>Bomb blasts in Rangoon, unsolved mystry of Burma

>

ရန်ကုန်ရှုခင်း – စက်တင်ဘာ ဒုတိယပတ်

လမ်းလျှောက်ဂျာနယ်လစ်

စက်တင်ဘာ ၁၇၊ ၂၀၀၉

ရန်ကုန်မှာ ဗုံးပေါက်ပြန်ပြီ၊ အပြင်ကလား အစိုးရပဲလား၊ လက်သည်မပေါ်တဲ့ ဗုံးသံသရာ

မနေ့ညက ရန်ကုန်မြို့ အနောက်မြောက်ပိုင်း လှိုင်သာယာမြို့နယ် ရန်ကုန် ပုသိမ်ကားလမ်း နဘေး ပုဂ္ဂလိကပိုင် အကြီးစား ယန္တရားတွေထားရှိရာ နေရာအနီးနဲ့ ရွှေပေါက်ကံ စက်မှုဇုန်တို့မှာ ဗုံး ၅လုံးထက်မနည်း ပေါက်ကွဲ ခဲ့တယ်လို့ ယနေ့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။

လှိုင်သာယာ ဘုရင့်နောင် တံတားအနီး နေထိုင်သူ တဦးကတော့ နံနက်အိမ်ကထွက်လာတဲ့ အထိ ဗုံးပေါက်မှန်းကို တောင်မသိခဲ့ရဘူးလို့ ဆိုပါတယ်။ ထို့အတူပဲ လှိုင်သာယာ ကျန်စစ်သား အိမ်ရာမှာ နေထိုင်သူ တဦးကလည်း ညက အဖြစ်ကို မသိရှိလိုက်ဘူး လို့ပြောပါတယ်။

ယခုလို ဗုံးတွေပေါက်တာကို ရန်ကုန်လူထုကတော့ အစိုးရက နိုင်ငံရေး အာရုံပြောင်းချင်လို့ပဲလား၊ လုံခြုံရေး တပ်လှန့်ချင်လို့ ပဲလားလို့ ယူဆကြပါတယ်။ နအဖ အစိုးရဟာ အမြဲတန်း အတိုက်အခံ နိုင်ငံရေး သမားတွေကို စွပ်စွဲချင် အမှုဆင်ချင်ရင် ယခုလို ဗုံးပေါက်မှုတွေနဲ့ ဆက်စပ်ပြီး ဇာတ်ညွှန်း ရေးကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်လေ့ရှိပါတယ်။

၂၀၀၅ ခုနှစ်က ရန်ကုန်မြို့ရဲ့ လူစည်ကားတဲ့နေရာ ၃နေရာမှာ တပြိုင်နက်ထဲနီးပါး ပေါက်ကွဲခဲ့တဲ့ ဗုံးကြောင့် လူဆယ်ဂဏန်းနဲ့ ချီကာသေဆုံးပြီး၊ ရာဂဏန်းကျော် ဒဏ်ရာရခဲ့တဲ့ အဖြစ်ကိုလည်း ယခုအချိန်ထိ လက်သည် တရားခံ မရှာနိုင်ခဲ့ပါဘူး၊ မဲဆောက် အခြေစိုက် အက်ဖ် ဒီဘီ အဖွဲ့လို့သာ ရောချခဲ့ပါတယ်။

ယခုတကြိမ် ဗုံးကွဲတဲ့ အဖြစ်ဟာလည်း ရန်ကုန်လူထုကို လုံခြုံရေး တင်းကြပ်ထားပြီး လာမယ့် ၂၆၊ ၂၇ရက်နေ့တွေမှာ ကျရောက်မယ့် ရွှေဝါရောင် တော်လှန်ရေး နှစ်နှစ်မြောက် နှစ်ပတ်လည်နေ့တွေမှာ လူထု လှုပ်ရှားမှု လုံးဝမပေါ်ထွက်လာနိုင်အောင် ကြိုတင် ဖိထားလိုတာ ကြောင့်ဖြစ်လိမ့်မယ် လို့ ရန်ကုန်မြို့ခံ တချို့က သုံးသပ်နေကြပါတယ်။

(ဓာတ်ပုံ – မိုးမခ၊ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တွင် တွေ့ရသော လုံထိန်းရဲများ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts