>Book Shelf from MoeMaKa – 2 books and 1 audio program

>

ဒီလထဲ သန်းရွှေကောက်ကြောင်းဖော်တဲ့ စာအုပ်များနဲ့ အသံကောက်နုတ်ချက်

စာအုပ်စင်သာဂိ

စက်တင်ဘာ ၁၇၊ ၂၀၀၉

(ကို)၀င်းပေါ်မောင်က ခိုးကူး၊ ပြောင်းကူး၊ အဝေးမြင်ဆိုပြီး မိုးမခမှာ ဆောင်းပါးတပုဒ်ရေးခဲ့တယ်။ များမကြာမီကပဲ။ ကိုယ်ထူကိုယ်ထ အခမဲ့ အီးဘုတ်တွေ စာဖတ်သူတွေကြား ပြန့်နှံ့လာတာဟာ စာရေးသူတွေ၊ စာပေထုတ်လုပ်ရေး လုပ်ငန်းနဲ့ စာပေအလုပ်သမားတွေကို ထိခိုက်စေသလားဆိုတဲ့ မေးခွန်းကို မေးထားတယ်။ ဥပမာဆောင်ထားတာက မြန်မာပြည်ရဲ့ ခိုးကူး၊ ခိုးဖြန့်ဈေးကွက်ကြောင့် ဂီတနဲ့ ဗီဒီယိုဈေးကွက် ကျဆင်းနေတာကို ထောက်ပြပါတယ်။ ပြည်တွင်းက စစ်အစိုးရမျက်စောင်း၊ စာပေကင်ပေတိုင်လက်စောင်းအောက်က အင်တာနက်နဲ့ လျှပ်စစ်မီးချို့တဲ့အားနည်းတဲ့ စာပေလုပ်ငန်းဟာ စာဖတ်သူပရိသတ်ရဲ့ ကြံ့ကြံ့ခံအားပေးနေမှုတွေကြောင့် စားဝတ်နေရေး ၀ဲသြဃကြီးထဲမှာ မနစ်မြုတ်ဘဲ ရုန်းကန်ကူးခတ်နေဆဲပါပဲ။ သို့သော်လည်း ပြည်ပစာပေလုပ်ငန်းကတော့ ဆင်ဆာမရှိသော လွတ်လပ်တဲ့ မိုးကောင်ကင်ကြီးအောက်မှာ ယခုမှ အစွမ်းကုန် ဖူးပွင့်တော့မယ်လို့ ဟန်ပြင်နေဆဲမှာတွင်ပင် အခကြေးငွေပေး၍ ၀ယ်ဖတ်သူ ဈေးကွက် လွန်စွာ ရှားပါးမှုကြောင့် အင်တာနက်၊ အီးမေးနဲ့ ကိုယ်ထူကိုယ်ထ အခမဲ့ဖြန့်ချိသူတွေကို အားကိုးပြီး အသက်ဆက်နေရတယ် လို့ ထင်မြင်မိကြောင်းပါ ခင်ဗျား။

ယခုဒီတပတ် ကောက်နုတ်ချင်တာကတော့ ပြည်တွင်းမှာ ဖတ်ရှုဖြန့်ချိရန် အင်မတန်ကြိုးစားလုံးပမ်းရမယ့် စာအုပ်အမျိုးအစား ဖြစ်ပါတယ်။ တိုင်းပြည်ကို ဖွတ်ဖွတ်ညက်ညက်ကြေအောင် ဖိနှိပ်သတ်ဖြတ်နှိပ်စက်ပြီး အုပ်ချုပ်နေသူ စစ်အာဏာရှင်ကြီး သန်းရွှေနဲ့ အပေါင်းအပါများအကြောင်း ဖော်ကောင်လုပ်၊ သရော်မော်ကားလုပ်ထားတဲ့ စာအုပ်တွေ ဖြစ်ပါတယ်။

ပထမ စာအုပ်ကတော့ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု – သုတေသနနှင့် မှတ်တမ်းဌာနက ထုတ်ဝေတဲ့ အီးစာအုပ်ဖြစ်ပါတယ်။ ကြပ်ပြေးနန်းတွင်းအရှုပ်တော်ပုံ အမှတ် ၁ – ၂၆ အမည်ရ ပါတယ်။ စစ်အာဏာရှင် သန်းရွှေနဲ့ မိသားစုဝင်တွေ၊ အပေါင်းအပါတွေရဲ့ တိုင်းပြည်အာဏာကို မည်သို့မည်ပုံ ဆက်လက်မောင်ပိုင်စီးပြီး အုပ်ချုပ်မင်းလုပ်နေပုံ အတွင်းရေးတွေကို စုဆောင်းတင်ဆက်ထားတာပါ။ အမှောင်ချထားတဲ့ တိုင်းပြည် – မြန်မာပြည်က စစ်အာဏာရှင်အုပ်စုတွေရဲ့ အတွင်းရေးတွေကို တရားဝင် အတည်ပြုတဲ့ သတင်းတွေအပြင် အခြားအတည်မပြုနိုင်တဲ့ ဇစ်မြစ်တွေကပါ ရယူပြီး စီစဉ်တင်ဆက်ထားတဲ့အတွက် ဖတ်ရှုလေ့လာသင့်တဲ့ စာအုပ်ဖြစ်ပါတယ်။ ဟောဒီနေရာကနေ ဖတ်ရှုနိုင်ပါပြီ။ http://www.scribd.com/doc/19824176/Burmese-New-History-Kyat-Pyay-Stories

ဒုတိယ စာအုပ်ကတော့ ကိုလူထွေး ဘလောဂ်က စီစဉ်တဲ့ အီးစာအုပ် ဖြစ်ပါတယ်။ ဘ၀တပါး – နတ်လူ ရိသည် လို့ ခေါင်းစဉ်က ပေးထားပါတယ်။ စစ်ဘီလူးကြီး သန်းရွှေကို သရော်တဲ့ နိုင်ငံရေးသရော်စာ တအုပ် ဖြစ်ပါတယ်။၎င်းက ၁၉၁၂ က ထင်ရှားတဲ့ ဂျာမန်စာရေးဆရာ ကတ်ဖကာရဲ့ စာကို ဖတ်ပြီးတော့ ဈာန်ဝင်စားပြီး ရေးတယ်လို့ ၀န်ခံထားပါတယ်။ ပထမ ညွှန်းတဲ့ စာအုပ်လို နိုင်ငံရေး သတင်းတွေ၊ အချက်အလက်တွေ၊ ကြုံရ ကြားရတာတွေကို စီကာပတ်ကုံး လုပ်ထားတာ မဟုတ်ဘဲ၊ ယခုစာအုပ်ကတော့ ပြည်တွင်းမှာ မျက်မွှေးထော် မော်လို့ မကြည့်ဝံ့တဲ့ စစ်ဘီလူးကြီး သန်းရွှေကို ချေးပိုးထိုးကောင်ကြီးအဖြစ် အသွင်ပြောင်းပြီး ရေးထားတဲ့ နိုင်ငံရေးသရော်စာဝတ္ထုလို့ ဆိုရမယ် ထင်ပါတယ်။ ဒီနေရာကနေ ဖတ်ရှုနိုင်ပါပြီ။ http://www.scribd.com/doc/19823969/Lu-Htwe-NatluuBawatapar-Burmese-Political-Fiction

မြန်မာပြည်၏ စစ်အာဏာရှင်များက လွတ်လပ်ခွင့်နှင့် တီထွင်ဖန်တီးခွင့်တို့ကို ကြီးလေးသော ပြစ်ဒဏ်များ၊ ဖိနှိပ်မှုများနှင့် အညွန့်တုံးစီရင်ထားသဖြင့် မျက်စိပိတ် နားပိတ်ခံ ပြည်သူလူထုမှာ ၎င်းတို့၏ အတွင်းစိတ်သဏ္ဍန်ကို ထင်ဟတ် ဖောက်ခွဲသော အနုပညာ၊ ရသ၊ တင်ဆက်မှုတို့ကို ငတ်မွတ်နေကြတာဟာ အလွန်ထင်ရှားတဲ့ အချက်ဖြစ်ပါတယ်။ ရေဒီယိုသတင်းတင် မကတော့ဘဲ ယခုလိုမျိုး တင်ဆက်မှုတွေကို အားပါးတရ ဖတ်ရှုလိုကြလိမ့်မယ်လို့ ကိုယ်ချင်းစာစိတ်နှင့် တွေးကြည့်နိုင်ပါတယ်။ ကိုဇာဂနာရဲ့ လက်စောင်းထက်တဲ့ သရော်ချက်တွေ၊ ဝေဖန်ချက်တွေကို ပြည်သူက အလွန်ချစ်ပြီး၊ စစ်အုပ်စုက မည်မျှ မျက်မုန်းကျိုးတယ်ဆိုတာ ယခု သူကျခံနေရတဲ့ ထောင်ဒဏ် အနှစ် ၅၀ ကျော် က သက်သေပြနေပါတယ်။

အဲသည်လို အချိန်မျိုးမှာ နောက်ထပ်ညွှန်းချင်တဲ့ ကောက်နုတ်ချက်ကတော့ စာအုပ်တအုပ် မဟုတ်ဘဲ အသံဖြင့်တင်ဆက်ချက် အစီအစဉ်တခု ဖြစ်ပါတယ်။ ငွေကြိုးဖြူ အငြိမ့်အဖွဲ့က ကိုအားမာန်စီစဉ်တဲ့ ၂၀၁၀ အကြို ဘောလုံးပွဲမြင်ကွင်းထုတ်လွှင့်ချက် ဖြစ်ပါတယ်။ တိုက်ရိုက်လေလှိုင်းကနေပြီး ဘောလုံးပွဲ မြင်ကွင်းတခုကို အစီရင်ခံနေတဲ့ ပုံစံမျိုးကို တင်ဆက်ထားတာ ဖြစ်ပါတယ်။ အာဏာရှင်ဘောလုံးအသင်းနဲ့ ဒီမိုကရေစီဘောလုံးအသင်းတို့ ၂၀၁၀ မတိုင်မီ အကြိုခြေစမ်းပွဲလို့ ပြောထားပါတယ်။ စစ်အုပ်စုနဲ့ အတိုက်အခံဒီမိုကရေစီ အင်အားစုတွေရဲ့ နိုင်ငံရေးတိုက်ပွဲ အခင်းအကျင်းကို ဘောလုံးပွဲစဉ်တခုပမာထားပြီး ထုတ်လွှင့်သွားတာမို့ သောတရှင်တွေအဖို့ ထိရောက်တဲ့ ဖျော်ဖြေမှုဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ နားဆင်ပါ။ http://sites.google.com/site/moemaka2010/home/program-files/NgweGyoPhyu-ArrMan-Soccer-Satire.mp3?attredirects=0

အမှတ်ရမိတာ တခုကတော့ ၁၉၉၀ ရွေးကောက်ပွဲအကြိုကာလက ထုတ်ဝေဖူးတဲ့ မန္တလေးသံဃသာမဂ္ဂီ စာစောင်တခု (ဥတ္တမ စာစောင် ထင်ပါရဲ့) မှာ ပုံနှိပ်ဖော်ပြဖူးတဲ့ သရော်စာ စာပြောင်တခု ဖြစ်ပါတယ်။ အဲသည်မှာလည်း စစ်အုပ်စုနဲ့ အတိုက်အခံတို့ တိုက်ပွဲကို ဘောလုံးပွဲသဏ္ဍာန် ပုံဖော်ထားခဲ့ပြီး အဲသည်တုံးက တန်ခိုးထွား ရမ်းကားခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေကို နံမယ်တပ်ပြီး သရော်ခဲ့တာကို ပြန်ပြီး အမှတ်ရမိပါသေးတယ်။

ကဲ … ကိုဝင်းပေါ်မောင်ရေ … ပြည်ပက ဝေမျှချင်တဲ့ စာအုပ်တွေ အစီအစဉ်တွေကတော့ အခုလို ကိုယ်ထူကိုယ်ထ တီထွင်ဖန်တီးပြီး အခမဲ့ လက်ဆင့်ကမ်းကြမှပဲ စိတ်ပါဝင်စားသူ ပရိသတ်ကြီးဆီ အရောက်ပို့ဆောင်နိုင်မှာ ဆိုတော့ စာရေးသူတွေ၊ စီစဉ်သူတွေအတွက် ဉာဏ်ပူဇော်ခတွေ အကျိုးဆောင်ခတွေ မပေးနိုင်သော်ငြား ပရိသတ်ကြီးရဲ့ ချစ်ခင်အားပေးမှု လက်ဆင့်ကမ်း ဖြန့်ချိပေးမှုတွေကိုသာ စားသုံးပြီးတော့ – ပီတိကို စား၊ အားရှိပါ၏ ပဲ လုပ်ကြရတော့မယ် ထင်ပါရဲ့ဗျာ။ သာဓု သာဓု ပါ ခင်ဗျား …


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts