>Yangon Police Chief Win Naing & Burmese Vicious Bribe Circle

>

ရန်ကုန်ရှုခင်း – စက်တင်ဘာ ဒုတိယပတ်

လမ်းလျှောက်ဂျာနယ်လစ်

စက်တင်ဘာ ၁၇၊ ၂၀၀၉

ရဲက လာဘ်စားရင် ရဲကို ဘယ်သူဖမ်းမလဲ – ရဲ၊ စီအိုင်ဒီ နဲ့ အက်စ်ဘီ စားခွက်လုအရှုပ်တော်ပုံ

ရန်ကုန်တိုင်း ရဲမှူးကြီး ၀င်းနိုင်ကို လွန်ခဲ့တဲ့ တစ်လ ၀န်းကျင်ကတည်းက လာဘ်စားမှု၊ အာဏာ အလွဲသုံးမှုများနဲ့ အထက်က ခေါ်ယူစစ်ဆေး နေတဲ့သတင်းများ ထွက်ပေါ်နေခဲ့ပြီး အမှုစစ်ဆေးဆဲ အနေအထားနဲ့ နေထိုင်နေခဲ့တယ်လို့ ကြားသိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလေးမှာတော့ ကျောက်ဆည်မှာ သူစီးတဲ့ ကားကိုထားခဲ့ပြီး တိမ်းရှောင်သွားခဲ့ပါတယ်။ သူ့နောက်ကို ရဲတွေက လိုက်နေရင်းနဲ့ ပျောက်သွားတာလို့ ဆိုပါတယ်။ မနေ့တနေ့က တော့ အမှုစစ်ဆေးနေဆဲ ကနေ တိမ်းရှောင်သွားတဲ့ ရဲမှူးကြီး ဟောင်းကို ပုဂံမှာ ပြန်မိပြီလို့ ကြားသိရပါတယ်။

ရန်ကုန်တိုင်း ရဲမှူးကြီး ၀င်းနိုင်ဟာ ၂၀၀၇ ခု စက်တင်ဘာ အရေးအခင်း အပြီးမှာ တိုင်းရဲမှူးကြီး ဖြစ်လာသူပါ။ အရေးအခင်း ဖြစ်စဉ်က တိုင်းရဲမှူး တာဝန်ယူထားသူဟာ အသက်အရွယ်ကြီးပြီး သံဃာ့ အရေးအခင်းကို နှိမ်နှင်းရာမှာ တက်တက်ကြွကြွ မလုပ်နိုင်ခဲ့ဘူး လို့ ထိုစဉ်ကပေါ်ထွက် ခဲ့တဲ့ သတင်းတွေအရ ကြားသိခဲ့ရပါတယ်။

ယခု အဖမ်းခံလိုက်ရတဲ့ ရဲမှူးကြီးဟာ သူ့လက်အောက် ငယ်သားတွေ အပေါ်မှာတော့မျှမျှတတ ဝေစားတဲ့ အထက်လူကြီး တယောက်အဖြစ် နားလည်ကြပြီး ယခုလို ပြဿနာတက်ရတာဟာ သူ့ဇနီးဖြစ်သူက ယောက်ကျားလုပ်သူရဲ့ နောက်ကွယ်မှာ လာဘ်စားပြီး အမှုကိစ္စတွေကို ရှင်းလင်းပေးခဲ့တာ၊ အဲဒီလို အမှုကိစ္စ တွေကိုရှင်းလင်းရာမှာ လက်အောက် သက်ဆိုင်ရာ ရဲတွေ ငယ်သားတွေကို မျှဝေမပေးဘူးလို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ အမည် မဖေါ်လိုတဲ့ ဒုရဲအုပ်တယောက်က ပြောပါတယ်။

ရဲမှူးကြီးရဲ့ ဇနီးက ပုဇွန်တောင်ဈေးရှေ့မှာ အလှပြင်ဆိုင် ဖွင့်ထားတယ်လို့လည်း သိရပါတယ်။ ရန်ကုန်တိုင်း ရဲမှူးတာဝန်ယူရသူဟာ လုပ်ပိုင်ခွင့်အရရော စီးပွားရေးအရပါ အရေးပါဆုံး တိုင်းတတိုင်းကို ကိုင်တွယ်ရတာဖြစ်ပြီး တာဝန်ယူစဉ်ကာလမှာ အခြား အခြားသော အရာရှိကြီးများကဲ့သို့ပဲ ငွေကြေး အကျိုးအမြတ် ကိုရသလောက် ရှာကြစုကြတာ ကိုတွေ့ရပါတယ်။

မကြာခင်ကရှရှားပြန် စစ်ဗိုလ်လူထွက်တွေ ကို ပတ်စ်ပို့ လုပ်ပေးမိတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒါဇင်နဲ့ချီတဲ့ ပတ်စ်ပို့ ပွဲစားတွေ နဲ့အတူ မြန်မာ နိုင်ငံကူး လက်မှတ်ထုတ်ပေးရေး အဖွဲ့ရုံးမှ ရဲဝန်ထမ်းတွေပါ အဖမ်းခံခဲ့ ကြရပါတယ်။

ဒီအဖြစ်အပျက်မှာ စစ်ဆေးဖမ်းဆီးသူတွေဟာ စီအိုင်ဒီနဲ့ စသုံးလုံး အဖွဲ့တို့မှ ဖြစ်ပါတယ်။ ၂၀၀၂-၃ မတိုင်မီက ပတ်စ်ပို့ထုတ်ပေးရေးမှာ ထောက်လှမ်းရေး၊ စသုံးလုံး၊ စီအိုင်ဒီတို့ဟာ အက်စ်ဘီရဲ အဖွဲ့နဲ့အတူ ပါဝင်ခဲ့ကြပေမယ့် အဲဒီနောက်ပိုင်း ရဲကသာ တာဝန်ယူ စိစစ်ထုတ်ပေး ခဲ့ပါတယ်။

ပတ်စ်ပို့ ထုတ်ပေးရေး ဘုတ်မှာပါဝင်ခွင့် မရတော့တဲ့ စသုံးလုံး၊ စီအိုင်ဒီတို့ဟာ ငွေကြေးအကျိုး အမြတ်မရကြတော့ပဲ ရဲတွေကပဲ ရကြတာမို့ အက်စ်ဘီ ရဲတွေအပေါ် အခြားအဖွဲ့တွေက အငြှိုးထား နေခဲ့တယ်လို့ ပတ်စ်ပို့ ပွဲစားတဦးက ပြောပါတယ်။ အဆိုပါ ကိစ္စကို စစ်ဆေးကိုင်တွယ်ရာမှာ စသုံးလုံးနဲ့ စီအိုင်ဒီကို တာဝန်ပေးအပ်ခဲ့တယ် လို့အဖမ်းမခံရတဲ့ ပွဲစားတချို့က ပြောဆိုပါတယ်။

ဒါကြောင့် နိုင်ငံတော် လျှို့ဝှက် အချက်အလက်တွေ ပေါက်ကြားပြီးနောက် ပတ်စ်ပို့ရုံးကို စုံစမ်း စစ်ဆေးရမယ့် ကိစ္စဖြစ်လာတဲ့အခါ စသုံးလုံးနဲ့ စီအိုင်ဒီက ရဲတွေကိုလက်စားချေခွင့် ရခဲ့တဲ့သဘောလို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအုပ်တဦးက ဆိုပါတယ်။

နအဖ အစိုးရဟာ ၂၀၀၄ ခုနှစ် စစ်ထောက်လှမ်းရေး တွေကို နှိပ်ကွပ်ပြီးနောက်မှာ မြို့တွင်း လုံခြုံရေး ကိစ္စ အ၀၀နဲ့ ပတ်သက်လာရင် ရဲကိုပိုမို အားကိုးလာပါတယ်။ မြို့တွင်းအဓိကရုဏ်း နှိမ်နှင်းရေးမှာ၊ သတင်းအချက်အလက် ထောက်လှမ်းရာမှာ ရဲတွေက ပိုမိုပါဝင်ခွင့်ရလာပြီး လုပ်ပိုင်ခွင့် စားပိုင်ခွင့်လည်း ပိုမိုရလာခဲ့တာဖြစ်ပါတယ်။ စစ်ထောက်လှမ်းရေး ကိုပြန်လည် မကြီးထွားစေချင်တဲ့ အတွက် ရဲကိုလုပ်ပိုင်ခွင့် ပိုပေးအပ်ခဲ့တာပါ။ အဲဒီအကြောင်းကြောင့်လည်း ရဲတွေဟာ ယခင်က စစ်ထောက်လှမ်းရေးတွေ လုပ်ကိုင်ခဲ့ကြတဲ့ အနှိပ်ခန်း၊ ကာရာအိုကေ တို့လိုလုပ်ငန်းတွေနဲ့ ပတ်သက်ဆက်နွယ်လာခဲ့ တာဖြစ်ပါတယ်။

ယခုအဖမ်းခံလိုက်ရတဲ့ ရန်ကုန်တိုင်း ရဲမှူးကြီးဟာလည်း ထောက်လှမ်းရေးလွန်ခေတ်မှာ လုပ်ပိုင်ခွင့်တွေ၊ ငွေကြေးအကျိုးစီးပွားတွေနဲ့ ရက်ယှယ် ရှုပ်ထွေးပြီး ဒီလို အဖြစ်ဆီသို့ ရောက်ရှိခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဥပဒေအရ ခွင့်ပြုထားခြင်း မရှိတဲ့ အနှိပ်ခန်း တပိုင်း ပြည့်တန်ဆာ တပိုင်းလို နေရာမျိုးတွေ၊ မိန်းကလေးတွေ အဖွဲ့လိုက် စင်ပေါ်လမ်းလျှောက်ပြီး သီချင်းဆို ကပြကြတဲ့ စင်တင်တေးဂီတ စားသောက်ဆိုင်တွေဟာ ရဲတွေ၊ ထောက်လှမ်းရေးတွေကို ငွေကြေးနဲ့ သတင်းအချက်အလက် ထောက်ပံ့ရာ နေရာတွေဖြစ်နေတာပါ။ အခြားဒီမိုကရေစီနိုင်ငံတွေမှာ မာဖီးယားဂိုဏ်းတွေနဲ့ လူဆိုးဂိုဏ်းတွေက ဒီအလုပ်ကိုလုပ်ပေမယ့် မြန်မာနိုင်ငံမှာ လူဆိုးဂိုဏ်းလည်းမရှိ၊ မာဖီးယား ဂိုဏ်းလည်းမရှိ ရဲနဲ့ ထောက်လှမ်းရေးသာ ထိုသူတွေနေရာကို ၀င်ယူပြီး လုပ်ကိုင်စားသောက်နေကြပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts