>No Change in Burma under Burmese Military Regime

>

ရန်ကုန်ရှုခင်း – စက်တင်ဘာ ဒုတိယပတ်

လမ်းလျှောက်ဂျာနယ်လစ်

စက်တင်ဘာ ၁၇၊ ၂၀၀၉

အကြွေတောင် မအမ်းနိုင်တဲ့ နအဖ – အစိုးရတရပ် လို့ ခေါ်ဆိုနိုင်ပါ့မလား၊ ငွေစက္ကူအစုတ်ကို ပလတ်စတစ်အိတ်စွပ် သုံး နေရတဲ့ ခေတ်ကြီးမှာ

လွန်ခဲ့တဲ့ နှစ်အနည်းငယ် ကတည်းက အကြွေ ငွေစက္ကူတွေ တဖြည်းဖြည်းနဲ့ ရှားပါးလာနေပြီး အကြွေရဖို့အတွက် တသိန်းကို ၂ထောင် ၃ထောင် အလိုက်ပေးပြီးလဲလှယ်ကြရာကနေ ယခုနှစ်မှာတော့ ၅၀ ကျပ်တန် ၁၀၀ကျပ်တန် တွေဟာ တော်တော့ကို ရှားပါးပစ္စည်း ဖြစ်လို့လာနေပါပြီ၊

အကြွေရှားပါးတာကြောင့် ဘတ်စ်ကားစီးတဲ့အခါမှာ ကားစပယ်ယာနဲ့ ခရီးသည်အကြား ကတောက်ကဆ အမြဲကြုံတွေ့ရပါတယ်။ ခရီးသည်က ကားခ ၂၀၀ ကျပ်ပေးဖို့ရာ ၁ထောင်တန်ကို ပေးတဲ့အခါ ကားစပယ်ရာက တရာကျပ်တန်မပါဘူးလား လို့ပြန်မေးပါတယ်။ အဲဒီအခါ ခရီးသည်မှာ တရာ ကျပ်တန် မပါရင် စပယ်ရာ လုပ်သူက အကြွေးအနေနဲ့ ထားလိုက်ပြီး ကားပေါ်မှ မဆင်းခင် ရှိလျင်ပြန်အမ်းပြီး မရှိတဲ့အခါ သော်လည်းကောင်း ခရီးသည်က မေ့သွားတဲ့အခါ သော်လည်းကောင်း ခရီးသည်ဘက်က နစ်နာကြရတာ နေ့စဉ် ဖြစ်ပျက်နေကြ အဖြစ်အပျက်တွေပါ။

အစိုးရက မကြာမီလပိုင်းက ကျပ် ၂၀၊ ၅၀၊ ၁၀၀၊ ၂၀၀ တန်အဟောင်းအနွမ်း တွေကို အသစ်နဲ့ လဲလှယ်ပေးမယ် လို့ကြေငြာခဲပါတယ်။ လူတယောက်ကို အရွက် ၂၀ ကန့်သတ်ထားပါတယ်။ သီးခြား ၅၀၀ကျပ်တန်၊ ၁၀၀၀ ကျပ်တန်နဲ့ အကြွေကို လဲလှယ်ပေးတာ မဟုတ်ပဲ ရှိပြီးသား အဟောင်းကို အသစ်နဲ့ လူတဦး ရွက်ရေ ၂၀သာ လဲပေးတာပါ။

ယခုဖြစ်နေတဲ့ ပြဿနာက ဟောင်းနွမ်းလို့ လူတွေအကြား ယူတဲ့ မယူတဲ့ ပြဿနာမဟုတ်တော့ပဲ အကြွေကိုယ်၌က မရှိလို့ ငွေစက္ကူ အကြွေအစား လက်သုပ်တဲ့ စက္ကူ၊ သကြားလုံး စတဲ့ ပစ္စည်းတွေကို ပေးနေကြတဲ့ ခေတ်ကိုရောက်နေတာပါ။

မကြာမီက နယ်မြို့တမြို့ကိုရောက်တဲ့အခါ ဂျာနယ် နှစ်စောင်ဝယ်ရာမှာ ကျပ် ၉၀၀ ကျသင့်ပြီး ၁ထောင်တန် ပေးတဲ့အခါ ၁ရာကျပ် ပြန်အမ်းဖို့ မရှိလို့ လယ်ယာ စီးပွား ဆိုတဲ့ ရက်လွန် ဂျာနယ် တစောင်ကို ၁ရာကျပ် သတ်မှတ်ပြီးပေးလိုက်ပါတယ်။

အဲဒီလိုပဲ နယ်မြို့တွေမှာ တစ်ရာတန် နှစ်ရာတန် ရှားပါးတဲ့အတွက် ဈေးတွေမှာ ဟင်းရွက်၊ အသားငါးဝယ်တဲ့အခါ ပြန်အမ်းစရာ အစွန်းထွက်ကို ပစ္စည်းကိုပဲ တန်ဖိုးတွက်ပြီး ပေးနေကြတာ အတော်ကြာပါပြီ။

တနသာင်္ရီ၊ ရခိုင်တို့လို နယ်မြို့တွေမှာ ဆိုရင် ရာတန်၊ ၅၀တန် အစုတ်တွေကို ပလပ်စတစ်အိတ်နဲ့ ထည့်သွင်းပြီး သုံးစွဲနေရတဲ့ အခြေအနေ ရောက်နေပါပြီ။ အချို့ကတော့ အဟောင်းအနွမ်းတွေကို သာမကပဲ ငွေစက္ကူ အကြွေ အသစ်တွေကိုပါ စသုံးစဉ်ကတည်းက ပလပ်စတစ် အိတ်နဲ့ ထည့်သွင်းသုံးစွဲနေကြပါပြီ။

ယခုတလော ရန်ကုန်မှာ ကြုံတွေ့ရတာကတော့ ဆူပါမားကက်လို လက်လီစတိုးဆိုင်တွေက သူတို့ ဆိုင်တံဆိပ်နဲ့ ကူပွန်လက်မှတ်တွေ ပြန်အမ်းခြင်းပဲ ဖြစ်ပါတယ်။ စိန်ဂေဟာ စတိုးကဆိုရင် ၅၀ကျပ်တန်၊ ၁၀၀ ကျပ်တန် ကူပွန်တွေရိုက်နှိပ်ထားပြီး အမ်းနေတာကို တွေ့မြင်နေရပါတယ်။ အခုလို အခြေအနေကို အစိုးရကသိရင် ကူပွန်ထုတ်ခွင့် မရှိဘူးဆိုပြီး လာရောက်တားမြစ်ဦးမလား မပြောတတ်ပါဘူး။

စဉ်းစားကြည့်ရင် အစိုးရတရပ်လို့ အမည်သာ ခံထားတဲ့နအဖ အစိုးရဟာ လူတွေ ငွေကြေး သုံးစွဲရာမှာ လွယ်ကူအောင် ငွေစက္ကူတောင် မရိုက်ပေးနိုင်တော့ပါဘူး၊ ၁၀၀၀ ကျပ်တန်ကလွဲရင် ကျန်တဲ့ ငွေစက္ကူတွေ အသစ်တွေ့ရခဲလာ နေပါတယ်။ ၁၀၀၀ကျပ်တန် တောင်မှ တရွက်ကို ရိုက်နှိပ်ရင် အရင်း ၉၅၀ ကျပ်လောက် ကုန်ကျတဲ့အတွက် နအဖ အစိုးရက သိပ်မရိုက်ချင်တော့ဘူး လို့ဝါဇီမှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိတဦးက ပြောဆိုပါတယ်။

ဒီအချက်ဟာ ငွေကြေးဖောင်းပွမှု ဘယ်လောက်လျင်မြန်နေသလဲဆိုတာကို ပြသနေတဲ့ အချက်တချက်လည်း ဖြစ်နေပါတယ်။

(ဓာတ်ပုံ – မိုးမခ၊ ၅၀၊ ၁၀၀ နဲ့ ၂၀၀ တန် ငွေစက္ကူများ၊ စိန်ဂေဟာက ကူပွန်အကြွေကမ်းပုံ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts