အဝေးမှ လှမ်းမြင်ခဲ့သည်။
ကျနော် ဆရာတော်ကြီးအား ဓာတ်ပုံရိုက်နိုင်ခဲ့သော်လည်း များစွာသော ပရိသတ်တို့ကြောင့် စကားပြောဆိုနိုင်ခွင့်ကား မကြုံတော့။ ဆရာတော်ကြီး ပျံလွန်သွားပြီဟူသော သတင်းနှင့်အတူ အစိုးရထုတ် သတင်းစာထဲတွင် စစ်ကို ရွံရှာမုန်းတီးသော ငြိမ်းချမ်းရေးကို မြတ်နိုးသည့် ဆရာတော်ကြီး၏ ရုပ်ကလာပ်ကို မြန်မာ့တပ်မတော်မှ အရာရှိကြီးများ ထမ်းနေသည့် ဓာတ်ပုံကို တွေ့လိုက်ရသည်။
၂၀၀၈ ခုနှစ်အတွင်း ဆရာတော်ကြီး၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို လက်နက်ကိုင် လူတစု ယူဆောင်သွားပြီး ဖျောက်ဖျက်ပစ်လိုက်သည် ဟူသော သတင်း ပေါ်ထွက်လာ၍ ကျနော် စိတ်ထိခိုက်မိပါသည်။ မပြုလုပ်သင့် မကြံစီအပ်သော အမှုကို ၎င်းတို့ ကြံစီကာ ကာယကံမြောက် လွန်ကျူးခဲ့ကြသည်။ ကြီးမားသော အ,မင်္ဂလာအမှုကို ပြုလုပ်ရက်လေခြင်း။ မည်သူတို့ ပြုလုပ်ကြသနည်း ဆိုသည်ကို ကာယကံရှင်တို့သာလျှင် သိကြပေလိမ့်မည်။ သို့သော် ၎င်းတို့ ဖျောက်ဖျက်၍ ဘယ်သောအခါမှရမည် မဟုတ်သည်က ဆရာတော်ကြီး လူ့လောကအတွင်း အသက်ရှင်နေထိုင်စဉ် မိန့်ကြား ကျင့်ကြံခဲ့သော မေတ္တာတရား၏ အစွမ်းတန်ခိုးများပင် ဖြစ်သည်မဟုတ်ပါလား။
မြန်မာနိုင်ငံ၏ ဗုဒ္ဒဘာသာသမိုင်းတွင် သာမညဆရာတော်ကြီး၏ စွမ်းဆောင်မှု သာသနာ့မှတ်တိုင်ကို ဘယ်သောအခါမှ ၎င်းတို့သည် ဖြိုဖျက်၍ ရမည်မဟုတ်။ အေးမြသော “ဓမ္မ”ရေစင်သည် ပူလောင်ကျွမ်းနေသော “အဓမ္မ”မီးကို လူ့သမိုင်း အဆက်ဆက်တွင် အစဉ်ငြိမ်းချမ်းစွာ အနိုင်ယူစမြဲ မဟုတ်ပါလော။
သို့သော် အချိန်ကာလတခုကိုတော့ ဖြတ်သန်းရစမြဲ။ ကျနော် သာမညဆရာတော်ကြီးနှင့် ဆုံတွေ့ခဲ့သော ကာလသည်ပင် ယခုဆိုလျှင် နှစ်ပေါင်း နှစ်ဆယ်ကျော် ကြာမြင့်ခဲ့လေပြီ။ သို့သော် ဆရာတော်ကြီး ကျနော့်ကို ပြုံးပြခဲ့သော အပြုံးသည် ကျနော့်ရင်၌ ထင်ဟပ်ကာ အသက်ရှင်နေဆဲ။ ဆရာတော်ကြီး ကျနော့်အား တည်ကြည်လေးနက်စွာ မိန်ကြားခဲ့သော စကားသံကို ကြားယောင်မိနေဆဲ။
“မင်းတို့ ခရစ်ယာန်တွေမှာလည်း မေတ္တာတရားဟာ အရေးကြီးဆုံး မဟုတ်လား”
“အေး… ငါတို့ ဗုဒ္ဓဘာသာတွေလည်း မေတ္တာတရားဟာ အရေးကြီးဆုံးပဲ“
လူအချင်းချင်း သတ္တ၀ါအချင်းချင်း မေတ္တာတရားထားကြဖို့ဆိုတာ အရေးအကြီးဆုံး မဟုတ်ပါလား။
သြဂုတ် ၁၈၊ ၂၀၀၉